နိုင်ငံ့တာဝန် စုပေါင်းအားဖြင့် ထမ်းရွက်သက်သေပြချိန်တန်ပါပြီ

 

လူသားတစ်ယောက် စတင်မွေးဖွားရာ ဤမြေကား မွေးရပ်မြေဟု သမုတ်ခေါ်ဝေါ်ကြသည်ပင်။ လူသား တစ်ယောက်မှသည် လူအများစုထိ မွေးဖွားရှင်သန်ရာမြေသည်လည်း လူသားများ၏ မွေးရပ်မြေတစ်ဖြစ်လည်း ဖြစ်တည်သွားပြန်သည်။ ထိုမွေးရပ်မြေကား ထိုလူသားများအားလုံး၏ အမိမြေဟုလည်း ဆိုကြရပေမည်။ မွေးရပ်မြေလေး ထာဝရတည်တံ့ တိုးတက်သာယာနေသည်ကို လူသားတိုင်း မြင်ချင်တွေ့ချင်ကြသည်။ ထိုနည်းတူ မိမိတို့၏ အမိမြေဖြစ်သော နိုင်ငံတော်ကိုလည်း ထာဝရတည်တံ့ တိုးတက်သာယာနေသည်ကို အားလုံးမြင်ချင်တွေ့ချင်ကြပါလိမ့်မည်။ ဆက်စပ်ဒွန်တွဲနေသည့် အညမညနှလုံးသဘောသာဖြစ်သည်။ ထိုသို့ ဆိုလျှင် ယနေ့အချိန်အခါသည်ကား ဤမြေဖွားဇာတိသားအားလုံး အမိမြေ သို့မဟုတ် နိုင်ငံတော်၏ တာဝန်များကို စုပေါင်းအားဖြင့် ထမ်းရွက်သက်သေ ပြချိန်တန်ပါပြီဟု ဦးစွာနှိုးဆော်လိုပါသည်။

အမိမြေ သို့တည်းမဟုတ် နိုင်ငံတော်တစ်ရပ်တွင် မရှိမဖြစ်သော အင်္ဂါရပ်များရှိသည်။ ထိုသည်ကား မှီတင်း နေထိုင်ကြသော ပြည်သူလူထု၊ သတ်မှတ်ပိုင်းခြားထားသော နယ်မြေပိုင်နက် အပိုင်းအခြား၊ အုပ်ချုပ်သော အစိုးရ၊ လွတ်လပ်သော အချုပ်အခြာအာဏာ တို့ပင်ဖြစ်သည်။ ထိုအင်္ဂါရပ်လေးချက်သည် တစ်နည်းဆိုသော် စွမ်းအား(Power)ဟုဆိုရမည်။ ယင်းစွမ်းအား(Power)များတွင် အချက်အချာအကျဆုံးသည် မှီတင်းနေထိုင် ကြသော ပြည်သူလူထု သို့တည်းမဟုတ် နိုင်ငံသားများပင်ဖြစ်ပေသည်။ ကောင်းမွန်သောစွမ်းအား(Power) ဖြင့် နိုင်ငံ့ကောင်းကျိုးကို ဖြာဝေနိုင်သကဲ့သို့ အဆိုးဘက်သို့ တိမ်းယိမ်းသွားလျှင်လည်း နိုင်ငံတော်အား အကျိုးဆက်ကြောင့်အကြောင်းဆိုးတစ်ခု တစ်မုဟုတ်ချင်း ပြောင်းလဲသွားနိုင် သည်။

ကောင်းကျိုးနှင့် ကောင်းခြင်း၊ ဆိုးခြင်းနှင့် ဆိုးကျိုးတို့သည် အနန္တရပစ္စယ(အခြားမဲ့ပစ္စည်း) သဘောတရား ဖြစ်သည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ပဋ္ဌာန်းဒေသနာတော်တွင် ရှုမြင်နိုင်သည့် အနန္တရပစ္စယ (အခြားမဲ့ပစ္စည်း)ဟူသည်ကား အဆက်မပြတ်ဆက်တိုက် အကျိုးပြုတတ်သည့် မလွဲမသွေသော သဘောတရားကို ဆိုလိုခြင်းသာ ဖြစ်သည်။ ဤနေရာတွင် ယနေ့ နိုင်ငံသူ၊ နိုင်ငံသားတိုင်းသည် မိမိအမိမြေ အတွက် စဉ်းစားပေးရမည်မှာ ငါတို့နိုင်ငံ ငါတို့နိုင်ငံသားတွေအတွက် ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းများအနက် မည်သည့် အနန္တရပစ္စယ (အခြားမဲ့ပစ္စည်း)ကို ဖြစ်စေချင်ကြပါသနည်းဟူသည့်အချက်ကပင် စတင် စဉ်းစားရပေမည်။

နိုင်ငံတော်၏ မရိုးအီလှသော သမိုင်းအစကို ပြန်ပြောင်းကြည့်ကြပါမည်။ မြန်မာ့မြေပေါ်တွင် ကိုယ့်ထီး ကိုယ့်နန်းဟူသည့် သခင်စိတ်များကား ရှေးယခင်ကပင် အမြုတေခဲ့ပြီးဖြစ်သည်။ ပေါ်ထွန်းခဲ့ပြီး ဖြစ်သည်။ အနော် ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့လက်ထက်တွင် မြန်မာ ဟူသည်ကား အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ကြသည်ကို သမိုင်းတွင် တွေ့မြင်နေကြပြီးလည်းဖြစ်သည်။ ထိုမင်းများသည် နိုင်ငံတစ်နိုင်ငံကို ထူထောင်ရာတွင် တပ်မတော်ဟူသည့် ကာကွယ်ရေးအင်အားစုများကို အခြေခံခဲ့၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးအင်အားစုဖြစ်သည့် တပ်မတော်တစ်ရပ် အားနည်းချိန်တွင် နိုင်ငံတော်သည် ချည့်နဲ့သွားတတ်ပြီး တပ်မတော်ဟူသည့် ကာကွယ်ရေး အင်အားစု တောင့်တင်းချိန်တွင် နိုင်ငံတော်သည်လည်း အားကောင်း လာတတ်သည်။ မြန်မာဆိုသည့်သမိုင်းတွင် ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်များ ပျက်သုဉ်းလိုက် ဖြစ်တည်လိုက်ရှိခဲ့သည်များဖြစ်သလို နောက်ဆုံးသူ့ကျွန်ဘဝရောက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်ကို အားလုံး အသိပင်ဖြစ်သည်။ တိုင်းတစ်ပါးလက်အောက်မှ တစ်မျိုးသားလုံးရုန်းထပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဆိုသည့် တိုင်းရင်းသားများစုပေါင်း၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ် တွင် ဝင့်ထည်စွာ ရပ်တည်လာခဲ့ကြပြန်သည်။

သူတစ်လူငါတစ်မင်းဟူသည့် အတ္တစွဲ၊ ပြည်တွင်းပြည်ပ သွေးထိုး နှောင့်ယှက်မှုများ စသည့်အကြောင်း ပေါင်းစုံကြောင့် အမိနိုင်ငံတော်သည် ဒုက္ခများများ၊ သုခနည်းနည်းဖြင့် ဆူကြုံနိမ့်မြင့်ဟူသည့် နေ့စွဲများကို ဖြတ်သန်းခဲ့ရ၏။ ထိုနေ့ရက်များတွင် တပ်မတော်၏ကဏ္ဍ၊ တပ်မတော် နှင့်ပြည်သူတို့၏ လက်တွဲပူးပေါင်းခဲ့သည့် ကဏ္ဍများကို များစွာတွေ့ခဲ့ရသည်။ “သူ့ကျွန်မခံပြီ”ဟူသည့်စိတ်ကြောင့် မျိုးချစ်မြန်မာ့တပ်မတော် တစ်ရပ် ပေါ်ပေါက်ခဲ့သည်။ နိုင်ငံတော်အစိုးရ၏ အမိန့်မလို ကိုယ့်နှလုံးသားကို ကိုယ်အမိန့်ပေး၍ လွတ်လပ်ရေးဟူသည့် သန္နိဋ္ဌာန်စိတ်များဖြင့် မြန်မာ မျိုးချစ်လူငယ်များ တပ်မတော်ထဲသို့ ဝင်ရောက်လာခဲ့ကြခြင်းပင်။ တပ်မတော်နှင့် ပြည်သူသည် နိုင်ငံတော် အခက်အခဲတွေ့တိုင်းပူးပေါင်း၍ နိုင်ငံတော်၏ အသက်ဘေးကို ကယ်တင်ခဲ့ကြသည်။ နိုင်ငံရေးဝါဒီသမားများ၊ ပြည်တွင်း၊ ပြည်ပပုဆိန်ရိုးများ၏ အတ္ထမီးကြောင့် တောက်လောင်ခဲ့သော ပြည်တွင်း သောင်းကျန်းမှုဟူသမျှကိုလည်း တပ်မတော်နှင့် ပြည်သူကပင် လက်တွဲရင်ဆိုင်ကာ ချုပ်ငြိမ်းစေခဲ့သည်။ ဗကပတွေ ဆိုသည့်အသံ တစ်ခုတည်းနှင့် တပ်မတော်ထဲသို့ စာရင်းပေးသွင်းပြီး တပ်မတော်သား ဘဝကိုခြေစုံပစ်ဝင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံမှ တပ်မတော်သားဟောင်း များ၊ တပ်မတော်သားကြီးများ ယနေ့မြန်မာ့မြေပေါ်တွင် ပကတိရှိနေ ကြသည်။ ထိုအချိန်ထိုကာလအထိ နိုင်ငံတော်၏ အမိန့်မလို ကိုယ့်နှလုံးသား ကို ကိုယ်အမိန့်ပေးကာ တပ်မတော်သားများဖြစ်ခဲ့ကြသည်။

တရုတ်နိုင်ငံ၏ အဓိကသော့ချက်သည် ကွန်မြူနစ်ပါတီဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အဓိကသော့ချက်သည် ပါလီမန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကပထမသော့ချက်သည် တပ်မတော်ဖြစ်ပြီး ဒုတိယသော့ချက်သည် အမိမြန်မာနိုင်ငံကို လွန်စွာချစ်မြတ်နိုးသော မြန်မာပြည်သူ၊ ပြည်သား များသာဖြစ်သည်။ ထိုအချက်အား မြန်မာ့မြေကို မနှစ်မြို့၊ ဝါးမျိုလိုသည့် နိုင်ငံအချို့က သိထားသည်။ ထို့ကြောင့်ပင်လျှင် မြန်မာ့တပ်မတော် အားယုတ်လျော့ချိန်၊ တပ်မတော်နှင့် ပြည်သူတို့ သူစိမ်းဆန်ဆန် သွေးကွဲလာမည့်အချိန်ကို လွတ်လပ်ရေး ရပြီးစ ကာလကတည်းကပင် ယနေ့ထက်တိုင် သွေးထိုးရင်း စောင့်ဆိုင်းလာခဲ့ကြသည်။ အချိန်ကိုက် အခါကိုက် ဖြစ်ပြီလားဟု ယနေ့အဖြစ်အပျက်အလုံးစုံနှင့် မြန်မာတစ်မျိုး သားလုံး ချိန်ထိုးနှိုင်းဆလျှင် သိမြင်နိုင်ပါသည်။

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့သည် သမိုင်းစဉ်၏ အထူးခြားဆုံးနေ့တစ်နေ့ဟု စာရေးသူမြင်မိသည်။ မြန်မာပြည်သူ၊ ပြည်သား အားလုံးတောင့်တခဲ့ကြသည့် ဒီမိုကရေစီအနှစ်သာရနှင့်အတူ ၂ဝ၁ဝ ပြည့်နှစ် တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်း နိုင်ခဲ့သည်။ ထိုနှစ်တွင်ပင် ပြည်သူ့စစ်မှုထမ်းဥပဒေသည်လည်း ရေးဆွဲနှင့် ခဲ့ပြီးဖြစ်၏။ သို့သော် နှစ်ပေါင်း ၁၄ နှစ်အကြာ ယနေ့ ၂၀၂၄ ခုနှစ်တွင် ထိုဥပဒေအသက်ဝင်ခဲ့လေပြီ။ တစ်နည်းဆိုသော် နိုင်ငံတော်မှ ဥပဒေပါပြဋ္ဌာန်းချက်များ နှင့် ကိုက်ညီသည့် အမျိုးသား၊ အမျိုးသမီးအားလုံး နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ကြရ တော့မည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် ၂၀၂၄ ခုနှစ် မတိုင်မီထိ စစ်မှုထမ်းဆောင်ရန် နိုင်ငံသူ၊ နိုင်ငံသား များကို နိုင်ငံတော်မှ အမိန့်မပေးခဲ့။ ယနေ့နိုင်ငံတော်မှ အမိန့်ပေးလာပြီ။ တစ်နည်းအားဖြင့် နိုင်ငံတော်ဟူသည့် အမိမြေက တောင်းဆိုလာပြီ။ သမိုင်းပေးတာဝန်သည် ယနေ့ကိုယ်စီ အလှည့်သို့ ရောက်လာပေပြီ။

စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီး အသက်ဝင်နေသည့် နိုင်ငံများကို လေ့လာကြည့်လျှင် ၁၈ နိုင်ငံ ထိရှိကြသည်။ ဥပဒေပြဋ္ဌာန်းပြီး မထမ်းဆောင်စေသည့် နိုင်ငံများရှိသကဲ့သို့ ဥပဒေအတိုင်းအသက်ဝင်ပြီး ကာလအလိုက် စစ်မှုထမ်းဆောင်နေသည့် နိုင်ငံများလည်းရှိသည်။ မည်သို့ပင်ဆိုစေ မိမိအမိမြေပေါ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ခဲ့ပြီဟုသာဆိုရပါမည်။ ထိုနေရာတွင် တစ်မျိုးသားလုံး စဉ်းစား သင့်သည်မှာ မည်သည့်အတွက်ကြောင့် အကျုံးဝင်သည့် ပြည်သူတစ်ရပ်လုံး စစ်မှုထမ်းဆောင်ကြပါမည်နည်း။ ငါတို့အမိမြေမည်သည့်အန္တရာယ်နှင့် ကြုံတွေ့နေသည်လည်းဆိုသည့် အချက်ပင်ဖြစ်သည်ဟု စာရေးသူ တွေးစေ ချင်ပါသည်။

အင်အားကြီးလာသည့် တစ်ဖက်နိုင်ငံများမှ ရန်ပြုလိုစိတ်များကို ကျွန်ုပ်တို့မည်သည့်နည်းလမ်းဖြင့် ကာကွယ်ကြမည်နည်း။ ဥပမာ မြက်ခြောက်ခင်းတစ်ခု တစ်ဖက်ဆီမှ အတန်းလိုက်မီးလောင်လာသည်။ ထိုမီးကို ရေနှင့်ငြိမ်းမည်စသည့် သမားရိုးကျနည်းလမ်းဖြင့် ငြှိမ်းနိုင်သည့် အခါလည်းရှိသကဲ့သို့ မီးအားပြင်း လာသည့်အချိန်တွင် တစ်ဖက်မှ မီးတား လုပ်ကာ မီးပြန်ရှို့ရသည့် သဘောသဘာဝလည်းရှိသည်။ အဓိကသည် မီးငြိမ်းဖို့သာရည်ရွယ်သည်။ “ဒါနဲ့ပတ်သတ်ပြီးရှင်းပြရလျှင် ပြည်သူ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် မိမိတို့နိုင်ငံရဲ့ ကာကွယ်ရေးအင်အားနဲ့ မိမိတို့ပြည်သူလူထုရဲ့ ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အသိစွမ်းရည် တွေကို ပြသနိုင်မှာဖြစ်ပါတယ်။ ဒီလိုပြသနိုင်ခြင်းအားဖြင့် ပြိုင်ဘက်ရန်သူတွေဟာ ရန်ပြုလိုစိတ်၊ စစ်နဲ့ယှဉ်ပြိုင်လိုစိတ်များ ပျောက်ကွယ်သွားလျှင် ဟန့်တားရေး မဟာဗျူဟာ အောင်မြင်ပါတယ်။ စစ်မဖြစ်ရဘဲ ဟန့်တားရေး မဟာဗျူဟာအောင်မြင်ခြင်းဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောကြား သွားခဲ့သည်။ မည်သို့ဆိုစေ ပြည်သူတစ်ရပ်လုံးမှ မိမိတို့နိုင်ငံ၏ ကာကွယ်ရေး စွမ်းအားကို ထင်ဟပ် ပြသကြဖို့ မဖြစ်မနေလိုပြီဟု ပြောချင်ပါသည်။

 

ရှေ့တွင်စာရေးသူပြောခဲ့သည့်စကားနှင့် ပြန်ဆက်ကြည့်ပါမည်။ မြန်မာပြည်သူတို့၏ မွေးရပ်မြေသည် မြန်မာပြည်ဟူသော အမိမြေဖြစ်သည်။ မွေးရပ်မြေနှင့်တူသည့် အမိမြေကို လူငယ်လူရွယ်တို့ မည်သို့ကျေးဇူး ပြန်ပြုကြပါမည်နည်း။ မိမိအမိမြေပေါ်တွင် အနန္တရပစ္စယ (အခြားမဲ့ပစ္စည်း) ပဋ္ဌာန်းသဘောပမာ အဆက်မပြတ်ဖြစ်ပေါ်လာစေချင်သည့် အကြောင်းတရား အား မည်သို့အကြောင်းနည်း။ ပျက်စီးခြင်းလား၊ တိုးတက်ကောင်းမွန်စေခြင်း လား၊ ကုသိုလ်လား၊ အကုသိုလ်လားဟု မေးချင်ပါသည်။ အကုသိုလ် အကြောင်းတရားကို မလိုချင်လျှင်ကုသိုလ်နှင့် ပယ်သတ်ရမည်။ ပျက်စီးခြင်း ကို မလိုလားလျှင် တိုးတက်ကောင်းမွန်စေခြင်းများ ဖြစ်ပေါ်လာစေမည့် အကြောင်းတရားများနှင့် တိုက်ထုတ်ပယ်သတ်ရပေမည်။ စဉ်းစားရွေးချယ် လျှောက်လှမ်းရချိန်တန်ပါပြီ။ မည်သို့ စဉ်းစားရွေးချယ်သည်ဖြစ်စေ အဆက်မပြတ်အခြားမဲ့ဖြစ်ပေါ်တတ်သော ပဋ္ဌာန်းသဘောတရား အနန္တရပစ္စယ (အခြားမဲ့ပစ္စည်း)သည် အမိမြန်ပြည်သားတို့အား စောင့်စား နေမည်မှာ မဟုတ်ကြောင်းလည်း အထင်အရှား သတိပေးစေလိုပါသေးသည်။

ထို့ကြောင့် အမိမြန်ပြည်ဖွား ပြည်ထောင်စုသား လူငယ်လူရွယ်အပေါင်း တို့နှင့် မိဘပြည်သူများခင်ဗျာ ယနေ့အချိန်အခါကား နိုင်ငံ့အရေး မနှေးစဉ်စွာ နိုင်ငံ့တာဝန် စုပေါင်းအားဖြင့် ထမ်းရွက်သက်သေပြချိန် တန်ပြီဖြစ်ကြောင်း ဤဆောင်းပါးလေးဖြင့် လေးနက်စွာအကြံပြု တိုက်တွန်းနှိုးဆော် လိုက်ရပါတော့သည်။   ။

ထာဝရငြိမ်းချမ်းကြပါစေ...

 

ကျော်တေဇ(ဥက္ကလာ)