နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ့အင်အားစွမ်းပကား

 

နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ့အင်အားစွမ်းပကား

ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံတော်တစ်ရပ်အဖြစ် စုစည်း တည်ထောင်ပြီးမှ တပ်မတော်ကို ဖွဲ့စည်းခဲ့သည့် နိုင်ငံများရှိသကဲ့သို့ တပ်မတော်ကိုဖွဲ့စည်းတည်ထောင်ပြီးမှ နိုင်ငံတော်ကိုတည်ထောင်သည့် နိုင်ငံများလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ရပ်အဖြစ် တည်ထောင်ရာတွင် “ခေါင်း” နှင့် “ပန်း” ၊ “ရင်ဘတ်” နှင့် “နောက်ကျော” ၊ “ဖို” နှင့် “မ” တို့ကဲ့သို့ မပါမဖြစ်ပါရှိရမည့် အင်္ဂါရပ်မှာ ထိုနိုင်ငံတော်၏ အချုပ်အခြာအာဏာကိုကာကွယ် စောင့်ရှောက်မည့် တပ်မတော်တည်းဟူသော အင်အားစုကြီးပင်ဖြစ်သည်။

မြန်မာ့သမိုင်းစဉ်ကို လေ့လာစေ့ငုသုံးသပ်မည်ဆိုက ရှေးပဝေသဏီ ခေတ်များစွာကတည်းက လက်ရှိကာလ ပစ္စုပ္ပန်အချိန်တိုင်အောင်ပင် ပြည်သူ့စစ်အသွင်သဏ္ဌာန်ဖြင့် သန္ဓေတည်ပေါက်ဖွားခဲ့သော တပ်မတော် အသီးသီးက တိုင်းပြည်နိုင်ငံတစ်ရပ်ကိုဖွဲ့စည်းတည်ဆောက်ရန်၊ တိုင်းတစ်ပါးသားနယ်ချဲ့တို့ လက်အောက်မှ ရုန်းထွက်ရန်ဟူသော ကောင်းမြတ်သည့် မျိုးချစ်အမြုတေစိတ်ထားတို့ဖြင့် တိုင်းပြည်နိုင်ငံတို့ထက် ဦးစွာသန္ဓေတည်ခဲ့ကြသည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်သည်။ ထိုအချက်သည်ပင် မိမိတို့တပ်မတော်ကို အခြားသောကမ္ဘာ့နိုင်ငံများရှိ တပ်မတော်များနှင့် အလုံးစုံနှိုင်းယှဉ်သုံးသပ်၍မရနိုင်သည့်အချက်ဖြစ်သည်။

လွတ်လပ်ရေးရပြီးစကာလတွင် ကြုံတွေ့ရင်ဆိုင်ခဲ့ရဖူးသော ရောင်စုံသူပုန်သောင်းကျန်းမှု၊ ပြည်ပ တပ်များကျူးကျော်ခဲ့မှု၊ ဖက်ဒရယ်အရေးတောင်းဆိုမှု အခြေအနေတို့သည်လည်းကောင်း မိမိတို့နိုင်ငံ၏ ပကတိအမျိုးသားနိုင်ငံရေးလိုအပ်ချက်အခြေအနေနှင့် တပ်မတော်၏ အရေးပါမှုကို သုံးသပ်သိမြင်နိုင်သည့် အခြေအနေမှန်များပင်ဖြစ်သည်။ ယင်းအခြေအနေ သမိုင်းအဆစ်ချိုးများသည် စေ့စပ်ညှိနှိုင်းသည့် နိုင်ငံရေး နည်းလမ်းဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်မည့် အခြေအနေမျိုးမဟုတ်ခဲ့ချေ။ တပ်မတော်သားတို့၏ အသ က်ခန္ဓာများစွာရင်းတည်ပေးဆပ်လျက် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းခဲ့ရသည်မှာ တပ်မတော်၏ အရေးပါမှုကို ဖော်ညွှန်းသက်သေပြုလျက်ရှိသော ပကတိအမှန်တရားပင်ဖြစ်သည်။

သမိုင်းအဆက်ဆက်၌ ခေတ်ကာလမတူညီသောတပ်မတော်များသည် တိုင်းပြည်နိုင်ငံတည်တံ့ရေး အတွက် အမျိုးကိုချစ်မြတ်နိုးသူတို့ဖြင့် ဖွဲ့စည်းတည်ထောင်သည့် ပြည်သူကိုအခြေခံသော အမျိုးသားရေး အသင်းအဖွဲ့ကြီးတစ်ရပ်ဖြစ်ခဲ့သည်ကိုလည်း သိမြင်တတ်ကြဖို့လိုပေသည်။ ယနေ့ခေတ် လက်ရှိမြန်မာ့ တပ်မတော်သည်ပင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ရပ်အဖြစ် ပြန်လည်ရပ်တည်နိုင်ရေး သုံးကျိပ်သော အမျိုးကောင်းသားအာဇာနည်တို့ဖြင့် အစပြုသန္ဓေတည်ဖွဲ့စည်းခဲ့သော ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကအစပြုခဲ့ခြင်းဖြစ်သည်။ အတိတ်သမိုင်းစဉ်၌လည်း ရှေးခေတ် အဆက်ဆက်သော တပ်မတော်များက နိုင်ငံတော်တည်ဆောက်ခြင်းနှင့် ကာကွယ်ခြင်းတာဝန်တို့ကို ထက်သန်ပြည့်ဝသော မျိုးပြည်ချစ်စိတ် အရင်းခံသည့် စွန့်လွှတ်စွန့်စားစိတ်ထားတို့ဖြင့် တာဝန်ထမ်းဆောင်ခဲ့ ကြရခြင်းဖြစ်ကြောင်း သိမြင်နိုင်ပေသည်။

ရှေးမြန်မာတို့သည် ယောက်ျားမှန်လျှင် အဋ္ဌာရသအတတ် ၁၈ ပါးကို တတ်မြောက်ကြရမည်ဟု မှတ်ယူ ထားကြသူများဖြစ်သည်။ ထိုအချက်ကြောင့်ပင် နှစ်ပေါင်းထောင်ချီရှည်လျားသည့် သမိုင်းအစဉ်အလာ ကောင်းများမော်ကွန်းထိုးနိုင်ခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။ တိုင်းပြည်လိုအပ်ချက်အရ စစ်ရေးတာဝန်ထမ်း ဆောင်ရန် ဆင့်ခေါ်ခံရချိန်၌ အသင့်ဖြစ်နေရန်အတွက် ဆင်းရဲချမ်းသာအဆင့်အတန်းမရွေး အရွယ်ရောက်သူ နိုင်ငံသားတိုင်း အဋ္ဌာရသအတတ် on ပါးကို သင်ကြားလေ့ကျင့်ထားကြသည်။ ထို့ကြောင့်ပင် အောက်ခြေ တပ်သားအဆင့် ကသည် အထက်စစ်သေနာပတိများနှင့် တိုင်းပြည်နိုင်ငံကိုစီမံအုပ်ချုပ် ရသည့် မင်းဘုရင်တို့တိုင်အောင်ပင် အတတ်ပညာနှင့် စွမ်းရည်အသီးသီးကို အဆင့်နှင့် လျှော်ညီစွာ အထက်တန်း ကျကျ ကျွမ်းကျင်တတ်မြောက်ထားကြသည်။

ရှေးခေတ်မြန်မာနိုင်ငံသားများ သင်ယူကြသည့် အဋ္ဌာရသအတတ် ၁၈ ပါးမှာ “သုတိ ခေါ် အကြားအမြင်အတတ်” ၊ “သမ္မုတိ ခေါ် ဓမ္မသတ်အတတ်” ၊ “သင်္ချာ ခေါ် ဂဏန်းပညာအတတ်”၊ "ယောဂါ ခေါ် တံစည်း၊ စူး၊ ဆောက်စသောအတတ်”“နိတိ ခေါ် ကျင့်ရာ မကျင့်ရာ၊ အကျိုးရှိရာ မရှိရာ ဆုံးမကြောင်းဖြစ်သော နီတိကျမ်း အတတ်” ၊ “ဝိသေသကာ ခေါ် ယာယီ ယတြာစသော ဗျာကရိုဏ်း အတတ်”၊ “ဂန္ဓဗ္ဗာ ခေါ် စောင်းငြင်းစသော ကဗျာလင်္ကာအတတ်”၊ “ဂဏိကာ ခေါ် လက်ဆစ်ချိုး၍ ရေတွက်ရသောအတတ်”၊ “ဓနုဗေဒါ ခေါ် တူလေး၊ လင်းလေးအတတ်” “ပုရာဏာ ခေါ် စကားဟောင်း အတတ်”၊ “တိကိစ္ဆာ ခေါ် ဆေးအတတ်” ၊ “ဣတိဟာသာ ခေါ် ရှေးထုံးဟောင်းအတတ်”၊ “ဇောတိ ခေါ် ဗေဒင် အတတ်”၊ “မာယာ ခေါ် လှည့်ပတ်မှုအတတ်”၊ “ဆန္ဒတိ ခေါ် ဆန်းကျမ်းအတတ်”၊ “ကေတု ခေါ် သံတမန်အတတ်”၊ “မန္တာ ခေါ် မန္တာန်အတတ်”၊ “သဒ္ဒါ ခေါ် သဒ္ဒါကျမ်းအတတ်” တို့ဖြစ်သည်။

အဋ္ဌာရသအတတ် ၁၈ ပါးသည် စစ်အတတ်ပညာနှင့်တိုက်ရိုက် မသက်ဆိုင်ဟု မှတ်ထင်ဖွယ်ရှိသော် လည်း ယင်းအတတ်ပညာ ၁၈ ပါးနှင့် ဓားရေး၊ လှံရေး၊ မြင်းရေး၊ ဆင်ရေးတို့ကဲ့သို့ အတတ်ပညာတို့ ပေါင်းစပ်မိချိန်တွင် လူနှင့်လူချင်းမှန်လျှင်အမှုထားဖွယ်ရာမရှိလောက်ထိ နှလုံးရည်၊ လက်ရုံးရည်စွမ်းအား ထက်သန်ပြည့်ဝသော အောင်ပွဲကိုဆာလောင်နေသည့် ဓားထက်သောနိုင်ငံသားများဖြစ်တည်လာရ ပေသည်။ တစ်ဖက်ရန်သူတို့၏ စည်းလုံးမှုပျက်ယွင်းပြိုကွဲစေရန် ကြိုးပမ်းအားထုတ်မှုအလုံးစုံတို့သည်လည်း ယင်း အတတ်ပညာ ၁၈ ပါးကြောင့်ပင် အရာမထင်သဲထဲရေသွန်သည်ကဲ့သို့ ဖြစ်ခဲ့ရသည်ကို သုံးသပ်တွေ့မြင်ကြ ရမည်ဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံသားတို့အား ကျွန်ပြုအုပ်စိုးနိုင်ရန်ကြိုးပမ်းအားစမ်းခဲ့သည့်ကာလ တစ်လျှောက် တိုက်ပွဲများ၌ မြန်မာတပ်မတော်ကို နယ်ချဲ့တို့အရှုံးကြီးရှုံးနိမ့်ခဲ့ကြသည်။

ယင်းနောက်တွင် နယ်ချဲ့တို့က မြန်မာနိုင်ငံကိုကျွန်ပြုလိုလျှင် မြန်မာနိုင်ငံသားတို့၏နှလုံးရည်စွမ်းအားတို့မြစ်ဖျားခံ သန္ဓေတည်ရာဖြစ်သော အဋ္ဌာရသအတတ် ၁၈ ပါးကို ဦးစွာဖျက်ဆီးရန်လိုကြောင်း ကောင်းစွာသိမြင်သွားခဲ့ကြသည်။ စိတ်ရင်းသဘောထားဖြောင့်စင်းရိုး သားကြသော မြန်မာနိုင်ငံသားတို့အပေါ် ယုတ်မာပက်စက်သော အကြံအစည်ရှိထားသည့်နယ်ချဲ့တို့က ဟန်ဆောင်ဖုံးကွယ်ထားသော အပြုံးမျက်နှာအမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ်တို့ဖြင့် စဉ်ဆက်မပြတ်သပ်လျှိုဖျက်ဆီးခဲ့ကြပေသည်။ ထို့ကြောင့်ပင် ကုန်းဘောင် ခေတ်နှောင်းပိုင်းကာလ၌ တိုင်းပြည်နိုင်ငံကို ဦးဆောင်ထိန်းသိမ်းရသည့် တော်ဝင်မိသားစု များမှသည် တပ်မတော်နှင့် အောက်ခြေနိုင်ငံသားများအထိ စွမ်းရည်နိမ့်ကျလာခဲ့သည့်အပြင် အုပ်စုအမျိုးမျိုး ကွဲပြားလာခဲ့ကြသည်။ ထိုအချိန်အခါတွင်မှ ယင်းအခြေအနေကိုကြိုတင်ဖန်တီးထားသည့် နယ်ချဲ့တို့က မြန်မာနိုင်ငံကိုအလွယ်ကူဆုံး၊ အချိန်အနည်းဆုံးသော ကျူးကျော်စစ်တစ်ရပ်ဖြင့် သိမ်းယူကျွန်ပြုသွားခဲ့ခြင်း ဖြစ်သည်။ ဤယနေ့ လက်ရှိအချိန်သည်လည်း နယ်ချဲ့တို့ကြိုတင်ရေးဆွဲထားသည့် ဇာတ်ညွှန်းအမျိုးမျိုး တွင် မြန်မာနိုင်ငံသားများစွာ ကြိုးဆွဲခံနေကြရပြီး ကိုယ့်အမျိုးကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်ဖျက်ဆီးနေ ကြသည်မှာ ကြေကွဲဝမ်းနည်းဖွယ်ရာကောင်းလှသည်။

ထို့ကြောင့်ပင် အမိနိုင်ငံတော်၏ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ထိန်းသိမ်းရာ၌ “သင်၏နိုင်ငံ၊ ပိုင်းရံခြားဆီး၊ တပ်နှင့်ဆီးလော့” ဟူသော လက်ဝဲသုန္ဒရ၏ နန္ဒီသေနပျို့လာအတိုင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် သတ်မှတ်ချက်အကျုံးဝင်သူတိုင်း အမှုထမ်း ဆောင်ကြခြင်းဖြင့် မြန်မာတို့သွေးဗီဇကို ထုတ်ပြကြရန်လိုအပ်ချိန်ဖြစ်သည်။ ရှေးခေတ်မြန်မာနိုင်ငံသားများကဲ့သို့ နိုင်ငံတော်ကာကွယ်ရေး လိုအပ်ချက် ရှိချိန်တွင် စစ်ရေးကိစ္စမှတစ်ပါး မည်သည့်ကိစ္စကိုမျှဦးစားမပေးသည့် အစဉ်အလာကိုလည်း လက်တွေ့ဖော်ဆောင်ရမည့်အချိန်ပင်ဖြစ်သည်။ အနော်ရထာမင်းကြီး၏ တပ်မတော်သည်လည်းကောင်း၊ ဘုရင့်နောင်၏ တပ်မတော်သည်လည်းကောင်း၊ အလောင်းဘုရား၏တပ်မတော်သည် လည်းကောင်း ပြည်သူကို အခြေခံသည့် ကျစ်လျစ်ထက်မြက်သော တပ်မတော်ကိုတည်ဆောက်၍ ရန်စွယ်ရန်ငုတ်မှန်သမျှကို ပြတ်သား ရဲဝံ့စွာ ချေမှုန်းခဲ့ကြသဖြင့် ပြည်တွင်းပြည်ပအဖျက်ရန်ဟူသမျှကို အမြစ်လှန်ဖယ်ရှားနိုင်ခဲ့ကြခြင်းဖြစ်သည်။ ပြည်သူကိုအခြေခံသည့် တိုင်းပြည်ကာကွယ်ရေးစနစ်သည် အနော်ရထာမင်းလက်ထက်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာတို့သည် တိုင်းပြည်ကာကွယ်ရေးအတွက် ပြည်သူ့စစ်သဘောတရားကို အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ကြသဖြင့်လည်း အမျိုးသားရေးဂုဏ်သိက္ခာထည်ဝါမြင့်မားသည့် နိုင်ငံတော်တစ်ရပ်အဖြစ် နှစ်ပေါင်းထောင်ချီ တည်တံ့နိုင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်သဘောတရားဖြင့် တစုတစည်းတည်းသော ပြည်ထောင်စုတပ်မတော်နှင့် ပြည်ထောင်စုအင်ပါယာနိုင်ငံတော်တစ်ရပ်ကို တည်ဆောက် အောင်မြင်ပြီးချိန်၌ နိုင်ငံတော်တည်တံ့ရေးအတွက် ပိုမိုစည်းစနစ်ကျသော ပြည်သူ့စစ်အသွင်သဏ္ဌာန်သစ်တစ်ရပ်အဖြစ် ရာပြု၊ ထောင်ပြုမြို့များအဖြစ် တည်ထောင် သတ်မှတ်ပေးခဲ့သည်။ မိမိတို့မြို့ရွာနယ်ပယ်များကို ပြည်သူ့စစ်နည်းဖြင့် မိမိတို့ကိုယ်တိုင်ကာကွယ်ကြရ သည်။ အရေးအကြောင်းတစ်စုံတစ်ရာရှိလာချိန်များတွင်မူ အိမ်ထောင်စု ၁၆ စုလျှင် နှစ်ဦးနှုန်းစီဖြင့် အင်အားထုတ်ပေးရကြောင်းလည်း မှတ်တမ်းများ၌တွေ့ရှိရသည်။

ပုဂံခေတ်မှတ်တမ်းများ၌ ပြည်သူ့စစ်အင်အားဖြင့် တပ်မတော် ဖော်ဆောင်ရာ၌ သောင်းပြု၊ သိန်းပြုရာဇဌာနီ များဖော်ပြရာတွင် ကွဲပြားမှုများရှိသော်လည်း ရာပြုမြို့များကိုမူ မှတ်တမ်းအတိအက ျတွေ့ရှိရသည်။ လေးရာပြုမြို့များအဖြစ် “မြင်စိုင်း၊ ပင်လယ်၊ ပြင်စည်၊ ပင်းတလဲ၊ ယင်းတော်၊ ဝတီ၊ ရန်အောင်၊ ကြက်သား မြေထဲ၊ ကျွန်းဆုံ၊ ပန်းတော၊ စကု၊ လယ်ကိုင်း၊ ကုကျွန်းကြီး၊ တလုပ်၊ ကံနီ၊ တပယင်း၊ စေတုတ္တရာ၊ မြေတူးဟောင်း၊ ငစဉ့်ကူး၊ အမြင့်၊ ဗတုံ” ၊ သုံးရာပြုမြို့များအဖြစ် “ငနွယ်ကုန်း၊ ပြင်တိ၊ မြစ်တွင်း” ၊ နှစ်ရာပြု မြို့များအဖြစ် “မြစ်သား ဝဏ္ဏစပူ၊ သရက်၊ မင်းတုန်း၊ မကွေး၊ စုန်း၊ ရွှေတောင်ကျွန်းသီး၊ စစ်ကိုင်းထောင်သင်း၊ မုဆိုးဘို၊ ပူတက်၊ မြို့သစ်၊ အင်းမဝ၊ ပေါင်းတည်” ၊ ရာပြုမြို့များအဖြစ် “မက္ခရာ၊ တပြက်သား ပျဉ်းမနား၊ မြို့တောင်၊ ရွှေနံ့သာ၊ တည်တော၊ စဉ့်ကိုင်၊ ရန်မိန်” တို့ဖြစ်သည်။ လူဦးရေနည်းပါးသဖြင့် ရှစ်ကျိပ်ပြု၊ ခုနစ်ကျိပ်ပြုမှသည် နှစ်ကျိပ်ပြုမြို့ငယ်များအထိ တွေ့ရသည်။ ခေတ်ကာလရွေ့လျားခဲ့သဖြင့် အချို့သောမြို့ အမည်နှင့် တည်နေရာမှတ်တမ်းများကို ကာလဒေသ နှင့်ဆီလျော်စွာပြင်ဆင်ထားသည်ဟု နားလည်ကြရမည် ဖြစ်သည်။

ပုဂံခေတ်မြန်မာ့တပ်မတော်အတွက် စစ်စည်းရုံးမှုပြုရာတွင် အမြဲတမ်းတပ်မတော်တစ်ရပ်အပြင် ပြည်သူကိုအခြေပြုသောအရန် တပ်မတော်တစ်ရပ်ကို စနစ်ကျနစွာဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ စစ်သည်စုဆောင်းရာတွင်လည်း အုတ်ရောရောကျောက်ရောရောပုံစံမဟုတ်ဘဲ “ကာမန္တကီ" နိတိ ကျမ်းလာ “မောလံ ဘူတံ သေဏိ သခါ၊ ရိပု ဝါ ဝိကဋ ဗလံ။ ပုဗ္ဗေ ပုဗ္ဗေ ဂါရ ဝေါတု၊ ဗလာနံ ဗျသနံ တထာ ဟူသည်ကဲ့သို့ စစ်သည်အမျိုးအစား ၆ မျိုးအား အောက်ပါအတိုင်းခွဲခြားစုဖွဲ့ထားကြောင်း မှတ်သား ဖွယ်ရာ သိရှိမှတ်သားရသည်။

မောလ

ရှေးဘေးဘိုးအစဉ်အဆက်မှစ၍ အစုရင်းကျေးရင်းဖြစ်သော အမှုထမ်းများကိုခေါ်သည်။ ၎င်းတို့မှာ အထူးယုံကြည်စိတ်ချရပြီး ဆွေမျိုးလည်းမကင်း၊ အစုအမှုထမ်းလည်းအစဉ်အဆက်ဖြစ်သဖြင့် အတွင်း ကိုယ်ရံ အပြင်ကိုယ်ရံ တပ်စုများတွင်သာ ထားလေ့ရှိသည်။ တစ်နည်းအားဖြင့် ဘိုးဘေးအစဉ်အဆက် စစ်မှုထမ်း သော စစ်သားမျိုးရိုးကိုခေါ်ဆိုခြင်းဖြစ်သည်။

ဘူတ

စုကြီး ၆ ကြောင်း၊ ဒိုင်း၊ ထားဝယ်၊ မာရဘင် စသော လစာရိက္ခာမျိုးရိက္ခာပေး၍အမှုထမ်းစေသည့် ယုံကြည်ချက်ခိုင်မာသော စစ်သည်အစုမျိုး အမြဲတမ်းတပ်တော်အမျိုးအစားဖြစ်သည်။

သေဏိ

မိမိနိုင်ငံအတွင်း မြို့ရွာများတွင် အရေးအကြောင်းရှိက အသင့်စစ်စည်းရုံးထားပြီးသူများ တစ်နည်းအားဖြင့် ပြည်သူ့စစ်အဖွဲ့များဖြစ်သည်။

သခါ

အရေးအကြောင်းပေါ်ပေါက်သောအခါ မဟာမိတ်နိုင်ငံများမှ မေတ္တာဖြင့်လည်းကောင်း၊ အခကြေးငွေဖြင့်

လည်းကောင်း ကူညီလာသော စစ်သည်များဖြစ်သည်။

ရိပု

မိမိကအခြားနိုင်ငံများကို သိမ်းပိုက်ရရှိသောအခါ ၎င်းနိုင်ငံသားများထဲမှစည်းရုံးကာ စစ်မှုထမ်းစေသူများ တစ်နည်းအားဖြင့် မိမိလက်အောက်ခံနိုင်ငံများမှ စစ်မှုထမ်းများဖြစ်သည်။

အဋဝိက

တောတောင်ကြီးမားထူထပ်ရာ အရပ်ဒေသများသို့ ချီတက်ရာ၌ လမ်းခရီးရေမြေအနေအထားကို သိကျွမ်းကျင်သော နယ်ခံအမှုထမ်းများကို ခေါ်ဆိုသည်။ လမ်းပြသဖွယ် တပ်ဦးကချီတက်စေလေ့ရှိ သည်။ တစ်နည်းအားဖြင့် မိမိနှင့်စိတ်တူကိုယ်တူ၊ ခံယူချက်ယုံကြည်ချက်တူသူ စစ်မှုထမ်းများဖြစ်သည်။ ရှေးခေတ်မြန်မာ့တပ်မတော်များ၏ ဖော်ပြပါစစ်သည်အမျိုးအစား ၆ မျိုးအနက် သေဏိနှင့် အဋဝိကတို့မှာ ပြည်သူကိုအခြေခံသော ပြည်သူ့စစ်များပင်ဖြစ်သည်မှာ ထင်ရှားပေသည်။ မြန်မာ့သမိုင်းစဉ်၌ အဆိုပါ ပြည်သူ့စစ်သဘောတရားကို စတင်ကျင့်သုံးအကောင်အထည်ဖော်သူမှာ အနော်ရထာမင်း စောပင်ဖြစ်သည်။ ပြည်သူ့စစ်၏အနှစ်သာရနှင့် အင်အားကြီးမားပုံကို လက်ညှိုးညွှန်ရာမလပ်အောင်ခမ်းနား ထည်ဝါစွာ တည်ရှိခဲ့သော ပုဂံရွှေမြို့တော်ကြီး ပေါ်ထွန်းလာခဲ့ရခြင်းက သက်သေခံလျက်ရှိသည်။

ထို့ကြောင့်ပင် ဤယနေ့အချိန်၌ ဒို့တာဝန်အရေးသုံးပါး လိုအပ်ချက်အရနိုင်ငံတော်မှ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အရန်အင်အားဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ခြင်းများအပေါ် အမျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ရှိသော မိမိတို့နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီတိုင်းက ကြိုဆိုထောက်ခံကြရမည်ဖြစ်ကြောင်းနှင့် အနာဂတ် နိုင်ငံတော်၏ တစ်မှုန့်သောမြေစာ တစ်လွှာသောပန်းခြောက်မျှပင် တစ်ပါးသူတို့လက်ဝယ်သို့ မရောက်ရှိစေရန် တစ်မျိုးသားလုံးက စုစည်းညီညွတ်စွာ ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း ဖော်ညွှန်း ရေးသားလိုက်ရပါသည်။

ဘုန်းရဲနိုင်(ဂန့်ဂေါ)