နိုင်ငံသားတစ်ဦး၏တာဝန်ကျေပွန်ဖို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ပါဝင် ထမ်းဆောင်ကြပါစို့

 

နိုင်ငံသားတစ်ဦး၏တာဝန်ကျေပွန်ဖို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ပါဝင် ထမ်းဆောင်ကြပါစို့

မြန်မာတိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးရည်မွန်၍ တည်ကြည်ဖြောင့်မတ်သောလူမျိုးများဖြစ်ကြသည်။ ပင်ကိုစရိုက်အရ ငြိမ်းချမ်းစွာနေထိုင်တတ်သော မြန်မာလူမျိုးတို့၏ မျိုးချစ်စိတ်ဓာတ်သည် အမျိုး၊ ဘာသာ၊ သာသနာကိုထိပါးလာပါက အသက်စွန့်၍ လက်တုံ့ပြန်တတ်ကြသည်။ တစ်နည်းအားဖြင့် ဆိုသော် နိုင်ငံတော်မြေဆိုလျှင် ရွေးတစ်စေ့၊ ဆံချည်တစ်မျှင်စာမျှ ထိပါးကျူးကျော်မှုကို လက်တုံ့ပြန်ရန် မနှေးတတ်သလို မိမိနိုင်ငံနှင့်လူမျိုးအပေါ်ချစ်တတ်သောစိတ်၊ မိမိလူမျိုးတို့၏အကျိုးစီးပွားကို ဆောင်ရွက် လိုသောစိတ်ဓာတ်များသည် မြန်မာလူမျိုးတို့၏ရင်တွင်း၌ ယနေ့တိုင်ရှင်သန်နေဆဲပင်ဖြစ်သည်။ စင်စစ်အားဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမ များ၏ အခြေခံစိတ်ဓာတ်သည် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လိုသောစိတ်ဆန္ဒများရှိကြပါသည်။ တည်ငြိမ် အေးချမ်းမှုရှိနေမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် ကာကွယ်ရေးအင်အားတောင့်တင်းရန်လိုအပ်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် ရိုသေခံ့ညားလောက်သည့် ကာကွယ်ရေးအင်အားရှိနေမှသာလျှင် ပြည်တွင်း ပြည်ပအဖျက်သမားများနှင့် လက်နက်ကိုင်အကြမ်းဖက်သမားများကို ဟန့်တားချေမှုန်းနိုင်မည်ဖြစ်သည်။

ဝေဖန်ထိုးနှက်

လက်ရှိအချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည် အသက်ဝင်လာသည့် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူများအကြားတွင် ထင်ကြေးအမျိုးမျိုးပေးကာ ပြောဆိုဝေဖန်လျက်ရှိကြသည်။ အစိုးရ၏အပြုသဘောဆောင်သောကြိုးပမ်းဆောင်ရွက်မှုများကို အမြဲတစေဝေဖန်တိုက်ခိုက်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက်အားပေးမီဒီယာများကလည်း လူငယ်များနှင့်မိဘများ ထိတ်လန့်စိုးရိမ်မှုဖြစ်အောင် ဝါဒဖြန့် ထုတ်လွှင့်ရေးသားလျက်ရှိကြသည်။ သို့သော် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသော ပြည်သူများသည်ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသိအမှတ်ပြုထောက်ခံလျက်ရှိကြသည်။

ယခင်ကတည်းက ပြဋ္ဌာန်းထား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အရေးပေါ်အသစ်ပြဋ္ဌာန်း လိုက်ခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းထားခဲ့သည်။ ထို့နောက် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့သည်။ ဆိုရလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်အတွင်းဖြစ်ပေါ်လျက်ရှိသော ပကတိအခြေအနေအရ နိုင်ငံသားတိုင်း မိမိအဝန်းအဝိုင်းကိုကာကွယ် စောင့်ရှောက်သွားလိုသောစိတ်ဓာတ် ကိန်းအောင်းလာစေရန်ပင်ဖြစ်သည်။ စင်စစ်အားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကိုမြန်မာနိုင်ငံတွင်သာ ပြဋ္ဌာန်းနေခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိသည်။

စနစ်တကျ ပြင်ဆင်စုဖွဲ့လေ့ကျင့်

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်ရေးသားထုတ်လွှင့်မှုများကြောင့် လူငယ်များနှင့်မိဘများ စိုးရိမ်ပူပန်မှုမြင့်တက်လျက်ရှိသည်။ အမှန်တော့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေ၌အကျုံးဝင်သည့် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းခန့်ရှိသည်။ သို့သော် နှစ်စဉ် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် လူဦးရေသည် ၅ဝဝဝဝ၊ ၆ဝဝဝဝ ခန့်သာရှိသည်။ တစ်နည်းအားဖြင့် တစ်နှစ်လျှင် လူ ၂ဝဝ တွင် တစ်ယောက်လောက်သာ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် အလှည့်ကျ စစ်မှုထမ်းဆောင်ရခြင်းသာဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင်လည်း စနစ်တကျခေါ်ယူသွားမည်ဖြစ် ပြီး ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက်အရွယ်အကျုံးဝင်သည့်တိုင်အောင် ပညာဆုံးခန်းတိုင်အောင် ဆက်လက်သင်ကြားခွင့်ရရှိမည်ဖြစ်သည်။ အလားတူ နိုင်ငံခြားတွင် ပညာသင်ကြားနေသူများသည်လည်း ပညာဆုံးခန်းတိုင်အောင် ဆက်လက် သင်ကြားခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ရာတွင်လည်း သတ်မှတ်ထားသော လစာနှုန်းထား၊ ရိက္ခာ၊ ခံစားခွင့်များရရှိမည်ဖြစ်သည်။ ထိုသို့ တာဝန်ပေးအပ်နိုင်ရေးအတွက် စနစ်တကျလေ့ကျင့်မှု (Well Train)၊ စနစ်တကျစုဖွဲ့မှု (Well Organization)၊ စနစ်တကျပြင်ဆင်မှု(Well Prepare)များလုပ်ဆောင် သွားမည်ဖြစ်သည်။ လူငယ်များ၏ရုပ်ပိုင်းနှင့် စိတ်ပိုင်းကြံ့ခိုင်မှုဖြင့် ခံယူချက်ပြည့်ဝလာစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ စစ်ပညာရပ်များ၊ ကာကွယ်ရေးပညာရပ်များသင်ကြားပေးခြင်းအားဖြင့် လူငယ်များ သည် မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိအဖွဲ့အစည်းအပေါ်ယုံကြည်စိတ်၊ မိမိလူမျိုးနှင့် မိမိနိုင်ငံအပေါ် ယုံကြည်စိတ်များမြင့်တက်လာမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်ရန်လို

လက်ရှိအချိန်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့သည် ကာကွယ်ရေ းအင်အားချည့်နဲ့သော နိုင်ငံငယ်များကို လူ့အခွင့်ရေး၊ ဒီမိုကရေစီရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအကြောင်းပြချက်များဖြင့် စစ်ဆင်ရေးများဆင်နွှဲပြီး ၎င်းတို့မနှစ်သက်သည့်အစိုးရများကိုဖြုတ်ချကာ ရုပ်သေးအစိုးရများ တင်မြှောက်လျက် ကြိုးကိုင်ခြယ်လှယ်လေ့ရှိကြသည်။ ထို့ကြောင့် တိုင်းပြည်ကာကွယ်ရေးအင်အားတောင့်တင်းနေမှသာလျှင် ပြည်တွင်းရှိ အကြမ်းဖက်သမားများနှင့် ပြည်ပမှဝင်ရောက်စွက်ဖက်လိုသူများကို ဟန့်တားနိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုသို့ ကာကွယ်ရေးအင်အားတောင့်တင်းရန်သည် ပြည်သူအားလုံး၏ပူးပေါင်းဆောင်ရွက်မှုများစွာလိုအပ်လျက်ရှိသည်။

ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိ 

လက်ရှိအချိန်တွင် တချို့သော EAOs များနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိပါးနှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်ကို ပြည်သူအားလုံး အသိပင်ဖြစ်သည်။ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ရှိ မြို့/ ရွာတချို့တွင် သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ယူခွင့် လက်လွှတ်ဆုံးရှုံးရလျက်ရှိသည်။ ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူ များသည် ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါး စော်ကားသည့် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြသည်။ ဆိုရလျှင် သောင်းကျန်းသူအဖျက်သမားများ ၏လုပ်ရပ်များကြောင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများစွာ ထိခိုက်နစ်နာလျက်ရှိသည်။ စင်စစ်အားဖြင့် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုစောင့်ထိန်းရန်တာဝန်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)၌ အတိအလင်းပြဋ္ဌာန်းထားသည်။ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး သည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်ဟူသောအချက်နှင့် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟူသည့်အချက်တို့ ပြဋ္ဌာန်းပါရှိသည်။

အကျိုးကျေးဇူးများစွာ

အမှန်တော့လူငယ်များသည် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော် ကာကွယ်နိုင်သည့် အသိပညာ၊ အတတ်ပညာများတတ်မြောက်ခြင်း၊ အဖွဲ့အစည်းနှင့် လုပ်တတ်ကိုင်တတ်သည့်စိတ်ဓာတ် (Team Work, Team Spirit) များရရှိခြင်း၊ မျိုးချစ် စိတ်ဓာတ်ရှိသူအချင်းချင်း၊ နိုင်ငံချစ်စိတ်ရှိသူအချင်းချင်း၊ မိတ်ဆွေအချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်ခြင်း၊ စည်းကမ်းလိုက်နာလိုသည့်စိတ် စသည့်စွမ်းရည် စွမ်းအားများတိုးတက်လာစေမည်ဖြစ်သည်။ အထူးသဖြင့် မိမိနိုင်ငံကို ကာကွယ်နိုင်သည်ဆိုသောယုံကြည်မှု၊ မိမိကိုယ်ကိုကာကွယ် နိုင်သည်ဆိုသော ယုံကြည်မှု၊ မိမိ မိသားစုကိုကာကွယ်နိုင်သည်ဆိုသောယုံကြည်မှု၊ မိမိလူမျိုးကို ကာကွယ်နိုင်သည်ဆိုသောယုံကြည်မှုများ ရှိလာမည်ဖြစ်သည်။

နိုင်ငံသားတစ်ဦး၏တာဝန်ကျေပွန်ဖို့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ကြပါစို့

ဆိုရလျှင် တိုင်းပြည်အတွင်းရှိသည့် နိုင်ငံ့စွမ်းအားစု အားလုံးပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်း သောနည်းလမ်းသည် အမျိုးသားစစ်မှုထမ်းစနစ် (National Service)ပင်ဖြစ်သည်။ အမျိုးသား စစ်မှုထမ်းစနစ်သည် နိုင်ငံတော်လုံခြုံရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည် ဆောင်ရွက်ရသည့်စီမံချက်(Long Term Plan)တစ်ခုပင်ဖြစ်သည်။ အမှန်တော့ နိုင်ငံတော်၏ စီးပွားရေးစွမ်းအား(Economic Might)နှင့် ကာကွယ်ရေးစွမ်းအား (Military Might) တို့ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ဆောင်ရွက် သွားရန်လိုအပ်ပေသည်။ စင်စင်အားဖြင့် နိုင်ငံသားတိုင်းသည် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏အန္တရာယ်ကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက် လျက်ရှိသည့်တပ်မတော်ကို အားဖြည့်ကူညီပေးရန်လိုအပ်ပေသည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းနေမှသာလျှင် ပြည်သူများစိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံးသည် တပ်မတော်နှင့်အတူ တိုင်းပြည်ကာကွယ်ရေးတာဝန်များထမ်းဆောင် သွားရန်လိုအပ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏အခွင့်အရေး၊ တာဝန်နှင့် ဝတ္တရားများအရသော်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရသော်လည်းကောင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အရသော်လည်းကောင်း နိုင်ငံတော်ကာကွယ်ရေးတွင် ပါဝင်ထမ်းဆောင်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ 

မောင်သောင်းဝင်း(တမန်ဟောင်း)