“ နိုင်ငံတော်ကာကွယ်ဖို့ စစ်မှုထမ်းဆောင်ကြပါစို့ ”

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေစတင်အာဏာတည်ကြောင်းသတ်မှတ်သည့် အမိန့်ကြော်ငြာစာကိုဖေဖော်ဝါရီလ ၁၀ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်မှုနှင့်စပ်လျဉ်း၍ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေလိုသူများကလူမှုကွန်ရက် စာမျက်နှာများတွင် အမျိုးမျိုးဝေဖန်ရေးသားလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံသားတစ်ဦး၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်လိုစိတ်မရှိသူများ၊ တစ်နည်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ခေါင်းပါးသူများသည် ပြည်သူများအကြားအထင်အမြင်လွဲမှားအောင် နှပ်ကြောင်းပေးရေးသားလာကြသည်။အထူးအဆန်းတော့မဟုတ်ပေ။ ပြည်သူများအနေဖြင့် ချင့်ချိန်နိုင်စွမ်းရှိမည်ဟုထင်ပါသည်။

နိုင်ငံတကာတွင်လည်းကျင့်သုံး

            စင်စစ်အားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုမြန်မာနိုင်ငံတွင်သာပြဌာန်းနေခြင်းမဟုတ်ဘဲကမ္ဘာ့နိုင်ငံများစွာတွင်လည်းကျင့်သုံးလျက်ရှိသည်။ သာဓကအနေဖြင့် အရှေ့ တောင်အာရှဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊မလေးရှား၊ လာအို၊ထိုင်းနိုင်ငံနှင့်ဒေသတွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနှင့်ဩစတြေးလျနိုင်ငံတို့တွင်လည်းကျင့်သုံးလျက်ရှိသည်။အဆိုပါနိုင်ငံများ၌ နိုင်ငံသားတိုင်းသည် အသက် ၁၈ နှစ်ပြည့်သည့်အချိန်တွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့သတင်းပို့ကြရသည်။ အချိန်မီသတင်းပို့ခြင်းမရှိလျှင် သက်ဆိုင်ရာကမိဘအုပ်ထိန်းသူများထံသို့အ‌‌ကြောင်းကြားလေ့ရှိသည်။

            သာဓကအနေဖြင့် စာရေးသူထိုင်းနိုင်ငံတွင် သံတမန်တာဝန်ထမ်းဆောင်စဉ်ကစစ်သံရုံးမှ ယာဉ်မောင်း၏ သားဖြစ်သူသည် လုပ်ငန်းတာဝန်နှင့် နယ်သို့ရောက်ရှိနေပြီးစစ်မှုထမ်းဆောင်ရေးနှင့်စပ်လျဉ်း၍ သတင်းပို့ရန်နောက်ကျသည့်အတွက် ဖခင်ဖြစ်သူထံသို့အကြောင်းကြားစာရောက်ရှိလာသည်ကိုကြုံခဲ့ဖူးသည်။ ထိုစဉ်ကဖခင်ဖြစ်သူသည် သက်ဆိုင်ရာသို့ချက်ချင်းသွားရောက်ကာအကျိုးအကြောင်းကိုသွားရောက်ရှင်းပြခဲ့သည်။သူတို့နိုင်ငံတွင် စစ်မှုထမ်းဆောင်မှုနှင့်စပ်လျဉ်း၍စောဒကတက်သည်ကိုတစ်ခါမျှမကြားခဲ့ရပေ။ ထို့ပြင်တမ်းပြည့် စစ်မှုထမ်းဆောင်လိုသည့် လူငယ်များစွာကိုလည်းတွေ့ရှိခဲရသည်။ မြန်မာနိုင်ငံတွင်လည်းနိုင်ငံတော်ကာကွယ်ရေးအတွက် ထိုသို့စိတ်အားထက်သန်သည့်လူငယ်များစွာရှိနေမည်ဆိုလျှင်အတိုင်းအထက်အလွန်ပင်ဖြစ်သည်။ပြည်တွင်း၊ ပြည်ပမှ အဖျက် သမားများ၏အန္တရာယ်ကိုရင်ဆိုင်နေရသည့်အချိန်မျိုးတွင် နိုင်ငံတော်ကာကွယ်စောင့်ရှောက် ရေးသည်နိုင်ငံသားတိုင်း၏တာဝန်ပင်ဖြစ်သည်။

နိုင်ငံသားတိုင်း၏တာဝန်

            ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၅ တွင် “ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကိုကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်”ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်’ ဟုလည်းကောင်းပြဌာန်းထားရှိသည်။

            အလားတူပြည်သူ့စစ်မှုထမ်းဥပဒေ၏နိဒါန်းပိုင်းတွင် “နိုင်ငံသားတိုင်းသည် ပြည် ထောင်စုမပြိုကွဲရေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဌာန်းရခြင်းဖြစ်ကြောင်း”ဖော်ပြပါရှိသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ

            ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အခန်း ၈ ခန်းပါရှိသည်။ အခန်း ၁ တွင် စစ်မှုထမ်းရမည့်ကာလနှင့် အသက်အရွယ်တို့ပါရှိသည်။ စစ်မှုထမ်းရမည့်အသက်အရွယ်နှင့်စပ်လျဉ်း၍ အမျိုးသားသည် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ်မကျော်လွန်သေးသူ၊ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မကျော်လွန်သေးသူများဖြစ်သည်။ ကျွမ်းကျင်ပညာရှင် များဆိုလျှင် အမျိုးသားသည် အသက် ၁၈ နှစ်ပြည့်ပြီး  ၄၅ နှစ် မကျော်လွန်သေးသူ၊ အမျိုးသမီးသည် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ်မကျော်လွန်သေးသူများဖြစ်သည်။ စစ်မှုထမ်းဆောင်ရမည့်ကာလသည် ၂ နှစ်ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်းသည် ၃ နှစ်ဖြစ်သည်။ ဆိုရလျှင်နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အချိန် ၂ နှစ်လောက်သာပေးရခြင်းသည် မပြောပလောက်သောကာလတိုလေးသာဖြစ်သည်။ စစ်မှုထမ်းဆောင်ခြင်းအားဖြင့် ဘဝတိုးတက်အောင်မြင်မှုအတွက် တန်ဖိုးမဖြတ်နိုင်သောအတွေ့ အကြုံများစွာကိုလည်းရရှိစေနိုင်မည်ဖြစ်သည်။

လွတ်လပ်ရေးကြိုးပမ်းစဉ်ကတည်းက

            အမှန်တော့ ရှေးယခင်ကတည်းကပင် မြို့၊ရွာများအလိုက် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ခဲ့ကြသည်။ တိတိကျကျဆိုရလျှင် မျိုးချစ်စိတ်ဓာတ်ရှိသောနိုင်ငံသားတိုင်းသည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကမဗာ့လွတ်လပ်ရေးတပ်မတော်(BIA)တွင်ဝင်ရောက်ကာစစ်မှုထမ်းခဲ့ကြသည်။ထိုစဉ်ပြည်သူများတစ်ဖွဲဖွဲဝင်ရောက်စစ်မှုထမ်းခဲ့ကြသဖြင့် BIA သည် ၆ လအတွင်းအင်အား ၅၀၀၀၀ ကျော်အထိရှိလာခဲ့သည်။ ထိုစဉ်ကဂျပန်တို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်၏နေ့ချင်းညချင်းအင်အားကြီးထွားလာမှုအပေါ်စိုးရိမ်မကင်းပင် ဖြစ်ခဲ့ရသည်။အမှန်တော့ တပ်မတော်အင်အားတောင့်တင်းခိုင်မာလာသောကြောင့် နယ်ချဲ့တို့ထံမှလွတ်လပ်ရေးအရယူနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးရန်လို

            ထို့နောက် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းပြည်တွင်းသောင်းကျန်းမှုများနှင့် ပြည်ပကျူးကျော်သူတရုတ်ဖြူကူမင်တန်တို့ကိုနှိမ်နင်းရာတွင် ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့စစ် မဟာဗျူဟာကိုကျင့်သုံးခဲ့သည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ် ဒေသနှင့်ပဲခူးရိုးမဒေသများတွင် ပြည်တွင်းသောင်းကျန်းသူများကိုအမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ သည်။

            အလားတူလက်ရှိအချိန်တွင်လည်းစစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ် အပါအဝင် တချို့သောတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် PDF အကြမ်းဖက်သမားများနှင့်  တချို့သော EAO များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။ထိုသို့သောအခြေအနေမျိုးတွင် ပြည်ဖျက်အကြမ်းဖက်သမားများကိုပြည်သူအားလုံးပါဝင်မှုဖြင့်ချေမှုန်းသွားရန်လိုအပ်လာပြီဖြစ်သည်။အထူးသဖြင့် အမျိုးသားစစ်မှုထမ်းစနစ် ကိုမဖြစ်မနေကျင့်သုံးသွားရန်လိုအပ် လာပြီဖြစ်သည်။နိုင်ငံတကာတွင်လည်းလိုအပ်ပါကပြည်သူ့စစ်မှုထမ်းစနစ်ထက်မြင့် စစ်စည်းရုံးမှုအထိပင်လုပ်ဆောင်လေ့ရှိကြသည်။

အကျိုးကျေးဇူးများစွာ

            စင်စစ်အားဖြင့် ပြည်သူစစ်မဟာဗျူဟာသည် တပ်မတော်နှင့်ပြည်သူနှင့်အကြားပေါင်းကူးတံတားပင်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တပ်မတော်နှင့် ပြည်သူတို့အကြားဆက်နွှယ်မှုကိုပိုမိုကျစ်လျစ်ခိုင်မာလာစေမည်ဖြစ်သည်။အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်းအားဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သောခြိမ်းခြောက်မှုများအပါအဝင် စစ်ကိုဟန့်တာနိုင်သောစွမ်းဆောင်ရည် (Deterrence Power)များပိုမိုရရှိလာမည်ဖြစ်သည်။

            ထို့ပြင် တိုင်းပြည်၏ကာကွယ်ရေးစွမ်းအားနှင့် ပြည်သူလူထု၏ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာစွမ်းရည်များကိုလည်းပြသနိုင်မည်ဖြစ်သည်။ ထိုသို့ပြသနိုင်မည်ဆိုလျှင် ပြိုင် ဘက်ရန်သူများကိုဟန့်တားနိုင်သည့် မဟာဗျူဟာအောင်မြင်ပြီးစစ်ကိုလည်းဟန့်တားနိုင်သည့်စွမ်းဆောင်ရည်များရှိလာမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်လုံခြုံရေးအတွက် အခြေအနေများကိုလည်းဖန်တီးသွားနိုင်မည်ဖြစ်သည်။အထူးသဖြင့် ပြည်သူအားလုံးသည် စစ်မှုထမ်းစနစ်နှင့်အကျုံးဝင်နေသည့်အတွက်  စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးပိုမိုကောင်းမွန် လာမည်မှာအသေအချာပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏စီးပွားရေးတည်ဆောက်မှုနှင့် ကာကွယ်ရေးတည်ဆောက်မှုတို့ကိုလည်း မျှတစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ဖို့ စစ်မှုထမ်းဆောင်ကြပါစို့

            ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်းသည် နိုင်ငံတော်လုံခြုံရေးနှင့်နိုင်ငံသားအားလုံးအတွက် သားရွှေအိုးထမ်းလာသောကိန်းပင်ဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်တွင်း၊ပြည်ပပယောဂများကြောင့် တိုင်းပြည့်၏တချို့သောနေရာများတွင် အကြမ်းဖက်သမားများကြီးစိုးလျက်ရှိသည်။ နိုင်ငံသားတိုင်းသည်စစ်ပညာသင်ကြားပြီးချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုကိုခြိမ်းခြောက်လာသူများကိုအမြစ်ပြတ်ချေမှုန်းနိုင်မည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ပြည်သူများအေးချမ်းစွာလုပ်ကိုင်စားသောက်နိုင်မည်ဖြစ်သည်။ ကလေးငယ်များပျော်ရွင်ချမ်းမြေ့စွာပညာသင်ယူနိုင်မည်ဖြစ်သည်။တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံသားများအကြားတိုင်းပြည်ချစ်စိတ်၊နိုင်ငံတော်ကာကွယ်လိုစိတ်များကိန်းအောင်းလာမည်ဖြစ်သည်။ အထူးသဖြင့် လူငယ်များကြားတွင် အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေးသွေးစည်းညီညွတ်မှုတည်ဆောက်သွားမည် ဆိုသောစိတ် ဓာတ် များကိန်းအောင်းလာမည်ဖြစ်သည်။

            စင်စစ်အားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် တပ်မတော်သားများ၏ တာဝန်သာမဟုတ်ဘဲပြည်သူအားလုံးမှာလည်းတာဝန်ရှိနေပေသည်။ အမှန်တော့နိုင်ငံတော်လုံခြုံရေးသည်အားလုံးတွင်တာဝန်ရှိပေသည်။ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန်တာဝန်ရှိသည့်နိုင်ငံသူနိုင်ငံသားအားလုံးအနေဖြင့်နိုင်ငံတော်ကာကွယ်ဖို့ ဂုဏ်ယူဝံ့ကြွားစွာစစ်မှုထမ်းဆောင်ကြပါစို့ဟုတိုက်တွန်းအကြံပြုသွားလိုပါသည်။

                                                                        မောင်သောင်းဝင်း(တမန်ဟောင်း)