ကိုယ့်နိုင်ငံကိုကိုယ်ကာကွယ်ပြည်သူ့စစ်မှုထမ်းကြမယ်

 

နိုင်ငံတော်ဆိုသည်မှာ သတ်မှတ်ထားသော နယ်မြေအပိုင်းအခြား တစ်ခုအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများကို အစိုးရတစ်ရပ်မှ အုပ်ချုပ်လျက်ရှိပြီး လွတ်လပ်သောအချုပ်အခြာအာဏာပိုင်၍ တည်ရှိနေ သော တိုင်းပြည်ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ နိုင်ငံတော်ဟုသတ်မှတ်ရာတွင် အင်္ဂါရပ် ငါးရပ်ပါဝင်မှ ပြည့်စုံမည်ဖြစ်ပါ သည်။ ၎င်းတို့မှာ လူဦးရေ နယ်မြေ၊ အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုတို့ဖြစ်ပါသည်။ စာရေးသူတို့၏ အမိမြန်မာနိုင်ငံသည် ထိုအချက်ငါးချက်စလုံးနှင့်ကိုက်ညီ သည့်နိုင်ငံဖြစ်သည့်အပြင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် သိက္ခာရှိရှိနေထိုင်ခဲ့ကြသေား သမိုင်းစဉ်ဆက်အထောက်အထား ခိုင်မာသော၊ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များပိုင်ဆိုင်သော၊ ဗုဒ္ဓသာသနာ တော်ထွန်းကားသော သယံဇာတပေါကြွယ်ဝသော၊ နိုင်ငံတည်နေရာ ပထဝီ အနေအထားအရ အချက်အချာကျသော၊ မြစ်ချောင်းအင်းအိုင် ပေါများသော၊ ရာသီဥတု သမမျှတသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

ထိုကဲ့သို့ အရည်အသွေးများ အပြည့်အဝရှိသောနိုင်ငံတွင် စာရေးသူ တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်း ၁ဝဝ ကျော်ဖြင့် စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြသည်မှာ ရှေးပဝေသဏီကတည်းကပင်ဖြစ်ပါသည်။ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာဒေသ များတွင် ပဒေသရာဇ်နိုင်ငံငယ်များကို ပျူလူမျိုးများက ထူထောင်ခဲ့ကြသည်။ ပုဂံခေတ် အနော်ရထာမင်းတရားကြီး သည် ပထမမြန်မာနိုင်ငံတော်ကိုလည်းကောင်း၊ တောင်ငူခေတ် ဘုရင့်နောင်မင်းတရားကြီးသည် ဒုတိယမြန်မာနိုင်ငံ တော်ကိုလည်းကောင်း၊ ကုန်းဘောင်ခေတ်အလောင်းမင်းတရားကြီးသည် တတိယမြန်မာနိုင်ငံတော် ကိုလည်းကောင်း တည်ထောင်ခဲ့ကြပါသည်။ ထိုသို့ ရေခံမြေခံကောင်းသော မြန်မာနိုင်ငံတော်ကြီးကို တိုင်းတစ်ပါးသားတို့ မျက်စိကျ လိုချင်တပ်မက် စရာဖြစ်ခဲ့သည်က တစ်ကြောင်း၊ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် ခေတ်မီတိုးတက်စွာ စနစ်တကျဖွဲ့စည်းထားသောတပ်မတော်တစ်ရပ် မရှိသည် တို့က တစ်ကြောင်း၊ သွေးခွဲသပ်လျှိုသည့် နယ်ချဲ့တို့ နှင့်ပူးပေါင်းသည့် ပြည်တွင်းမှသစ္စာဖောက်လောက်ကောင်များကြောင့်တစ်ကြောင်း မြန်မာနိုင်ငံ သည် တိုင်းတစ်ပါးလက်တွင်း နှစ်တစ်ရာကျော်သက်ဆင်းခဲ့ရပါသည်။ သို့သော် တိုင်းရင်းသားတို့သည် နှစ်တစ်ရာ ကျော်လုံးလုံး ငြိမ်ကုပ် သည်းခံနေကြခြင်းအလျှင်းမရှိဘဲ ရရာလက်နက်စွဲကိုင်ကာ တူရာစု၍ နယ်ချဲ့ကိုတွန်းလှန် ခဲ့ကြပါသည်။ YMBA GCBA၊ ရန်ကုန်ကျောင်းသားသပိတ်၊ တို့ဗမာအစည်းအရုံး၊ တောင်သူ လယ်သမားအရေးတော်ပုံ၊ ရန်ကုန် တက္ကသိုလ်ဒုတိယကျောင်းသားသပိတ်၊ ၁၃ဝဝ ပြည့်အရေးတော်ပုံ၊ ရဲဘော် သုံးကျိပ်ဖြင့် ဖွဲ့စည်းအပ်သော ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တို့၏ ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့တော်လှန်ရေးတို့မှသည် ပင်လုံစာချုပ်ရေးထိုးပြီး တောင်တန်းပြည်မ ပေါင်းစည်းကာ လွတ်လပ်ရေးကိုအရယူခဲ့ကြသည်အထိ စာရေးသူတို့၏ ဘိုးဘွားများ သည် အသက်၊ သွေး၊ ချွေးများ စတေးကာ လွတ်လပ်ရေးကို ရယူခဲ့ရခြင်းဖြစ်သည်။ ဘာကြောင့် စွန့်လွှတ်စွန့်စားကာ ပြန်လည် ရယူခဲ့ရပါသနည်းဟု အမေးရှိက မိမိတို့သည် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်သူများဖြစ်ခဲ့သည်မို့ ပြန်လည်ရယူ ရေးစွန့်လွှတ်စွန့်စားကာ ကြိုးပမ်းရွက်ဆောင်ခဲ့ခြင်းဖြစ် သည်။

တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာ၏တန်ဖိုးကို ထိုသူ သို့မဟုတ် ထိုအရာကို လက်လွှတ်ဆုံးရှုံး လိုက်ရမှ သိတတ်ကြလေသည်။ စာရေးသူတို့ ဘိုးဘွားများသည် လွတ်လပ်ရေး၏တန်ဖိုးကို လွတ်လပ်ရေး ဆုံးရှုံး သွားသောအခါမှသိခဲ့ကြရခြင်းဖြစ်သည်။ သမိုင်းသည်သင်ခန်းစာလည်း ဖြစ်သည်။ ယခုစာရေးသူတို့ခေတ်တွင် နိုင်ငံသားတိုင်း သမိုင်းကိုကျေ၍ သမိုင်းမအကြဖို့လိုပါသည်။ လွတ်လပ်မှု၏တန်ဖိုးကို မိမိတို့ဘိုးဘွားများကဲ့သို့ ဆုံးရှုံးသွားမှ တန်ဖိုးသိရခြင်းမဖြစ်လေအောင် အသိ၊ သတိရှိကြရမည်။ ယခုလက်ရှိအချိန်အခါတွင် နိုင်ငံတစ်နိုင်ငံကို အပိုင်သိမ်းပိုက်ချင်သောအခါ စစ်တိုက်ယူခြင်းသည် နောက်ဆုံးနည်းသာဖြစ်ပေသည်။ သွေးထွက်သံယို ဖြစ်စရာမလို၊ သေနတ်တစ်ချက်မှ ဖောက်စရာမလိုဘဲ နိုင်ငံတစ်ခု ဝါးအစည်းပြေသလို ဖရိုဖရဲဖြစ်စေရန်၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဖြစ်စေရန် နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရား ရေးနည်း၊ ဝါဒဖြန့်ချိရေးနည်း၊ သံတမန်ရေးနည်းတို့ကိုလည်း အသုံးပြု၍ လုပ်ဆောင်နိုင်သော ခေတ်ကာလအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။

စာရေးသူတို့နိုင်ငံ၏ လက်ရှိကာလတွင်တွေ့ကြုံနေရသော ပြည်တွင်း ရေးမငြိမ်မသက်မှုအခြေအနေများမှာ ပြည်ပနိုင်ငံ အချို့၏ သွေးထိုး နှောင့်ယှက်မှုများစွာ ပါဝင်ပတ်သက်လျက်ရှိသည်ကို နိုင်ငံသူ၊နိုင်ငံသားတိုင်း သတိမမူဂူမမြင်မဖြစ်စေဘဲ သတိမူမြူမြင်သည်အထိ အသိ၊ သတိကြီးစွာ ထားရှိရပေမည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာလျှင်ရှိပါသည်။ မည်မျှပင် သွေးထိုးသပ်လျှိုမှုများ အပြင်စည်းမှလုပ်ဆောင် စေကာမူ မိမိတို့အတွင်းစည်းကို မိမိတို့လုံခြုံစွာကာကွယ်နိုင်လျှင်၊ တစ်နည်းအားဖြင့် မိမိတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စည်းလုံးညီညွတ်ကြ လျှင် မည်သည့်အန္တရာယ်ရန်စွယ်ကိုမျှ ကြောက်စရာ လိုမည်မဟုတ်ပါ။

ပြည်သူများအနေဖြင့် စူးစမ်းခြင်း၊ စွန့်စားခြင်းတို့ကို ကောင်းသော နေရာ၊ ကောင်းသောရည်ရွယ်ချက်ဖြင့်သာလျှင် ဆောင်ရွက်သင့်ပါသည်။ သတင်းစကားတစ်ခု၊ အကြောင်းအရာတစ်ခုသည် မှန်၏၊ မမှန်၏။ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းရှိရပေမည်။ အကြောင်းအရာတစ်ခုကို စဉ်းစားဆုံးဖြတ်လျှင် နိဒါန်းပိုင်းလောက်သာ စဉ်းစားခြင်းမျိုးမဟုတ်ဘဲ နိဂုံးပိုင်းအထိ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိရပေမည်။ အတ္တဟိတ၊ ပရဟိတမျှရပေမည်။ ၁ လား၊ ဂ လား ၊ ပ လား၊ င လား သေချာစေရန်ရှုထောင့် အမျိုးမျိုးကကြည့်၍ ခွဲခြားတတ်ရပေမည်။ မိမိအသက်အရွယ်နှင့် လိုက်ဖက်သည့် ရင့်ကျက်တည်ငြိမ်မှု၊ ဗဟုသုတ၊ တာဝန်သိစိတ်၊ မျိုးချစ်စိတ်ရှိနေရန်လိုအပ်ပေသည်။ ဘိုးဘွားတို့ပြုဖူးသော ကျေးဇူးကြောင့် ကိုယ့်နိုင်ငံနှင့် ကိုယ်လွတ်လပ်စွာ နေထိုင်နိုင်ကြသလို မိမိတို့အလှည့်တွင်လည်း ဘိုးဘွားတို့ကဲ့သို့ နိုင်ငံကိုကာကွယ်မှ မိမိတို့နောင်လာမည့် မျိုးဆက်သစ်များသည်လည်း အေးချမ်းစွာ နေထိုင်နိုင်ကြပေလိမ့်မည်။ အနာဂတ်နိုင်ငံတော်၏ ကံကြမ္မာ သည် ပြည်သူတို့၏လက်ထဲတွင် တည်ရှိနေပေသည်။ နိုင်ငံတစ်ခုအဓွန့်ရှည် တည်တံ့ရေးအတွက် ကာကွယ်ရေးစွမ်းအားစုတွေ ကောင်းမွန်နေဖို့ အလွန်ပင် အရေးကြီးပါသည်။ ထို့အတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ဖို့လိုအပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟု ပြဋ္ဌာန်းပါရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းပါရှိပါသည်။

လက်ရှိမိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့်အခြေအနေများအရ ပြည်သူ့ စစ်မဟာဗျူဟာဖြစ်သည့် ပြည်သူအားလုံး ပါဝင်သော အမျိုးသားစစ်မှုထမ်း စနစ်မဖြစ်မနေကျင့်သုံးရန်လိုအပ်လာသည့်အတွက် ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့်ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကထုတ်ပြန်ခဲ့ပါသည်။ ပြည်သူ့စစ်မှုထမ်းဆိုသည်မှာ စစ်မှုထမ်းဆောင်သည့် နိုင်ငံသားကိုဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်သည် တပ်မတော်သားများတွင်သာ တာဝန်ရှိခြင်းမဟုတ်။ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုတွင်လည်း တာဝန်ရှိပေရာ စာရေးသူအနေဖြင့် ဤဥပဒေထွက်ပေါ်လာခြင်းကို ဝမ်းပန်း တသာနှင့်ကြိုဆိုလက်ခံပါသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် မိမိနိုင်ငံ၏ ကာကွယ်ရေးအင်အားနှင့် မိမိပြည်သူလူထု၏ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အသိစွမ်းရည်များကိုလည်း ပြသနိုင်မည်ဖြစ်ပါသည်။ ထိုသို့ပြသနိုင်ခြင်းအားဖြင့် ပြိုင်ဘက်ရန်သူများ၏ ရန်စလိုစိတ်များ၊ အထင်သေး၊ အမြင်သေးသည့်စိတ်များ၊ စစ်ရေးနည်းဖြင့်ဖြေရှင်းလိုစိတ်များ ပျောက်ကွယ်အောင်တားဆီးဟန့်တားနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် စစ်ကိုဟန့်တားနိုင်သည့် စွမ်းရည်များကြောင့် မိမိနိုင်ငံကိုစစ်ဖြစ်ခြင်းမှ ကာကွယ်ရာလည်း ရောက်ပေသည်။ ထို့ပြင် ပြည်သူတစ်ရပ်လုံး စစ်မှုထမ်းဆောင်ခြင်းစနစ်တွင် ပါဝင်နေသည့်အတွက် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးလည်းသာ၍ ကောင်းမွန်တိုးတက်လာစေနိုင်မည့်အပြင် နိုင်ငံတော်၏ စီးပွားရေးတည်ဆောက်မှုနှင့် ကာကွယ်ရေးတည်ဆောက်မှု ကိုလည်း ဘက်ညီမျှတစေမည်ဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေမှ ပြည်သူအများစိတ်ဝင်စားလျက်ရှိသော ပြဋ္ဌာန်းချက်အချို့ကိုလည်း ကောက်နုတ်ဖော်ပြ လိုပါသည်။ စစ်မှုထမ်းရ မည့်အသက်အရွယ်များအနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး ၍ အသက် ၃၅ နှစ်မပြည့်သေးသောနိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ်မပြည့်သေးသောနိုင်ငံသားတိုင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ်မပြည့်သေးသောနိုင်ငံသားတိုင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသောနိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရမည်ဖြစ်ပါသည်။ ကျွမ်းကျင်သူဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ် ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများကိုဆိုလိုပါသည်။ စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားမှာ နိုင်ငံသား တိုင်းအနေဖြင့် ၂၄ လ၊ ကျွမ်းကျင်သူများအနေဖြင့် ၃၆ လ၊ နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်သူများမှာ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့ စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ် ခွင့်ပြုထားသူများဖြစ်ပါသည်။

စာရေးသူတို့မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းရေးအခြေအနေများဖြစ် သည့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ၎င်းတို့ကိုအားပေးအား မြှောက်ပြုကြသော အကြမ်းဖက်အားပေးကူညီထောက်ပံ့သူများကိုလည်း အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူများက မျိုးချစ်စိတ်ရှိရှိ၊ နိုင်ငံချစ်စိတ် ရှိရှိဖြင့် လက်တွဲညီညီ တိုက်ဖျက်ရမည်ဖြစ်ပါသည်။ ပြည်သူတစ်ရပ်လုံးက ထိုသို့တိုက်ဖျက်ရာတွင် ဥပဒေနှင့်ညီညွတ်စေရန်၊ ပို၍စည်းစနစ်ကျစေရန်၊ ပို၍ပြည့်စုံစေရန် ပြည်သူ့စစ်မှုထမ်းစနစ်ကို ပြဋ္ဌာန်းထားရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရိုသေခံ့ညားသော ကာကွယ်ရေးစွမ်းအားဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အမှန်တကယ် လိုအပ်သော တည်ငြိမ်အေးချမ်းလုံခြုံမှုကို တည်ဆောက်နိုင်ရေး၊ ပြည်တွင်း အကြမ်း ဖက်အဖျက်သမားများ၊ သောင်းကျန်းသူများကို အမြစ်ဖြတ်ချေမှုန်း ရေး၊ ပြည်ပမှနည်းမျိုးစုံဖြင့် ကျူးကျော်ရန်စ မှုများကို ဟန့်တားကာကွယ် နိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရေးသား လိုက်ရပါသည်။

အေးကျော်(ရူပဗေဒ)