ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။  မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦး၏ “၁၂-၁-၂၀၁၇ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လေးစားစွာဖြင့် ရေးသားခဲ့သော “မြစ်ကြီးနား- နမ္မတီး-တနိုင်း- နန်းယွန်း- ပန်ဆောင်လမ်း”(ဒေသအခေါ် လီဒိုလမ်း)ပေါ်ရှိ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာ အခြေစိုက် တပ်မတော်တပ်ရင်းက ဆန်၊ စက်သုံးဆီ အမျိုးမျိုးတို့ကို ပိတ်ပင်တားဆီးနေမှု များအား အမြန်ဆုံး ဖယ်ရှားပေးနိုင်ပါရန်နှင့် ဆန်၊ စက်သုံးဆီအမျိုးမျိုးတို့ကိုယခင် အချိန်ကာလများကဲ့သို့ လွတ်လပ်စွာသယ်ယူခွင့်ပြုနိုင်ပါရန် မေတ္တာရပ်ခံတင်ပြစာနှင့် ပတ်သက်၍ မည်ကဲ့သို့ သဘောထားရှိပါကြောင်းကို သိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်စွဲပါ စာအမှတ်၊ ၃ / ၂-၆ / ဦး (၁) ဖြင့် မြစ်ကြီးနားခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တွက်ချက်တင်ပြချက်အရ တနိုင်းမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ရှင်ဗွေယန်မြို့နယ်ခွဲတို့ရှိ ဒေသခံလူဦးရေ(၆၂၇၇၅)ဦးအတွက် တစ်လလျှင် ဆန်လိုအပ်ချက် (၂၉၄၂၆)အိတ်နှင့် စက်သုံးဆီလိုအပ်ချက် (၇၂၇၁)ပီပါ လိုအပ်ကြောင်း တွေ့ရှိရသည့် အတွက် ဆန်နှင့်စက်သုံးဆီ ဝင်ရောက်မှုအခြေအနေများအား စိစစ်ကြပ်မတ်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဆန် (၄၈၈၈) အိတ်နှင့် စက်သုံးဆီ (၈၆၉၀) ပီပါအား လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် စက်သုံးဆီ(၅၈၈၂) ပီပါအား လည်းကောင်း ဒေသလိုအပ်ချက်ထက် ပိုမိုတင်သွင်းခဲ့ကြောင်း တင်ပြထားသည်ကို စိစစ်တွေ့ရှိရပါတယ်။

၃။    တနိုင်းမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ရှင်ဗွေယန်မြို့နယ်ခွဲတို့တွင် တရားဝင် လုပ်ပိုင်ခွင့်ရ ရွှေသတ္တုတူးဖော်ရန် သတ်မှတ်ပေးထားသည့် လုပ်ကွက်နေရာများသည် အစိုးရကွပ်ကဲထိန်းချုပ်မှု အားနည်းသော KIO/KIA (ကချင်)အဖွဲ့၏ ထိန်းချုပ်မှု နေရာများတွင်သာ တည်ရှိပြီး ရွှေ့ပြောင်းအလုပ်သမား အများအပြား ဝင်ရောက် လုပ်ကိုင်လျက်ရှိခြင်း၊ တရားမဝင် စက်ယန္တရားကြီးများ၊ အခိုင်အမာ ဆောက်လုပ်ထားသော ခွင့်ပြုချက်မရှိသည့် ရွှေဖောင်များဖြင့် ရွှေ/ပယင်းတူးဖော်ခြင်းကို ဆောင်ရွက်လျက်ရှိခြင်း၊

တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိခြင်း တို့ကြောင့် အထက်ပါ ပိုမိုတင်သွင်းခဲ့သော ဆန်နှင့် စက်သုံးဆီများမှာ KIO/KIA (ကချင်)အဖွဲ့၏ ထိန်းချုပ်မှုရှိသည့် နေရာများသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လျက် ရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁၆ ရက်အထိ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေး လိုက်ပါ၍ မြေပြင်ကွင်းဆင်းဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသား (၁၆) ဦး၊ ဘတ်ဟိုးယာဉ် (၁၇) စီး၊ သယ်ပို့ယာဉ်ကြီး (Transporter) (၃) စီး၊ (၁၀)ဘီးယာဉ် (၆)စီးနှင့် ရွှေဖောင် (၁၃)ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၄။    အဆိုပါ ဖမ်းဆီးရမိ တရုတ်နိုင်ငံသားများအား စစ်ဆေးခဲ့ရာ KIO/KIA (ကချင်)အဖွဲ့ အနေဖြင့် ၎င်းရွှေ/ပယင်း မှော်များအတွင်းသို့ ဝင်ရောက်လာသော ဆန် ၁ အိတ်လျှင် (၄၀၀၀) ကျပ်ဖြင့် လစဉ် ကျပ်သိန်း (၂၄၀) ခန့်၊ စက်သုံးဆီ ၁ ပီပါလျှင် (၅၀၀၀) ကျပ်ဖြင့် လစဉ်ကျပ်သိန်း(၄၀၀)ခန့်၊ အလုပ်သမား ၁ ဦး လစဉ် မှော်အတွင်း ဝင်ကြေး (၃၀၀၀၀) ကျပ်၊ ပယင်းလုပ်ကွက် ၁ ခုလျှင် လစဉ်ကျပ် (၈) သိန်းခန့်၊ ရွှေဖောင် ၁ ခုလျှင် လစဉ် ကျပ်သိန်း (၅၀) ခန့်၊ ယန္တရားကြီး ၁ စီးလျှင် ကျပ်သိန်း (၂၀) ခန့်နှင့် စတိုးဆိုင် / ဈေးဆိုင် / စားသောက်ဆိုင်များမှ လစဉ် ကျပ်သိန်း (၁၈၀) ခန့်တို့ကို ဆက်ကြေးအဖြစ် ကောက်ခံခဲ့သည့်အတွက် KIO/KIA (ကချင်) အဖွဲ့သည် တစ်နှစ်လျှင် ဆက်ကြေးငွေ ကျပ်သိန်း (၂၀၀၀၀) ခန့် ရရှိလျက် ရှိသည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။

၅။    အဆိုပါ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ကချင်ပြည်နယ်၊ တနိုင်းဒေသ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုထက် KIO/ KIA (ကချင်)အဖွဲ့အတွက် ဆက်ကြေးငွေ အမြောက်အများ ရရှိစေခဲ့ခြင်းတို့ကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ အသိပေးအကြောင်းကြားကာ တနိုင်းမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ရှင်ဗွေယန်မြို့နယ်ခွဲများသို့ ဒေသလိုအပ်ချက်ထက် ပိုမို တင်သွင်းလျက်ရှိသော ဆန်နှင့်စက်သုံးဆီများအား ဒွန်ဘန်ကျေးရွာမှတစ်ဆင့် စိစစ်တားဆီးထိန်းချုပ်မှုကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၆။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ တနိုင်းမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ရှင်ဗွေယန်မြို့နယ်ခွဲများသို့ ဝင်ရောက်မည့် ကုန်ပစ္စည်းများအား ကန့်သတ်ပိတ်ပင်တားဆီးမှု မရှိပါကြောင်း၊ ဆန်နှင့် စက်သုံးဆီများကိုလည်း တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တွက်ချက် တင်ပြချက်နှင့်အညီ တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူလူထု လိုအပ်ချက်ထက် ပိုမို တင်သွင်းလာသည့် ဆန်နှင့်စက်သုံးဆီများကိုသာ တရားမဝင် ဝင်ရောက်လုပ်ကိုင်သူ များထံ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိမှုမရှိစေရေး ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ အသိပေးအကြောင်းကြားကာ နယ်မြေလုံခြုံရေး အခြေအနေအရ စိစစ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်းနှင့် တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ တွက်ချက် တင်ပြမှုနှင့်အညီ တင်သွင်းလျက်ရှိခြင်းကြောင့် ကုန်ပစ္စည်း ရှားပါးခြင်း၊ ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်မားလာခြင်း၊ ပြည်သူတို့၏ စားဝတ်နေရေး ကြပ်တည်းမှုများ ဖြစ်ပေါ် လာနိုင်ခြင်း အစရှိသည့် ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်မှု မရှိပါကြောင်း ရှင်းလင်း တင်ပြ အပ်ပါတယ်။

၇။    အားလုံးကို ကျေးဇူးတင်ပါတယ်။