ပြည်သူအားလုံးပါဝင်လို့ ပြည်သူ့စစ်မှုထမ်းစနစ်အကောင်အထည်ဖော်ကြစို့

 

ပြည်သူအားလုံးပါဝင်လို့ ပြည်သူ့စစ်မှုထမ်းစနစ်အကောင်အထည်ဖော်ကြစို့

ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁ဝ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး နှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိ သဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအတွက်စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေအားပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြဋ္ဌာန်းခဲ့သည့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂ဝ၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂ဝ၂၄ ဖြင့် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ၁ဝ ရက်မှစ၍ အာဏာတည်သည့်အမိန့်ကို ယင်းဥပဒေ၏ ပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့အာဏာတည်သည့်အမိန့်ကို သတ်မှတ်ခဲ့ပြီး၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခဲ့သည်။ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ခရိုင်၊ မြို့နယ်အဖွဲ့များကို ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဖွဲ့စည်း ပြီးပါက မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သည် စစ်မှုထမ်းဆောင်ရမည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်းအား ဆင့်ခေါ်ခြင်း၊ မှတ်ပုံတင်ထားခြင်းတို့ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

မှတ်ပုံတင်လက်မှတ်ရရှိထားသူများအား ဆင့်ခေါ်၍ ဆေးစစ်ဆေးခြင်း ကို တပ်မတော်ဆေးစစ်ဆေးခြင်း ဘုတ်အဖွဲ့ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခြင်းခံရသူ၏ လျှောက်လွှာ အပေါ်စိစစ်ချက်နှင့် တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သဘောထား မှတ်ချက်တို့ကို ခရိုင်အဖွဲ့၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ၍ ၎င်းမှ တစ်ဆင့် ဗဟိုအဖွဲ့သို့ ဆက်လက်တင်ပြရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အခန်း (၈) ခန်းနှင့်ပုဒ်မ (၃၃)ခု ပြဋ္ဌာန်းထားပြီး စစ်မှုထမ်းရမည့်အသက် အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင်အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေး သော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၂၇ နှစ် မကျော်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဥပဒေအရ သတ်မှတ်ထားသည်။

စစ်မှုထမ်းရန်ကာလမှာ ၂၄ လ (၂ နှစ်) ဖြစ်ပြီးတပ်မတော်စက်မှုလက်မှု ပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ(၃ နှစ်) ထက်မပိုသည့်ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်သည်။ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန်ကာလကို ၅ နှစ် အထိ တိုးမြှင့်သတ်မှတ်နိုင်သည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့သည် စစ်မှုထမ်းနိုင်မည့် ကျန်းမာ ရေးအဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေ သူများ၊အခြားပြုစုစောင့်ရှောက်မည့်သူများမရှိသော မိအို၊ ဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဖြတ်ရန်ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေရသူများကို ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှယာယီရွှေ့ဆိုင်းနိုင်မည်ဖြစ်သည်။

ယာယီရွှေ့ဆိုင်းထားသူများအတွက် စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ် ကျော်လွန်စေကာမူ သတ်မှတ်ထားသော ပြည်သူ့စစ်မှုထမ်း ဆောင်ရန်ကာလကို ပြည့်မီအောင်ပြန်လည်ထမ်းဆောင်ရမည် ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ သာသနာ့ ဝန်ထမ်းများ၊ အိမ်ထောင် သည်အမျိုးသမီးများအပြင် အိမ်ထောင်ပျက်သော် လည်း သားသမီးရှိသူ အမျိုးသမီးများလည်းပါဝင် သည်။ ထို့အတူ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေး ရေးဘုတ် အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ကင်းလွတ်ခွင့်ပြုထားသူများသည် စစ်မှုထမ်းဆောင် ခြင်းမှ ကင်းလွတ်မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက် လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက်ခေါ်ယူ သည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်သည်။ သင်တန်းတစ်ပတ်စဉ်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခုမှ အများဆုံးပါဝင်နိုင်မည့်အရေအတွက်မှာ တစ်ဦး၊ နှစ်ဦးထက် ပိုနိုင်မည်မဟုတ်ပါ။

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းသောင်းကျန်းမှုနှင့်ကြုံလာ သောနိုင်ငံဖြစ်သည်။ နိုင်ငံတစ်ခုတွင် ရိုသေခံ့ညားလောက်သော လုံခြုံရေးအင်အား၊ ကာကွယ်ရေး အင်အားမရှိဘဲ ခိုင်မာသောတည်ငြိမ်အေးချမ်းမှုကို မရနိုင်ပေ။ နိုင်ငံတော်တွင်ရှိသော နိုင်ငံ့စွမ်းအားစု အားလုံးပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ အမျိုးသားစစ်မှုထမ်းစနစ် (National Service) ပင်ဖြစ်သည်။ ဒီလိုစစ်မှုထမ်းစနစ်ဆိုသည်မှာ ရေတိုဆောင်ရွက်ရသော လုပ်ငန်းမဟုတ်ဘဲ ရေရှည်တစိုက်မတ်မတ် ဆောင်ရွက်ရသောစီမံချက်ဖြစ်သည်။ နိုင်ငံတော်၏ဥပဒေ ပြဋ္ဌာန်းချက်များ၊ တပ်မတော်၏မြင့်မားသောစွမ်းဆောင်နိုင်မှု၊ ပြည်သူလူထုတစ်ရပ်လုံး၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ အသိဉာဏ်ပညာမြင့်မားမှုများနှင့် ကာကွယ်ရေးပညာဗဟုသုတကြွယ်ဝမှု၊ ကာကွယ်ရေးပညာ တတ်ကျွမ်းမှုတို့ ပေါင်းစပ်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သော စစ်မဟာဗျူဟာသည် ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အသင့်လျော်ဆုံး ပြည်သူ့စစ်မဟာဗျူဟာကို ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူး များညီလာခံတွင် စတင်ဆွေးနွေးခဲ့ကြသည်။ ၁၉၆၇ခုနှစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို ရေးဆွဲသည်။ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမဒေသများတွင် ပြည်သူအားလုံးပါဝင်သော ပြည်သူ့စစ်မဟာဗျူဟာကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ခဲ့သဖြင့်မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပြည်တွင်းသောင်းကျန်းမှု များလည်း တစ်ပေါင်းတည်းချုပ်ငြိမ်းသွားခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ဥပဒေပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေး၊ အချုပ် အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်"ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၃၈၆ တွင် "နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်" ဟု ပြဋ္ဌာန်းထားသည်။

စစ်မှုထမ်းခွင့်ကာလအတွင်း ရရှိလာမည့်လက်နက်မျိုးစုံစနစ်တကျ ကိုင်တွယ်ပစ်ခတ်ပုံနှင့်တကွ စစ်အတတ်ပညာပေါင်းစုံသည် တန်ဖိုးရှိလှ သည်။ထို့အတူ ရုပ်ပိုင်းဆိုင်ရာခွန်အားများနှင့်ထပ်ဆင့် ပြောင်းလဲလာသော စိတ်ဓာတ်ခွန်အားများအဖြစ်ရဲဘော်ရဲဘက်စိတ်၊ ဇာတိမာန်စိတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များလည်း ထွန်းကားလာမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းအားဖြင့်ဖြစ်ပေါ်လာနိုင်သော အကျိုးကျေးဇူးတစ်ရပ်မှာ စစ်ကိုဟန့်တားနိုင်သော စွမ်းရည်ပိုမို ရရှိလာခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းသည် မိမိတို့နိုင်ငံ၏ကာကွယ်ရေးအင်အားနှင့် ပြည်သူလူထု၏ကာကွယ်ရေး လုံခြုံရေးဆိုင်ရာအသိစွမ်းရည်များကို ပြသနိုင်မည်ဖြစ်သည်။ ထိုသို့ပြသနိုင်ခြင်းဖြင့်နိုင်ငံအတွက် ရိုသေခံ့ညားလောက်သော ကာကွယ်ရေး စွမ်းအားကို ရရှိလာမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာ တပ်မတော်၌သာတာဝန်ရှိသည် မဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးမှာ တာဝန်ရှိသည်။ သို့ဖြစ်ရာ ပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အားလုံးက ဂုဏ်ယူဝမ်းမြောက်စွာ တာဝန်ထမ်းဆောင်နိုင်ရေး “ပြည်သူ အားလုံးပါဝင်လို့ ပြည်သူ့စစ်မှု ထမ်းစနစ်အကောင်အထည်ဖော်ကြစို့” ဟု တိုက်တွန်းရေးသားလိုက်ရ ပါသည်။ 

လင်းအရုဏ်ဦး(ပဲခူး)