အမွေခံထိုက်သူများ ဖြစ်ကြပါစေ

 

အမွေခံထိုက်သူများ ဖြစ်ကြပါစေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် ယခုမှ တည်ရှိလာသောနိုင်ငံတော်ကြီး မဟုတ်ပေ။ ရှေးအစဥ်အဆက်က စုစည်းတည်ထောင်လာခဲ့သော နိုင်ငံတော်ကြီး ပင်ဖြစ်သည်။ နိုင်ငံတစ်ခုဆိုသည်မှာလည်း မှီတင်းနေထိုင်သောပြည်သူလူထုPopulation၊ သတ်မှတ်ပိုင်းခြားထားသော နယ်မြေပိုင်နက်အပိုင်း အခြားTerritory၊အုပ်ချုပ်သော အစိုးရGoverment၊အချုပ်အခြာ အာဏာSovereigntyတို့ရှိရမည် ဖြစ်သည်။ ထိုအင်္ဂါရပ် ၄ခုနှင့် ပြည်စုံရမည်ဖြစ်သည်။ ထိုအင်္ဂါရပ်ထဲတွင်ပါဝင်သောအရာများသည်ဘို းဘွားတို့ ၏အမွေများပင်ဖြစ်ပြီး နယ်မြေပိုင်နက်အပိုင်းအခြားသည်လည်း ရှေးဘိုးဘွားတို့ပိုင်းခြား သတ်မှတ် ပေးခဲ့သည့် အပိုင်းအခြားများဖြစ်သည်။ အနော်ရထာ၊ဘုရင့်နောင်၊ အောင်ဇေ ယျမည်သည့် ရှေးမြန်မာမင်းကြီးများ သတ်မှတ်ပေးခဲ့သည့် နယ်နမိတ် အပိုင်းအခြား ပင်ဖြစ်သည်။ ယခုမှထပြီး ရေးဆွဲပိုင်ဆိုင်ထားသည့်နယ်န မိတ်အပိုင်းအခြားများ မဟုတ်ကြောင်းကိုတော့ အသေအချာ သိရှိထားကြရပေမည်။

နယ်နမိတ်ကို ထိန်းရမည့်သူ

ရှေးအစဥ်အဆက်ကပင်မြန်မာမင်းတရားကြီး၃ပါးနှင့်၎င်းတို့တည်ထောင်ထား သည့် တပ်မတော်ကပင် ပြည်တွင်းရန်နှင့် ပြည်ပရန်များကို တိုက်ခိုက်တွန်းလှန်ခဲ့ကြ၍ ဤနိုင်ငံ ဤနယ်နမိတ်သည် ဤမျှတည်တံ့ခိုင်မြဲနေခဲ့ရခြင်းဖြစ်သည်။ တပ်မတော်သည် လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ခဲ့သည်မှာ လည်းနှစ်ပေါင်း၇၉နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ ဤကာလအတွင်းတွင်ပြည်တွင်း ပြည်ပရန်များကိုတွန်းလှန်ဖြိုဖျက်တိုက်ခိုက်ခဲ့ရသည်မှာ သမိုင်းသက်သေ အထင်အရှားရှိ ခဲ့ပေသည်။ မြန်မာနိုင်ငံသည်၁၉၄၈ခုနှစ်လွတ်လပ်ရေးရသည်နှင့် ပြည်တွင်း စစ်မီးတောက် လောင်ခဲ့ရာ တပ်မတော်မှာ တိုင်းပြည်မပြိုလဲရေးအတွက် အဖက်ဖက်မှ တိုက်ခိုက်ဆောင်ရွက်ထား၍သာ ဤနယ်နမိတ်သည် ခိုင်မြဲတည်တံနေခြင်းဖြစ်သည်။ ထိုကြားထဲတွင် ပြည်ပကျူးကျော်စစ်အနေဖြင့် တရုတ်ဖြူများကလည်း ကျူးကျော်ဝင် ရောက်နယ်ချဲ့ခဲ့ရာ တပ်မတော်သည် စစ်ဆင်ရေးကြီးများ ချမှတ်တိုက်ပွဲဝင်ခဲ့ကြရသည်။

ပြည်ထောင်စုမပြိုကွဲရေး

ပြည်ထောင်စုမပြိုကွဲရေးသည် နိုင်ငံအတွက် အရေးကြီးဆုံးသောအမျိုးသား နိုင်ငံရေးတာဝန်ပင်ဖြစ်ပေသည်။ ဤနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော လူမျိုး အားလုံးအတွက် ပြည်ထောင်စုဟူသည် တည်ရာမှီရာပင် ဖြစ်သည်။ ပြည်ထောင်စုကြီး ပြိုကွဲသွားပါက လူမျိုးများသည်လည်း အမိမဲ့သွားမည်၊ နိုင်ငံမဲ့သွားမည်မှာ အမှန်ပင် ဖြစ်သည်။ သို့ဆိုလျှင်ပြည်ထောင်စုဟူသည် မှီတင်းနေထိုင်သူတို့ကို  နားခိုခွင့်ပြုထား သော အေးရိပ်ဆာယာအရိပ်ကြီးပင်ဖြစ်တော့သည်။ သည်အရိပ်၏ အကျိုးကြောင့် အပူထဲကိုမရောက်ပါပဲ အေးလူလူနေထိုင်ခွင့်ရကြသည်။ အပူထဲတွင်နေကြည့်မှသာ အေးမြခြင်းအရသာကို သိကြရသည်မှာအမှန်ပင်ဖြစ်သည်။ သည်မြေမှာနေ၊ သည်ရေကို သောက်သောသူများအနေဖြင့် သည်နိုင်ငံ၏ ကျေးဇူးတရားကို အမြဲထင်ထင် ရင်ထဲတွင် ကမ္ဗည်းတင်ထားရမည်မှာသာမက နိုင်ငံ၏ကျေးဇူးတရားကိုလည်း ဆပ်ခွင့်ကြုံချိန်တွင် ဆပ်သင့်ကြသည်ဟု ထင်မြင်မိသည်။

အမိမဲ့သား

အမိမဲ့သားဟူသည် ရေနည်းငါးကဲ့သို့ ကူရာကယ်ရာမဲ့အခြေအနေမျိုးဟူသည် မည်မျှဆိုးဝါးသည်ကို တွေးကြည့်ရုံဖြင့်လျှင် သိနိုင်ပေသည်။ အိမ်ခြေယာခြေမဲ့သူများ၏ အဖြစ်ကို နိုင်ငံတွေ၏ သတင်းတွေထဲ၊ သတင်းစာတွေထဲတွင် မြင်ကြားနေရသည်မှာ စိတ်နှလုံးနာကျင်ဖွယ် ဖြစ်သည်။ အိမ်ခြေယာခြေမဲ့ဘဝပင်လျှင် ဤမျှစိတ်မချမ်းမြေ့စရာ ဖြစ်နေရလျှင် နိုင်ငံမဲ့သူများဘဝဆိုလျှင်ရော ဘယ်လိုလုပ်ကြပါမည်နည်း။ ဘယ်လိုခံစား နားလည် ရမည်မှန်းကိုပင် မသိနိုင်တော့ဟု တွေးကြည့်မိသည်။ မိမိတို့နိုင်ငံသည်ပင်လျှင် နိုင်ငံရှိလျက်က စည်းလုံးညီညွတ်မှုပြိုကွဲ၍ အချုပ်အခြာအာဏာပျောက်ဆုံးခဲ့ရသည့် ကိုလိုနီလက်အောက်ခံဘဝကို နှစ်ပေါင်း ၁၂၄နှစ်ကြာသည်ထိ ဘိုးဘွားတို့ ဖြတ်သန်း ကျော်လွှားခဲ့ရသည့်ဘဝသည် မည်မျှခက်ခဲပင်ပန်းခဲ့ကြမည်ကို ကြားသိဖတ်မှတ်ခဲ့ရပြီး နာကျင်စွာခံစားနားလည်ရသည်။ အမိမဲ့သားဘဝသည် ဘာမျှကောင်းနိုင်ဖွယ်ရာ မရှိသည်ကို ပြောစရာလိုမည် မထင်ပါ။

ကွင်းဆက်

ပြည်ထောင်စုပြိုကွဲလျှင် တိုင်ရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲမည်မှာ မြေကြီး လက်ခတ်မလွဲပင်ဖြစ်သည်။ သို့ဆိုလျှင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို ထိပါးတတ်သည့် သဘောသဘာဝကို ကိုလိုနီခေတ်က ဘိုးဘွားဘီဘင်တို့က နမူနာဆိုးကို စံပြဆိုးအနေဖြင့် ပြခဲ့ကြပြီးဖြစ်သည်။ သည်လမ်းခရီးက မကောင်းကြောင်း၊ ဆူးညှောင့် ချိုင့်ခွက်တို့ပေါများကြောင်း၊ သွားလမ်းလည်းမသင့် လာလမ်းလည်းမကောင်းကြောင်း ကိုပြခဲ့ကြပြီးဖြစ်သည်။ နောင်လာနောင်သားများအနေဖြင့်ထိုသင်ခန်းစာကိုကောင်း ကောင်းခံယူကြဖို့ လိုအပ်နေသည်ကို မျက်မှောက်ခေတ်ကာလ လက်ရှိအခြေအနေက ပြသနေသည်။ ယခုအခြေအနေသည် သွား၍မကောင်းသည့်လမ်းထဲသို့ တစ်ပါးသူတို့၏ မကောင်းသည့်ရေရှည်အကြံအစည်Long Term Plan၏ မြောက်ထိုးပင့်ကော်မှုဖြင့် သွားနေကြသည်။ ထိုအခါစစ်ဒဏ်ကိုခံကြရ၍ ကြားထဲတွင် မြေစာပင်ဖြစ်ကြရသည်။ ထိုမြေစာပင် ဘဝသည်ပင် အမိမဲ့သား၏ လက္ခဏာရပ်ပင် မဟုတ်ပါလော။

အမိနိုင်ငံတော်ကို ကာကွယ်ကြရမည်

စေ့စေ့တွေးတာတောင် ရေးရေးမျှပင်ပေါ်သည်ဆိုသည့် စကားရပ်ရှိပေသည်။ ယခုဖော်ပြခဲ့သည့် အချက်အလက်များကို ကြည့်ပါက မိမိနိုင်ငံတော်ကို မြန်မာနိုင်ငံ သားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ​မြန်မာ့တပ်မတော်သားများဖြင့်သာ ကာကွယ်ခဲ့ရသည်ကို အထင်အရှားတွေ့မြင်နေကြရပြီဟုဆိုချင်သည်။ မြန်မာ့တပ်မတော် သည်လည်း ပြည်သူများကြားက ပေါက်ဖွားသန္ဓေတည် ဖွဲ့စည်းခဲ့ကြ၍ ပြည်သူ့ တပ်မတော်သားဟု ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးများက မကာကွယ်ပါလျှင် မည်သူကလာ၍ ကာကွယ်ကြပါမည်နည်း။ အတိတ်တွင်လည်း မိမိနိုင်ငံကာကွယ်ရန်အတွက် တပ်မတော်သည် အင်အားအလုံအလောက်မရှိခင်က အခြားသူများအကူအညီရယူတိုက်ခိုက်ခဲ့ရာတွင် ထိုသူများ၏ နိုင်ငံအပေါ်အမြတ် ထုတ်လုပ်ရပ်များက နိုင်ငံတော်ကိုနစ်နာစေခဲ့သည်မှာ သာဓကအထင်အရှား ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်ပင်လျှင် မိမိနိုင်ငံကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းအပေါ် တွင် တာဝန်ရှိကြောင်း မြင်ကြရပေ​မည်။

ပြည့်အင်အားက ပြည်တွင်းမှာ

ပြည်သူ၏သားသမီးတွေက တပ်မတော်ကိုပါဝင်အမှုထမ်း၍ ပြည်သူ့တပ်မတော် ဖြစ်လာသည်သာမက ထိုမိမိတို့ရင်နှစ်သည်းချာတို့ဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည့် တပ်မ​တော်ကိုလည်း ပူးပေါင်းပါဝင်ကူညီ၍ တိုက်ပွဲများတွင် အနိုင်ရရှိခဲ့သည့် ဖြစ်စဥ်များမှာ တပ်မတော်သမိုင်းတွင် အထင်အရှားရှိပေသည်။ ပဲခူးရိုးမစစ်ဆင်ရေး၊ မြစ်ဝကျွန်းပေါ်စစ်ဆင်ရေးကအစပြု၍ စီစီဝမ်တာပန်စစ်ဆင်ရေးသာမက နောက်ပိုင်း စစ်ဆင်ရေးများအထိပင် တပ်နှင့်ပြည်သူလက်တွဲကူကာ ပြည့်ဖျက်ရန်များကို တိုက်ထုတ် နိုင်ခဲ့တာ ပြည်သူများအသိပင်ဖြစ်သည်။ ပြောရမည်ဆိုလျှင် သည်တိုင်းပြည်ကာကွယ် ရေးကို သည်တိုင်းပြည်နေ ပြည်သူ့ရင်နှစ်များ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့ တပ်မတော်က ကာကွယ်၊ ပြည်သူလူထုက လိုအပ်သည်များ ထပ်ပိုးကူညီကြနှင့် ကိုယ့်တိုင်းပြည်အရေး ကိုယ်ဆောင်ရွက်နေကြသည်မှာ ရှေးကတည်းက ဆောင်ရွက် နေကျ အစဥ်အလာပင် ဖြစ်ပေသည်။ ရှေးခေတ်ဆီကလည်း ဆယ်ပြုမြို့၊ ရာပြုမြို့၊ ထောင်ပြုမြို့များက မြို့အလိုက် ပြည်သူများသည် အချိုးကျ တပ်မတော်ထဲပါဝင် ကာကွယ်ကြသည့် ထုံးတမ်းစဥ်လာအတိုင်းပင်ဖြစ်သည်။

တပ်မတော်အင်အားရှိမှ

တပ်မတော်အင်အားရှိမှ တိုင်းပြည်သည်လည်းအင်အားရှိမှာအမှန်ပင် ဖြစ်သည် မှာ ပုံသေနည်း တစ်ရပ်ပင်ဖြစ်သည်။ ထိုပုံသေနည်းမှ လွဲဖယ်သွားပါက တပ်မတော် အင်အားကြုံလီလာပါက တိုင်းပြည်ဂုဏ်သိက္ခါကျဆင်းလာကာ ပြည်တွင်းပြည်ပရန် အန္တရာယ်များ ဝင်ရောက်တတ်သည်။ သို့ဖြစ်၍ စစ်အင်အားနှင့်အတူ နည်းပညာ တတ်ကျွမ်းမှုအင်အားပါ ပေါင်းစပ်မှသာ တပ်မတော်၏တိုက်စွမ်းရည်ကို မြှင့်တင်ရာ ရောက်ပေမည်။ ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရန်အတွက် လေ့ကျင့်ရေးသည်ပင် စစ်ဆင်ရေးပင်ဖြစ်သောကြောင့် လေ့ကျင့်ရာတွင်လည်း ခေတ်မီစစ်လက်နက်ပစ္စည်း များဖြင့် ထိတွေ့လေ့ကျင့်စေခြင်းဖြင့် ကြုံရမည့် စစ်ဆင်ရေးအတွက် အထောက် အကူပြုမည်ဖြစ်၍ သံကောင်းရန်အတွက် မီးနာနာပေးရမည် ဖြစ်သည်။ လာမည့် အနာဂတ်မြန်မာတပ်မတော်အတွက် ပေမီဒေါက်မီလေ့ကျင့်သာ းပြည့်ဝမှသာ ရန်သူ၏ လျှပ်တပြက်အကြံအစည်များကို အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်မည်ဖြစ်၍ စစ်အင် အားရော လေ့ကျင့်အားပါ နိုင်ငံအတွက်အမြဲအသင့်ဖြစ်ရန်လိုအပ်ပေမည်။

နိုင်ငံအတွက် အမြဲအသင့်

နိုင်ငံတိုင်းသည် မိမိနိုင်ငံအတွက် စစ်သည်အင်အား၊ လက်နက်အင်အားနှင့် လေ့ကျင့်မှုအင်အားတို့ကို အမြဲမပြတ် ဖြည့်ဆည်းဆောင်ရွက်နေကြရသည်။ စစ်သည် အင်အားပြည့်ဝစေရန်အတွက် နိုင်ငံ၏အခြေအနေနှင့် စစ်မူလာနိုင်သည့် ပြည်တွင်းရန်နှင့် ပြည်ပရန်အနေအထားအရတွက်ချက်ဆောင်ရွက်ကြရာ တစ်ချို့နိုင်ငံသည်ပြည်သူ့ စစ်မှုထမ်းဥပဒေNationalSeviceLawများပြဋ္ဌာန်းဆောင်ရွက်ကြသလို အချို့နိုင်ငံ များတွင် သတ်မှတ်ထားသည့် အသက်အပိုင်းအခြားအကြား ကိုယ်တိုင်ဆန္ဒပြုထမ်း ဆောင်သည့်စနစ်တို့ဖြင့် တာဝန်ထမ်းဆောင်ကြသည်။ ယခုအခါတွင်လည်း မြန်မာနိုင်ငံ တွင် အခြေအနေနှင့် အချိန်အခါအရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီဖြစ်သည်။ ထိုဥပဒေအရ နိုင်ငံကို ကာကွယ်လိုသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ အတွက် အခွင့်အလန်းက ပေါ်ခဲ့ပြီဖြစ်သည်။ ဤနေရာတွင် ​အိုင်ချင်းကဗျာဆရာမ တောင်တွင်းရှင်ငြိမ်းမယ်၏ ကဗျာပါ စာသားအချို့ကို ပြေးမြင်မိသည်။"သူများမောင်မှာ၊ စစ်သံကြားလျှင်၊ နာဖျားဥပါယ်ခိုကြတယ်။နှမလေး၊ မယ်တို့မောင်မှာ၊ ရွှေဓားပိုက်ကာ အိုးစားဖက်ကို၊ လိုက်လို့ရှာသည်။"

ပြည်သူ့စစ်မှုထမ်းဥပဒေ

ထိုဥပဒေပါအချက်များတွင် အဓိကအချက်များအနေဖြင့် အသက်ကိုကန့်သတ် ထားပြီး အမျိုးသား၁၈နှစ်မှ ၃၅နှစ်နှင့် ကျွမ်းကျင်သူကို ၄၅နှစ်ထိကိုလည်းကောင်း၊ အမျိုးသမီး၁၈နှစ်မှ ၂၇နှစ်နှင့် ကျွမ်းကျင်သူကို ၃၅နှစ်ထိသတ်မှတ်ထားသော်လည်း ယခုအခါ အမျိုးသမီးများ စစ်မှုထမ်းဆောင်ခြင်းကိုလည်း လတ်တလောခေါ်ယူရန် အစီအစဥ်မရှိသေးကြောင်း သိရှိရသည်။ အသက်အပိုင်းအခြားအပြင် တာဝန်ထမ်း ဆောင်ချိန်ကိုလည်း ၂နှစ်ကန့်သတ်ထားရှိပြီး ကျွမ်းကျင်သူ ၃နှစ်၊ အရေးပေါ်ချိန်တွင် ၅နှစ်သတ်မှတ်ထားသည်။ ရိက္ခာ၊လစာခံစားခွင့်များပေးထားကာအသက်မပြည့်သေးသူများ ပါဝင်အမှုထမ်းနိုင်မည် မဟုတ်ပါ။ ထို့ပြင် ၂၀၁၉ခုနှစ် ကြားဖြတ်သန်းကောင် စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေအတွင်းမှာ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ဒသမ၇သန်းရှိကြောင်းသိရှိရပြီး ထိုအထဲတွင်မှ အမျိုးသားကို ၁ရာခိုင်နှုန်းဖြစ်သည့် ၆သောင်းကျော်ခန့်ကိုသာ အလှည့်ကျခေါ်ဆောင် တာဝန်ထမ်း ဆောင်စေမည်ဖြစ်ကြောင်းသိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကိုတုပ

EAOများအနေဖြင့် ယခင်ကလည်း ၎င်းတို့၏လှုပ်ရှားနယ်မြေများတွင် လူသစ်စုဆောင်းမှုများရှိသော်လည်း ယခုအခါတွင် ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ပေါက် လာသောအခါ ထိုဥပဒေကိုတုပ၍ လူသစ်စုဆောင်းမှုများ ပိုမိုတုပ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ၎င်းတို့အနေဖြင့် လူသစ်စုဆောင်းရာတွင် လစာ၊ ရိက္ခာခံစား ခွင့်ဖော်ပြမှုမရှိခြင်း၊ တာဝန်ထမ်းဆောင်ရန် အချိန်သတ်မှတ်ထားမှုမရှိခြင်း၊ ဘယ်နေရာ တွင် ဘာတာဝန်ကိုပေးပြီး ဘာလုပ်ရမည်ကို မသိရခြင်း၊ အသက်မပြည့်သေးသည့်၁၅နှစ်၊ ၁၆နှစ်များပါရှိနေခြင်း၊ မိသားစုလူဦးရေပေါ်မူတည်စုဆောင်းခြင်းနှင့် ကျေးရွာအကြီး အသေးပေါ်တွင်လိုက်၍ စုဆောင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းကြားသိရသည်။ အရွယ်မရောက်သေးသူများအား အတင်းအဓမ္မခေါ်ဆောင် စုဆောင်းနေမှုများမှာလည်း ကြားရမသက်သာဆိုသလို ရုပ်ဆိုး အကျည်းတန်လွန်းလှသည်။

မွေခံထိုက်စေ

ဘုန်းတန်ခိုး အာနုဘော်ကြီးကျယ်ထည်ဝါခံ့ညားလှသည့် အနော်ရထာ၊ ဘုရင့် နောင်၊ အောင်ဇေယျဆိုသည့် ရှေးမြန်မာမင်းတရားကြီးများ၏ အမွေခံဖြစ်သော မြန်မာလူမျိုးများအနေဖြင့် ရှေးနိုင်ငံပြုမင်းကြီးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ရယူဆက်ခံကြရမည်မှာ သာကီမျိုးဝင် မင်းမျိုးနွယ် မြန်မာတို့၏ သမိုင်းစဥ်ဝန်တာပင် ဖြစ်သည်။ ခေတ်အဆက်ဆက်က တိုင်းပြည်၏ ထွန်းသစ်တောက်ပမှုများကို လက်ဆင့်ကမ်းပုံဖော်ဆောင်ရွက်ကြရမည်မှာ ယနေ့ခေတ်လူငယ်များပေါ်သို့ ကျရောက် လာသည့် ပခုံးပြောင်းတာဝန်များပင်ဖြစ်သည်။ ကျရောက်လာသည် ပခုံးပြောင်း တာဝန်များကို ကျေကျေပြွန်ပြွန်ထမ်းဆောင်ရင်းဖြင့် အမိနိုင်ငံတော်၏ အနာဂတ် တောက်ပလင်းလက်မှုများကို ကာကွယ်ဖော်ဆောင် သွားကြရမည်မှာ ​အမွေဆက်ခံ သည့်ခေတ်သစ်မြန်မာနိုင်ငံသားလူငယ်လူရွယ်များအပေါ်ကျရောက်လာခဲ့ပြီဖြစ်သည်။ အနာဂတ်သွေးသစ်များပီပီ အမိနိုင်ငံတော် ကာကွယ်တာဝန်ကို ဦးထိပ်ပန်ဆင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုရင်းဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံတော်ကြီး ဝင့်ဝင့်ထည်ထည်ခံ့ခံညားညား ရပ်တည်နိုင်ရေးအတွက် အမွေခံထိုက်ကြစေကြောင်း ရေးသားလိုက်ရသည်။  

ဗန်ညို