နိုင်ငံတော်ကာကွယ်ရေးဟူသည်

 

နိုင်ငံတော်ကာကွယ်ရေးဟူသည်

ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံမဆိုနိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းကိုမဖြစ်မနေ ဖွဲ့စည်းဆောင်ရွက်ကြရသည်။ နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဖွံ့ဖြိုးသည်ဖြစ်စေ၊ ဖွံ့ဖြိုးမှုနည်းပါးသည်ဖြစ်စေ၊ ဤတာဝန်ကိုနိုင်ငံတိုင်းအတွက်ဆောင်ရွက်ကြရသည်။ သို့သော်လည်းအဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာတွင် ပြည်သူအများစုသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုသတိပြုမှုလျော့နည်းလာကြသည်။တစ်နည်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်သည်လွတ်လပ်ရေးအားထိန်းသိမ်းစောင့်ရှောက်မှုထက်ပင်ပို၍ ကြီးမားလေးနက် သောတာဝန်ဖြစ်သည်ကိုသတိချပ်ရမည် ဖြစ်သည်။

ကာကွယ်ရေးဟူသည်

နည်းပညာများလျင်မြန်စွာတိုးတက်ပြောင်းလဲလာမှုနှင့်အတူပြောင်းလဲလာသည့် ကမ္ဘာ့လုံခြုံရေးအခြေအနေများနှင့် တိုက်ခိုက်မှုနည်းလမ်းများကကာကွယ်ရေး တာဝန်ပုံစံများကိုလည်းအသွင်အမျိုးမျိုးပြောင်းလဲစေပါသည်။ မြို့ပြယဉ်ကျေးမှုနှင့်မြို့ပြ နိုင်ငံများပေါ်ပေါက်လာခဲ့သည့်အချိန်မှစ၍ လူတို့သည် မိမိတို့၏မြို့၊ရွာ၊ တိုင်းပြည် များကိုအသွင်အမျိုးမျိုးဖြင့်ကာကွယ်ခဲ့ကြသည်။ မြို့ရိုး၊တံတိုင်း၊ကျုံးများမှ အစပြု၍ နောက်ပိုင်းတွင် စွဲကိုင်တိုက်ခိုက်ရသည့်လက်နက်များ၊အဝေးမှ ပစ်ခတ်တိုက်ခိုက် သည့်လက်နက်များအထိတိုးတက်ဖော်ဆောင်ခဲ့ကြသည်။ ထိုမှတစ်ဖန် တိုးတက်လာပြီး နောက် ဇီဝလက်နက်ခေါ်ရောဂါပိုးမွှားလက်နက်များ၊ ဓာတုလက်နက်များနှင့် အလုံးစုံ ပျက်စီးစေသည့် နျူကလီးယားလက်နက်များအထိထုတ်လုပ်လာကြသည်။ ယခုအခါ နေရာမရွေ့ဘဲတိုက်ခိုက်နိုင်သည့် ဆိုက်ဘာစစ်ဆင်မှု၊ အီလက်ထရွန်းနစ်စစ်ဆင်မှုအထိ ပါ ကျယ်ပြန့်လာပြီဖြစ်သည်။ စီးပွားရေးနှင့် မီဒီယာနည်းများပါ ဘက်စုံစစ်ပွဲ သဏ္ဌာန်ပါဝင်လာချိန်တွင် ဆိုဖွယ်ရာမရှိပေ။ သို့ဖြစ်၍လည်းယင်းတို့အားခုခံကာကွယ် ရမည့်နည်းလမ်းများ၊ တန်ပြန်တိုက်ခိုက်ရမည့် နည်းလမ်းများပေါ်ပေါက်လာခြင်းဖြင့် ကာကွယ်ရေးပုံစံအသွင်အမျိုးမျိုးပြောင်းလာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံများ၏ကာကွယ်ရေးတည်ဆောက်မှု

ထိုကဲ့သို့သောတိုက်ခိုက်ရေးလက်နက်များ၊ ကာကွယ်ရေးလက်နက်များနှင့်ပုံစံ များပြောင်းလဲလာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများသည် ယင်းတို့ကိုခုခံကာကွယ်ရန်နှင့် တန်ပြန်ရေးနည်းစနစ်များကိုလူ၊ လက်နက်၊ငွေကြေး၊ ပထဝီအနေအထားတို့အားအသုံး ပြုလုပ်ဆောင်လာကြပါသည်။ အချို့သောနိုင်ငံများကအကျိုးစီးပွားကာကွယ်ရေးနှင့် ချဲ့ထွင်ရေးအတွက် အခြားနိုင်ငံများအပေါ် တိုက်ခိုက်နိုင်ရန်အထိရည်ရွယ်လုပ်ဆောင် လာသောကြောင့် နိုင်ငံများ၏ ကာကွယ်ရေးစွမ်းအားကိုတိုးမြှင့်ခဲ့ကြသည်။ နျူကလီး ယားလက်နက်ပိုင်ဆိုင် သည့််အင်အားကြီးနိုင်ငံများသည်ပင် ကာကွယ်ရေးစွမ်းအားကို စဉ်ဆက်မပြတ် တည်ဆောက်နေသည်ကိုတွေ့ရှိရမည်ဖြစ်သည်။ ထို့အပြင် ဓနကြွယ် ဝသည့် နိုင်ငံများကလည်းခေတ်မီလက်နက်များကိုဝယ်ယူ၍ကြည်း၊ရေ၊လေ နယ်ပယ် မျိုးစုံကာကွယ်ရေးစွမ်းအားများကိုတည်ဆောက်ကြသည်။

မည်သည်တို့ကိုကာကွယ်ရမည်နည်း

နိုင်ငံတစ်ခုအတွက် မည်သည့်အရာကိုကာကွယ်ရမည်နည်းဟူသောအချက် အပေါ် သိရှိနားလည်မှုမရှိသောသူများရှိနေခြင်းသည်ပင် အံ့ဩဖွယ်ဖြစ် နေသည်ကို ထူးရှားစွာမြင်တွေ့နေရသည်။ ကိုယ့်မြို့၊ကိုယ့်ရွာမှာနေတာဘာကိုကာကွယ်ရန် လိုအပ် သနည်းဟုယူဆသူများလည်းရှိလာသည်။ နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားအပေါ် ထိခိုက်ပျက်စီးစေသည့် ပြည်တွင်း၊ပြည်ပအန္တရာယ်ကိုအဓိကကာကွယ်ရ မည်သာဖြစ် သည်။ သာဓကအားဖြင့် ကမ္ဘာ့နိုင်ငံများနှင့် တစ်သီးတစ်ခြားရှိနေသည့် ဩစတြေးလျ အနေဖြင့် မည်သည့်အန္တရာယ် ကာကွယ်ရေးကိုလုပ်ဆောင်နေပါသနည်း၊ အမေရိကန် နိုင်ငံကဲ့သို့သောနိုင်ငံသည် မည်သည့်အန္တရာယ်ကိုကာကွယ်ရန်ဖြစ်သနည်း။ ယင်းကဲ့သို့ သောနိုင်ငံများသည် ပြည်ပအန္တရာယ်ကိုကာကွယ်လုပ်ဆောင် နေသည်မှာထင်ရှားပေ သည်။ သို့ရာတွင် ပြည်တွင်းငြိမ်းချမ်းမှုမရှိသေးသောနိုင်ငံများ၊ လက်နက်ကိုင်သောင်း ကျန်းသူများရှိနေသောနိုင်ငံများအနေဖြင့် ပြည်ပအန္တရာယ်အပြင် ပြည်တွင်းအန္တရာယ် အတွက်လည်းကာကွယ်ရန်လိုအပ်ပေသည်။

အမျိုးသားရေးစိတ်ဓာတ်

အမျိုးသားရေးစိတ်ဓာတ်သည်လွန်စွာအရေးကြီးပါသည်။ အမျိုသားရေးစိတ် ဓာတ်သည်မျိုးချစ်စိတ်ဓာတ်မှ အရင်းခံလာခဲ့ပြီးယင်းထက်ပိုမိုနက်ရှိုင်းလျက်ရှိပါသည်။  တစ်နည်းအားဖြင့် ပြည်တွင်း၌မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား များအနေဖြင့် We are Myanmar၊ ကျွန်တော်တို့ သည် မြန်မာနိုင်ငံသား များဖြစ်သည်ဟူသောစိတ်ဓာတ်ပင်ဖြစ်သည်။ လူမျိုးစုတစ်ခု၊ တိုင်းရင်းသားတစ်စုကို ကိုယ်စားပြုခြင်းထက်ပိုမိုပါသည်။ နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်းကိုမဆို မိမိ နိုင်ငံ၊ မိမိနယ်မြေဖြစ်သည်ဟူသောခံယူချက်ထားခြင်းဖြစ်သည်။ အမိနိုင်ငံကိုကျူးကျော် တိုက်ခိုက်လာသည့် ပြည်ပအန္တရာယ်၊နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအား တိုက်ခိုက် နှောင့်ယှက်လာသည့် မည်သည့် အန္တရာယ်ကိုမဆိုတွန်းလှန်တိုက်ခိုက်မည့် စိတ်ဓာတ် ပင်ဖြစ်သည်။

တစ်ဦးချင်း၏ တာဝန်

နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမလွှဲမသွေထမ်းဆောင် ရမည့် တာဝန်ဖြစ်သည်ကိုနားလည်ထားရမည်ဖြစ်သည်။ ထိုတာဝန် ကိုသတိမမူခဲ့သည့် ကာလကြာမြင့်လာချိန်တွင်နိုင်ငံအတွင်းပြည်သူများ၏ အသက် အိုးအိမ်နှင့် စည်းစိမ် လုံခြုံရေးအခြေအနေများကိုထိပါးလာပါသည်။ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်း၏ အခွင့်အရေးကိုပေးအပ်ထားသကဲ့သို့ နိုင်ငံသားတို့၏ ကျေပွန်ရမည့် တာဝန်များကို လည်းသိရှိရန် လိုပါသည်။ မိမိတာဝန် အပေါ်မေ့လျော့မှုများအချိန်ကြာမြင့်လာချိန်တွင် ထိုတာဝန်နှင့်မိမိနှင့်မသက်ဆိုင် သကဲ့သို့ ယူဆလာကြသည်။ နိုင်ငံတော်ကာကွယ် ရေးတာဝန်ကိုစစ်မှုထမ်းများနှင့် ရဲတပ်ဖွဲ့များကသာဆောင်ရွက်ရမည်ဟူသည့် အမြင် များစွဲငြိလာကြသည်။ ရပ်ရွာအေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့များတွင်တာဝန်ရှိ သည်၊ အကြမ်းဖက်မှုပပျောက်ရေးသည် လုံခြုံရေးတပ်ဖွဲ့များတွင်သာတာဝန်ရှိသည် ဟူသည့် အယူအဆများရှိလာပြီး ၎င်းတို့နှင့်မဆိုင်ဟူသည့် အတွေးအခေါ်များကိန်း အောင်းလာသည်။ ထို့ကြောင့် နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ရှိသည်ဟူသောတာဝန်သိစိတ်ကိုမွေးမြူရန်လိုအပ်လှပေသည်။

မည်သို့ကာကွယ်မည်နည်း

လက်နက်စွဲကိုင်ပြီးရန်သူကိုတိုက်ခိုက်မှသာနိုင်ငံတော် ကာကွယ်ရေးထမ်း ဆောင်ခြင်းဖြစ်သည်ဟုမရှုမြင်သင့်ပေ။ အထက်တွင် ဆိုခဲ့သည့်အတိုင်းနည်းပညာတိုး တက်ပြောင်းလဲလာသည့် ယနေ့အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးကိုနည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လာနိုင်ပြီဖြစ်သည်။ကွန်ပျူတာ ကျွမ်းကျင်သူသည် ကွန်ပြူတာဖြင့် အကာ အကွယ်ပေးနိုင်သကဲ့သို့ အခြားပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများသည်လည်းယင်းတို့၏ ကျွမ်းကျင်မှုနယ်ပယ်များဖြင့် ကာကွယ်ရေးတာဝန်များကိုဖြည့်ဆည်းနိုင်ပါသည်။ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များကစီးပွားရေးနယ်ပယ်တွင် ကာကွယ် နိုင်သကဲ့သို့ မီဒီယာတတ်ကျွမ်းသူများကလည်းမီဒီယာနည်းဖြင့် ကာကွယ်ရန်ဖြစ်သည်။ ယဉ်ကျေးမှုများလျင်မြန်စွာကူးစက်ထိုးဖောက်လာချိန်တွင် နိုင်ငံ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကိုလွှမ်းမိုးဝါးမျိုးခြင်းမှ ကာကွယ်မှုသည်လည်းကာကွယ်ရေး နည်းလမ်းတစ်ခုဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြဌာန်းခဲ့သည့် ယခုအချိန် အခါတွင် မိမိတို့၏အတတ်ပညာများဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုဖြည့် ဆည်းပါကလွန်စွာဂုဏ်ယူစရာပင်ဖြစ်ပေမည် မှာဧကန်မလွဲပင်ဖြစ်သည်။

ရေရှည်မျှော်မှန်းရှုမြင်စေလို

ကမ္ဘာကြီးသည် နည်းပညာများအလျင်အမြန်ပြောင်းလဲမှုများနှင့်အတူ နယ်ပယ်စုံတွင်ပြောင်းလဲမှုများများစွာဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့မြင်ရမည် ဖြစ်သည်။ အင်အားကြီးနိုင်ငံများသည်နည်းပညာများအဆမတန် တိုးတက်ဖွံ့ဖြိုးမှုကိုပိုင်ဆိုင်နေ သည့်တိုင် ကာကွယ်ရေးစွမ်းအားတည်ဆောက်မှုကိုလျှော့ပေါ့ တွက်ဆခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ တည်ရှိပြီးလက်နက်များအပြင် ဆန်းသစ်သည့် နည်းပညာ များဖြင့် စဉ်ဆက်မပြတ် ထုတ်လုပ်လျက်ရှိပါသည်။ ကမ္ဘာ့ကာကွယ်ရေးအသုံးစရိတ်များ ကိုကြည့်မည်ဆိုပါကနှစ်စဉ်တိုးမြင့် လာနေသည်ကိုမြင်တွေ့ရမည်ဖြစ်သည်။ ကာကွယ် ရေးတည်ဆောက်မှုကိုရေတို၊ရေရှည် အစီအမံများဖြင့် စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိ သကဲ့သို့ စစ်လက်နက်ပစ္စည်းအသစ်များအတွက်လည်းသုတေသနနှင့်ဖွံ့ဖြိုးရေးများ ကိုနှစ်စဉ်တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်ကိုတွေ့ရှိရမည်ဖြစ်သည်။

မျက်မှောက်ကာလ၌ ဖြစ်ပေါ်နေသည့် ကမ္ဘာ့အရေးအခင်းများသည် သာမန် ပြည်သူများအတွက် အမှုမဲ့၊အမှတ်မဲ့အဖြစ် မြင်တွေ့နိုင်သော်လည်းကမ္ဘာ့နိုင်ငံ ခေါင်း ဆောင်များအတွက်မူတတိယကမ္ဘာစစ်အထိဦးတည်နိုင်သည့် ပဋိပက္ခများအဖြစ် ရှုထောင့်အမျိုးမျိုးဖြင့် သုံးသပ်လျက်ရှိသည်။ ထိုသို့ရှုမြင် သုံးသပ်ချက်ကိုမူတည်၍ လုပ်ဆောင်သင့်သည့် ကြိုတင်ပြင်ဆင်မှုပြုလုပ်သည့် နိုင်ငံများပင်ရှိနေသည်ကိုလေ့လာ တွေ့ရှိရပါသည်။ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ရုရှား-ယူကရိန်းပဋိပက္ခ၊ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်းတင်းမာမှုများသည် ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၂ ထရီလီယံအထိစံချိန်တင်မြင့် တက်ခဲ့သည်ကိုတွေ့ရှိရမည်ဖြစ်သည်။ကမ္ဘာ့နိုင်ငံများနည်းတူမိမိတို့သည်လည်းလိုက်လျောညီထွေစွာရှုမြင် လုပ်ဆောင်ရမည်သာဖြစ်သည်။

ခြုံ၍ဆိုရလျင် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းသည် ကျယ်ပြောလှပေသည်။ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းသည် နေ့ချင်း၊ညချင်းလုပ်ဆောင်၍ ရသည့်အရာ မဟုတ်ပေ။ ထို့အပြင် တစ်ဦး၊တစ်ယောက်တည်းဖော်ဆောင်၍ရသည့် အရာလည်း မဟုတ်ပေ။ အချိန်ယူတည်ဆောက်ရသည့် လုပ်ငန်းဖြစ်သည်။ ငွေကြေးအင်အား၊ နည်း ပညာအင်အားနှင့် လူ့စွမ်းအားအရင်းအမြစ် တို့ကိုရင်းနှီးမြှုပ်နှံလုပ်ဆောင် ကြရသည်။ ပြည်သူတစ်ဦးချင်း၏ တာဝန်ကိုယ်စီသိမှုနှင့်အတူစည်းလုံးညီညွတ်မှုအားကိုလည်း ရယူရသည်။ သို့ဖြစ်၍ အမိနိုင်ငံတော်ကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက်နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားခိုင်မာအားကောင်းစေရန် နိုင်ငံသားတစ်ဦးချင်းမှ ကိုယ်စီ တာဝန်သိစိတ်များဖြင့် ဖြည့်ဆည်းဆောင်ရွက်ရေးတိုက်တွန်းရေးသားလိုက်ရပါသည်။

သန်းထွန်းဝင်း(အညာမြေ)