ဝမ်းမြောက်ဝမ်းသာကြိုဆိုလိုက်ပါသည်

 

ဝမ်းမြောက်ဝမ်းသာကြိုဆိုလိုက်ပါသည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ နဲ့ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှ စတင်ပြီး အာဏာတည်ကြောင်း လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တယ်လို့ သတင်းမှာနားထောင်လိုက်ရပြီး ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းလိုက်တဲ့ သတင်းတွေကိုလည်းတွေ့ရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ၃၈၅ မှာ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက် ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။” ပုဒ်မ ၃၈၆ မှာ “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ စစ်ပညာသင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်”လို့ ပြဋ္ဌာန်း ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့နိဒါန်းပိုင်းမှာ “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူ သည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်ရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်း ရခြင်းဖြစ်ကြောင်း”လို့ ဖော်ပြထားတာကိုတွေ့ရပါ တယ်။

စစ်မှုထမ်းဆောင်ခြင်းနဲ့ပတ်သက်ပြီး ပထမမြန်မာနိုင်ငံကိုတည်ထောင် ခဲ့တဲ့ အနော်ရထာမင်းကြီး လက်ထက်မှာ ဆယ်ပြုမြို့၊ ရာပြုမြို့၊ ထောင်ပြုမြို့တွေ ခွဲခြားသတ်မှတ်ပြီး စစ်မှုထမ်းစေတယ်လို့သိရပါတယ်။ အဲ့ဒီခေတ်ကတည်းက အရွယ်ရောက်ပြီးသူ လူငယ်တွေအားလုံးဟာ လူကြီးမိဘတွေရဲ့အစီအစဉ်နဲ့ကိုယ်ခံ ပညာတွေသင်ကြားကြရပြီး ဘုရင်က လိုအပ်လို့ ဆင့်ခေါ်တဲ့အခါ စစ်မှုထမ်းဖို့အဆင်သင့်ဖြစ်အောင် ပြင်ဆင် ထားကြကြောင်းလေ့လာသိရှိရပါတယ်။ မြန်မာဆိုတာ ရှေးယခင်ကတည်းက စစ်သံကြားရင် အိုးစားဖက်ကို ကိုယ်တိုင်လိုက်ရှာပြီး မကြောက်မရွံ့ နောက်မတွန့်တတ်တဲ့လူမျိုးတွေဖြစ်ကြောင်း သိသာထင်ရှားပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဧပြီလ ၅ ရက်နေ့က ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်းမှာ “မြန်မာပြည် လွတ်လပ်ရေးရတဲ့အခါမှာ မြန်မာပြည်ကိုကာကွယ်ဖို့ မြန်မာတွေရဲ့အဓိက တာဝန်ဖြစ်တယ်။ ဟိုတုန်းကလို အေးအေးဆေးဆေးမဖြစ်တော့ဘူး။ တိုင်းပြည်ကာကွယ်ဖို့ စစ်သားတွေလို လာမယ်။ အဲ့ဒီအခါ မြန်မာတိုင်း၊ အရွယ်ရောက်သူတိုင်း၊ ကျန်းမာရေးနှင့် ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့ လုပ်ရမယ်။ ခင်ဗျားတို့ တိုက်ချင်လည်းတိုက်ရမယ်၊ မတိုက်ချင်လည်းတိုက်ရမယ် ဒါမှလွတ်လပ်ရေးတာဝန် ကျေမယ်”လို့ အမြော်အမြင်ကြီးစွာ ပြောကြားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ကာကွယ်ရေးအင်အားတိုးတက်လာဖို့ လူငယ်တွေ တာဝန်ထမ်းဆောင်ဖို့လိုအပ်ပါတယ်။ ဒါတင်မကနှစ်ကာလတစ်ခုအကြာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကင်းမဲ့အောင် မှိုင်းတိုက်ခံရမှုတွေကြောင့် စိတ်ဓာတ်ပျက်ပြား နေကြတဲ့လူငယ်တွေကို ပြန်လည်ပြုပြင် ထိန်းကျောင်းတည့်မတ်ဖို့လည်း အရေးပေါ်လိုအပ်နေပါတယ်။ တပ်မတော်နဲ့ ပြည်သူကြား သွေးခွဲသပ်လျှိုမှုတွေကြောင့် စည်းလုံးညီညွှတ်မှု အားနည်းလာတာကိုလည်း ကုစားဖို့လိုအပ်ပါတယ်။ ဒါတွေအားလုံးကို ဖြည့်စွမ်းနိုင်တာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေပဲဖြစ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ လူငယ်တွေကို တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်လို့ အသက်အရွယ်အရ ခွဲခြားသတ်မှတ်ပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ပေးခဲ့တာကို သတိရမိပါတယ်။ တက္ကသိုလ်ကျောင်းသားလူငယ်တွေ ကျောင်းပိတ်ချိန်မှာ “အ” သုံးလုံး လုပ်အားပေးလုပ်ငန်းတွေဆောင်ရွက် ခဲ့ကြောင်း ဆရာကြီးဦးသုခရဲ့ “ဘယ်သူပြိုင်တော့လှပါတော့နိုင်”ဇာတ်ကားက အဲ့ဒီခေတ်ကို ထင်ဟပ်ပါတယ်။ အဲ့ဒီကာလမှာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွေမှာ ပင်ပင်ပန်းပန်း၊ ပျော်ပျော်ပါးပါးလုပ်အားပေးခဲ့ကြတဲ့ လူငယ်တွေ အများကြီးပါပဲ။ လက်ကိုင်တယ်လီဖုန်းတွေလည်း မရှိသေးတဲ့ခေတ်မှာ လူငယ်တွေရဲ့နွေရာသီတွေဟာ အများအကျိုးပြုလုပ်ငန်းတွေနဲ့ အလွန် တန်ဖိုးရှိခဲ့ပါတယ်။

လုပ်အားပေးမသွားရတဲ့ လူငယ်တွေကို သင်တန်းတွေအမျိုးမျိုး တက်စေပြီး အသိပညာတွေရရှိအောင် ဆောင်ရွက်ပေးကြပါတယ်။ လူငယ်သင်တန်းတွေမှာ ဌာနဆိုင်ရာအသီးသီးကလူငယ်တွေကို တလေးတစားနဲ့ သူတို့ဌာနအကြောင်းလာပြောပြကြပါတယ်။ ဆယ်တန်းအောင်သွားတဲ့ လူငယ်တွေကလည်း သင်တန်းမှာ သိခဲ့ရတဲ့ဌာနဆိုင်ရာအသီးသီးထဲက ကိုယ်စိတ်ဝင်စားရာဌာနကိုရွေးပြီး လုပ်အားပေးအဖြစ်တာဝန်ထမ်းဆောင်ကြပါတယ်။ ဌာနကလူကြီး တွေကလည်း လူငယ်တွေကိုသိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်တဲ့ ရုံးလုပ်ငန်း တွေကို သင်ပေးကြပါတယ်။ ဆယ်တန်းအောင်ပြီး ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေကြတဲ့သူတွေကို ရှက်စရာလို့ အချင်းချင်းကယူဆကြပါတယ်။

အခြေခံပညာကျောင်းတွေမှာ အလယ်တန်းအဆင့်ကစပြီး တစ်ပတ်ကိုနှစ်ချိန် အခြေခံစစ်ပညာသင်ခဲ့ကြ ရပါတယ်။ လေ့ကျင့်ရေးကွင်းထဲမှာ ဘယ်လှည့်၊ ညာလှည့်မှားလို့ ရယ်ကြရတာအမောပါပဲ။ စစ်မှုထမ်းဟောင်း အဖွဲ့က ဆရာကြီးတွေက စိတ်ရှည်ရှည်နဲ့ သင်ပေးခဲ့ကြပါတယ်။ တမိန့်နာခံတတ်ဖို့ကိုလည်း လေ့ကျင့်ပေး ခဲ့ပါတယ်။ သတိ၊ သက်သာ၊ အေးစေ သင်ခန်းစာကိုအချိန်ယူပြီး တစ်ယောက်ချင်းလိုက်ကြည့်ပြီး စိတ်ရှည်ရှည် သင်ပေးတဲ့အတွက် ဒီသင်ခန်းစာပြီးရင် ကိုယ်နေဟန်ထားမမှန်တဲ့သူတွေ ကိုယ်နေဟန်ထားတွေမှန်သွားပါတယ်။ စုဝေးကွင်းမှာ နိုင်ငံတော်အလံအလေးပြုတဲ့အခါ၊ နိုင်ငံတော် သီချင်းဆိုကြတဲ့အခါ စနစ်ကျနဖို့ အများကြီး အထောက်အကူပြုပါတယ်။ အမိန့်ပေးသံကိုနားထောင်ပြီး လိုက်နာတတ်တဲ့သူတွေလည်းဖြစ်လာပါတယ်။ ဒီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူငယ်တွေက ဒီနေ့မှာ တာဝန်ကြီးတွေထမ်းဆောင်နေကြတဲ့ သက်ကြီးပိုင်းတွေကို ရောက်ရှိနေ ကြပါပြီ။ ဒါပေမဲ့ စည်းကမ်းရှိတဲ့၊ စနစ်ကျတဲ့၊ တာဝန်သိတဲ့၊ အသင်းအဖွဲ့စိတ်ရှိ တဲ့၊ နိုင်ငံတော်ကိုချစ်ကြတဲ့သူတွေဖြစ်နေကြတာတော့ အသေအချာပါပဲ။

မိဘတွေအများစုရဲ့စိတ်ဝင်စားမှုက ခေတ်အလိုက်ပြောင်းလဲလာပြီး စာဆိုစာကိုပဲသင်ရမယ်။ ကျက်ရမယ်။ ပထမရရမယ်။ ဆေးကျောင်းဝင်ရမယ်စတဲ့ ဖိအားတွေက ကလေးတွေအပေါ်များလာတဲ့အခါ အရင်ကလို ဘက်စုံတိုးတက်အောင်လေ့ကျင့်ပေးမှု တွေနဲ့ ကင်းကွာလာခဲ့ပါတယ်။ မိဘတက်စေချင်တဲ့ကျောင်းကိုသာ တက်ခဲ့ရတဲ့ အတွက် လူငယ်တွေကလည်း သူတို့တာဝန်ရယ်လို့ ဘာကိုမှသဘော မထားတော့ဘဲ မိဘတွေတက်စေချင် တဲ့ကျောင်းကိုတက်ရတာမို့ မိဘတွေမှာသာ အားလုံးတာဝန်ရှိတယ်လို့ ယူဆလိုက်တဲ့အခါ အရည်အသွေးနည်းတဲ့ လူငယ်တွေအဖြစ် ကြီးပြင်းလာကြပြီး ခံယူချက်မဲ့သူ၊ သွေးဆောင်ရာလိုက်ပါသူတွေဖြစ်လာကြပါတယ်။

ရပ်ကွက်ထဲက ဇယ်တောက်ခုံနဲ့ ဘိလိယက်ခုံတွေမှာ အချိန်မရွေးလူငယ် တွေနဲ့ပြည့်နေလို့ သူတို့အတွက်ရော နိုင်ငံအတွက်ပါ စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။ လူငယ်တွေမှာ အချိန်တွေကို သုံးစရာ သင့်လျော်တဲ့နေရာမရှိတဲ့အတွက် အသက်ငယ်ငယ်နဲ့ တရက်၊ မူးယစ်ဆေးစတာတွေသုံးစွဲပြီး ရပ်ကွက်၊ ကျေးရွာတွေမှာ ဘဝပျက်ကြတဲ့ လူငယ်တွေ အများကြီးဖြစ်လာပါတယ်။ ဒီကတစ်ဆင့် ဆေးသုံးဖို့ခိုးဆိုးလုယက်ကြတဲ့သူတွေဖြစ်လာလို့ ရပ်ရွာဒေသတွေ ငြိမ်းချမ်းမှုလျော့နည်းလာပါတယ်။

ဟိုယခင်က ဝါသနာကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်း အတွက်ပဲဖြစ်ဖြစ် တပ်မတော်ထဲကို ဝင်ရောက်ကြသူတွေ အများအပြား ရှိပါတယ်။ လူငယ်တွေဟာ သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲချင်စိတ်ရှိလာတဲ့ အခါ တပ်မတော်ထဲကို ဝင်သွားကြပါတယ်။ ခွင့်ရလို့ပြန်လာတဲ့အခါ စိတ်ရောလူပါအသစ်ဖြစ်ပြီး ချီးကျူးလေးစားစရာလူတစ်ယောက် အဖြစ်တွေ့ရတတ်ပါတယ်။ လူဆိုးတွေကို လူကောင်းအဖြစ် စနစ်တကျ ပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသောကျောင်းတော်ဟာ တပ်မတော်ပဲ ဖြစ်ပါတယ်။ သူတို့ကိုမြင်ရတဲ့အခါ "ငါ့သားများစစ်ထဲ ဝင်ရင်လေသူ့ကိုပြောလိုက်စမ်းပါကွာ။ စစ်တပ်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် တကယ့် ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ကျောင်းကြီးပေါ်ဆိုတဲ့ ဖတ်ခဲ့ဖူးတဲ့စာတစ်ပိုဒ်က ရင်ထဲကိုရောက်လာပါတယ်။

နိုင်ငံကိုစနစ်တကျဖျက်ဆီးမယ့်အကြံနဲ့ တပ်မတော်နဲ့ပြည်သူကြားမှာ သွေးခွဲသပ်လျှိုတဲ့သူတွေကြောင့် နိုင်ငံ့ အရေးဟာ ရင်လေးစရာ ဖြစ်လာပါတယ်။ အသက်ပေးပြီးနိုင်ငံအတွက် တာဝန်ထမ်းဆောင် ကြတဲ့သူတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ရန်သူသဖွယ်ဆက်ဆံမှုတွေကို တွေ့မြင်ရတဲ့အခါ အလွန်ပဲအားနာမိပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေရှိနေကြောင်းသိခဲ့ပြီး အမြန်ဆုံးအတည်ပြုစေချင်တဲ့ ဆန္ဒတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ တကယ်လို့ မိမိရဲ့ သားသမီးတွေသာ တပ်မတော်ထဲမှာရှိနေရင် တပ်မတော်သားတွေကို ဒီလိုခွဲခြားဆက်ဆံ ရက်ပါ့မလားလို့လည်း တွေးမိပါတယ်။ အခုအချိန်မှာတော့ ဥပဒေကို အတည်ပြုခဲ့ပြီး သတ်မှတ်ချက်နဲ့ကိုက်ညီသူတိုင်း တပ်မတော်မှာ တာဝန်ထမ်းဆောင်ရတော့မှာဖြစ်လို့ အားတက်ပျော်ရွှင်မိပါတယ်။

အချိန်တွေပိုပြီးလေလွင့်လုနီးပါးဖြစ်နေတဲ့လူငယ်တွေကို လမ်းမှန်ပေါ် ရောက်အောင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေလို့ မြင်ပါတယ်။ နိုင်ငံချစ်စိတ်၊ လူမျိုးကိုချစ်စိတ်ပျောက်ဆုံးနေကြတဲ့လူငယ်တွေကို ပြုပြင်ပေးမယ့် ဥပဒေတစ်ရပ်လို့ လည်းမြင်ပါတယ်။ တာဝန်တစ်ခုအနေနဲ့ စစ်မှုထမ်းလာရတဲ့အခါ ခန္ဓာကိုယ်ပိန်ချည့်ချည့်ကုပ်ကိုင်းကိုင်းဖြစ်နေ တဲ့လူငယ်တွေကိုလည်း ကျန်းမာကြံ့ခိုင်လာအောင် ပြုပြင်ပြောင်းလဲ ပေးလိုက်နိုင်လိမ့်မယ်လို့လည်း ယုံကြည် ပါတယ်။ ဒီနေ့ခေတ်လူငယ်တွေက စဉ်းစားတွေးခေါ်ပုံအလွန်ကောင်းပါတယ်။ နည်းပညာဘက်မှာလည်း အလွန်တော်ကြပါတယ်။ ဒီလိုတော်တဲ့လူငယ်တွေ တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း အသင်းအဖွဲ့နဲ့ဆောင်ရွက်တတ်မှု၊ စနစ်ကျနမှု၊ အမိန့်နာခံတတ်မှုတွေကိုသင်ယူရတဲ့အတွက် တကယ့်ကို ပိုကောင်းတဲ့လူတော်တွေကို မွေးထုတ်ပြီးသားဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဆူဆူညံညံဖြစ်နေကြတာ ကိုလည်းတွေ့ရပါတယ်။ နိုင်ငံခြာထွက်မယ်။ PDF ထဲဝင်မယ်။ အိမ်ထောင်ပြုမယ်။ စုံနေတာပါပဲ။ ဒါတွေကိုမြင်ရတော့ ဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်ကို သတိရလိုက်ပါတယ်။ “စစ်မှာတမူ” အိုင်ချင်းကဗျာဖြစ်ပါတယ်။ “သူများမောင်မှာ စစ်သံကြားလျှင် နာဖျားဥပါယ်ခို ကြတယ်”တဲ့။ နိုင်ငံ့တာဝန်ထမ်းဆောင်ရမှာကြောက်လို့ နာဖျားဥပါယ်ခိုကြဖို့ လူသိရှင်ကြားတိုင်ပင်နေကြ တာဟာ တွေးတတ်ရင်ရှက်စရာဖြစ်ပါတယ်။

ဒီကဗျာထဲမှာပဲ “နှမလေး၊ မယ်တို့မောင်မှာ၊ စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ၊ အိုးစားဖက်ကို၊ လိုက်လို့ရှာသည်” လို့လည်း ချစ်ရသူရဲ့သတ္တိကို တင်စားထားပါတယ်။ ချစ်သူအတွက် ဂုဏ်ယူချင်တဲ့ မိန်းကလေးရဲ့ စိတ်ထားဖြစ် ပါတယ်။ မြန်မာမိန်းကလေးတွေကသတ္တိရှိသူ၊ စွန့်စားဝံ့သူတွေဖြစ်ပါတယ်။ သတ္တိနည်းတဲ့ ခပ်ညံ့ညံ့အမျိုးသားလေးတွေကို သဘောကျလေ့မရှိပါဘူး။ “စိတ်နေမြင့်သူ” အိုင်ချင်းကဗျာထဲမှာ “ကြင်ပါရလို၊ ကြင်ရလျှင်လည်း၊ ရေမြေ့သခင်၊ အရှင့်စက်ရင်း၊ ရွှေတိုက်တော်မှာ စာရင်းသွင်းသည့်၊ ချင်းချင်းတောက်တဲ့လူမှသာ”လို့ ရေးဖွဲ့ထားတာကို ဖတ်ရှုရတဲ့အတွက် သူရဲကောင်းကိုသာ တန်ဖိုးထားချစ်မြတ်နိုးလိုတဲ့ ရှေးမြန်မာသမီးပျိုတို့ရဲ့စိတ်ထားကို ထင်ဟပ် မိပါတယ်။ ဒီနေ့ခေတ်အမျိုးသမီးတွေက သူတို့ကိုယ်တိုင်က ထက်မြက်ကြတဲ့သူတွေမို့ ရှေးအမျိုးသမီးတွေရဲ့ စိတ်ထားလိုပဲရှိနေဦးမှာဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာက သတင်းတွေကြောင့် ဒီဥပဒေအပေါ်မှာ လူငယ်တချို့ရဲ့ ကိုယ်ပိုင်သဘောထား ဘယ်လိုရှိတယ်ဆိုတာကို သိချင်လာလို့ နည်းပညာတက္ကသိုလ် ဒုတိယနှစ်တက်ရောက်နေတဲ့ သားဖြစ်သူကို ဖုန်းဆက်ပြီး မေးကြည့်မိပါတယ်။ “ဥပဒေထုတ်ပြန်တဲ့နေ့က သားတို့တွေ တစ်ယောက်ကိုတစ်ယောက် နာမည်မှာ “ရဲဘော်”လို့တပ်ခေါ်ပြီး စနောက်ပျော်ရွှင်နေကြတာတဲ့”။ “အခုကျောင်းတက်နေတုန်းဖြစ်လို့ သားတို့မပါသေးပေမယ့် ကျောင်းပြီးရင် သားတို့အလှည့်ပေါ့ မေမေ”လို့ပြောပါတယ်။ တစ်ဆက်တည်းပဲ “ကျောင်းပြီးပြီးချင်း မေမေနဲ့ မနေနိုင်ဘဲ သားတာဝန်ထမ်းဆောင်မှာကိုတော့ မေမေခွင့်ပြုပါ”လို့ ခွင့်တောင်းပါတယ်။ “သားတို့ ကတော့ ပညာရှင်ဆိုတော့ သုံးနှစ်တော့ဖြစ်မှာပေါ့မေမေ”တဲ့။ ပျက်စည်ခဲအောင်ပီတိဖြစ်ရပါတယ်။ နာဖျား ဥပါယ်ခိုဖို့ကြိုးစားနေကြသူတွေကို သူလည်း ခေတ်လူငယ်မို့ မြင်တွေ့မှာပါပဲ။ ဒါပေမဲ့ ယုံကြည်ချက်ခိုင်ခိုင်မာမာ နဲ့ အလှည့်ကျရင်မနွဲ့ကြစတမ်း တာဝန်ထမ်းဆောင်ဖို့အသင့်ဖြစ်နေတဲ့ သားရဲ့ မိဘအဖြစ် ဂုဏ်ယူမိပါတယ်။ ပြုစု ပျိုးထောင်ခဲ့တဲ့ ပုံစံမှန်ကန်ခဲ့ တယ်လို့လည်း ကိုယ်တိုင်ကျေနပ်မိပါတယ်။ နိုင်ငံတော်ကို အကျိုးပြုမယ်ဆိုတဲ့ စိတ်ထားရှိတဲ့ သားတစ်ယောက်ကို မွေးထုတ်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်အပေါ် တာဝန်ကျေတယ်လို့ ခံစားမိပါတယ်။

စိတ်ဓာတ်အခြေခံကောင်းတွေနဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်ကြဖို့ ရောက်ရှိလာတဲ့ လူငယ်တွေ၊ မလွှဲ မရှောင်သာလို့ တာဝန်ထမ်းဆောင်တော့မယ်ဆိုပြီးရောက်လာကြမယ့်လူငယ်တွေကို နိုင်ငံ ချစ်စိတ်၊ မျိုးချစ် စိတ်အသိတရားတွေ တစ်ဘဝလုံးစာ ခိုင်ခိုင်မာမာမှတ်သားမိသွားအောင် လေ့ကျင့်သင်ကြားပေးလိုက်ဖို့လည်း တာဝန်ရှိသူများကို ကြိုတင်မေတ္တာရပ်ခံပန်ကြားလိုပါတယ်။ စိတ်ဓာတ် ကောင်းတွေရှိနေမှ သူတို့တွေရဲ့တစ်ကိုယ်စာ တိုးတက်မှုရနိုင်မှာဖြစ်သလို နိုင်ငံအနာဂတ်အတွက်လည်း ရင်အေးစေရမှာဖြစ်ပါတယ်။

တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်လို့ယုံကြည်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်ဆိုရင် လူငယ်တွေအနေနဲ့ အလှည့်ကျရင် မနွဲ့ကြစတမ်းတာဝန်တွေထမ်းဆောင်လိုက်ကြပါ။ နိုင်ငံ့သားကောင်းတွေ အဖြစ် လေးစားဂုဏ်ယူစွာ မြင်တွေ့လိုပါတယ်။ အစီအမံကောင်းများစွာနဲ့ နိုင်ငံ့သားကောင်းလူငယ်တွေကို လေ့ကျင့်ပေးလိုက်ပြီး နိုင်ငံအနာဂတ်ကို အကောင်းဆုံးပုံဖော်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ဝမ်းမြောက်ဝမ်းသာလှိုက်လှဲစွာကြိုဆိုလိုက်ရပါတယ်။