စစ်မှုမထမ်းမနေရလို့ခေါ်ဆိုနေကြတဲ့ ပြည်သူ့စစ်မှုထမ်းစနစ်

 

စစ်မှုမထမ်းမနေရလို့ခေါ်ဆိုနေကြတဲ့ ပြည်သူ့စစ်မှုထမ်းစနစ်

ပြီးခဲ့တဲ့ ၁ဝ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေစတင်အာဏာ သက်ဝင်တယ်လို့ဥပဒေအရ သတ်မှတ်ကြေညာလိုက် တဲ့အခါမှာအမြင်အမျိုးမျိုး၊ အသံအမျိုးမျိုးထွက်ပေါ် လာတာကိုတွေ့ရပါတယ်။ အကောင်းမြင်တာရှိသလို အဆိုးမြင်ကြ တာကိုလည်းတွေ့ရပါတယ်။ ကိုယ့်နိုင်ငံမှာပဲ အထူးအဆန်းဖြစ်နေသလို ပြောကြဆိုကြတာကို လည်းတွေ့ရပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ၁၉၅၉ ခုနှစ်ကတည်းက အာဏာသက်ဝင်ရှိခဲ့တဲ့ဥပဒေတစ်ရပ်ပါ။ ၁၉၅၉ ခုနှစ် ဥပဒေဟာ သတ်မှတ်တဲ့ အသက်အရွယ်ရှိသူ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပေမယ့်လည်း ဆရာဝန်တွေအတွက်သာ အဓိကအသုံးချခဲ့တာကို လေ့လာမိသူတွေသိရှိမှာဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် ဥပဒေဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာ မသက်ဝင်မီအချိန်အထိ အာဏာသက်ဝင်နေဆဲဖြစ်ခဲ့တဲ့ ဥပဒေတစ်ရပ် ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၁၉၅၉ ခုနှစ် ဥပဒေရဲ့ အနှစ်သာရကိုမပျက်စေဘဲ ခေတ်ကာလနဲ့ လျော်ညီအောင် ကျစ်ကျစ်လျစ်လျစ်နဲ့ ရှင်းရှင်းလင်းလင်းရေးဆွဲ ပြဋ္ဌာန်း ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကတည်းက စတင်အာဏာသက်ဝင်ခဲ့တဲ့ဥပဒေဖြစ်ပါတယ်။

အခု ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ စတင်အာဏာသက်ဝင်ပြီ လို့ကြေညာခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ရဲ့အဓိကအချက်တွေက ဘာတွေလဲဆိုတာကြည့်ရအောင်-

စစ်မှုထမ်းရမယ့်အသက်အရွယ်-

-       အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အောက် နိုင်ငံသား၊

-       အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အောက် နိုင်ငံသား၊

-       ကျွမ်းကျင်သူ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အောက်နိုင်ငံသား၊

-       ကျွမ်းကျင်သူအမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အောက်

နိုင်ငံသား၊

-       ကျွမ်းကျင်သူဆိုတာကတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊
စက်မှုလက်မှုပညာတတ်မြောက်သူ ဒါမှမဟုတ် အခြား အတတ်ပညာတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေကို ဆိုလိုတာပဲဖြစ်ပါတယ်။

 

စစ်မှုထမ်းရမယ့်ကာလအပိုင်းအခြား-

- စစ်မှုထမ်းရမယ့်အသက်အရွယ်ရှိတဲ့ နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုတဲ့ကာလအပိုင်းအခြား၊ စစ်မှုထမ်းရမယ့် အသက်အရွယ်ရှိတဲ့ နိုင်ငံသားတွေအနက်က တပ်မတော်စက်မှုလက်မှုပညာ သည်တွေအဖြစ် အမှုထမ်းဖို့ဆင့်ခေါ်ခြင်းခံရသူတွေကို (၃၆) လထက်မပိုတဲ့ကာလအပိုင်းအခြား၊

- စစ်မှုထမ်းရမယ့် အသက်အရွယ်ရှိတဲ့ ကျွမ်းကျင်သူတွေဆိုရင် (၃၆) လထက်မပိုတဲ့ ကာလအပိုင်းအခြား။

ဘယ်သူတွေက စစ်မှုထမ်းခြင်းက ကင်းလွတ်ခွင့်ရသလဲဆိုရင်-

  • သာသနာ့ဝန်ထမ်းတွေ၊
  • အိပ်ထောင်သည်အမျိုးသမီးတွေ၊
  • ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းတွေ၊
  • တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းဖို့ အမြဲတမ်းမသင့်လျော်သူဖြစ်တယ်လို့ သတ်မှတ်ထားသူတွေ၊
  • ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီးတော့ ကင်းလွတ်ခွင့်ပြုထားသူတွေက ကင်းလွတ်ခွင့်ရကြမှာဖြစ်ပါတယ်။

၁၈ နှစ်ပြည့်တဲ့သူတိုင်းက စစ်မှုထမ်းကြရမှာလားဆိုရင် စစ်မှုထမ်းခြင်းကို ယာယီရွှေ့ဆိုင်းပေးပို့လျှောက်ထားနိုင်တဲ့သူတွေရှိပါတယ်။ အဲ့ဒီသူတွေကတော့-

- ယာယီအားဖြင့် စစ်မှုထမ်းနိုင်မယ့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော် ဆေးစစ်ရေး ဘုတ်အဖွဲ့ရဲ့ထောက်ခံချက် ရရှိထားသူတွေ၊

-   နိုင်ငံ့ဝန်ထမ်းတွေ၊

-   ပညာသင်ကြားနေသူတွေ၊

-   အခြားပြုစုစောင့်ရှောက်မယ့်သူမရှိတဲ့ မိအိုဖအိုတွေကို ပြုစုလုပ်ကျွေးနေ သူတွေ၊

-   မူးယစ်ဆေးဝါးဖြတ်ဖို့ ဆေးကုသမှုခံယူနေသူတွေ၊

-  ထောင်ဒဏ်ကျခံနေသူတွေပဲဖြစ်ပါတယ်။

ယာယီရွှေ့ဆိုင်းတာဟာ နိုင်ငံတော်ရဲ့အခြေအနေပေါ်မှာမူတည်ပြီး အမြဲတမ်းကင်းလွတ်ခွင့်ရသွားတာ မျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း စတာတွေထွက်လာတဲ့အခါ ပြည်သူတွေ ပိုပြီးရှင်းရှင်းလင်းလင်း သိမြင်လာကြမှာဖြစ်ပါတယ်။

ဥပဒေအာဏာသက်ဝင်လာလို့ အခုပဲစစ်မှုထမ်းကြရတော့မှာလား၊ စစ်မှုထမ်းဖို့အတွက် လိုက်လံဖမ်းဆီး ခြင်းကိုခံရမှာလားလို့ စိုးရိမ်နေကြ သူတွေလည်းရှိတာကို တွေ့ရပါတယ်။ ဥပဒေကိုနားလည်တဲ့သူတွေကတော့ မစိုးရိမ်ပါဘူး။ ပြည်ဖျက်မီဒီယာတွေနဲ့ အဆိုးမြင်သူတွေကတော့ ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် လှုံ့ဆော်ရေးသားကြမှာပဲဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနတွေမှာရှိထားတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး သူတွေရဲ့စာရင်းအရ စာရင်းသွင်းဖို့ဆင့်ခေါ်ခြင်းခံရတဲ့အခါမှာ ဆင့်ခေါ်ခြင်းခ ံရသူတွေဟာ သွားရောက် မှတ်ပုံတင်စာရင်းသွင်းရမှာဖြစ်ပြီး အဲ့ဒီလိုစာရင်း သွင်းပြီးကြောင်း မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးထားမှာ ဖြစ်ပါတယ်။ စာရင်းသွင်းပြီးကြောင်း မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်ထားသူတွေဟာ ဆေးစစ်ဖို့ဆင့်ခေါ် တဲ့အခါ ဆေးစစ်ဖို့သွားရောက်ရမှာဖြစ်ပါတယ်။ ဆေးအောင်တဲ့အခါမှာတော့ သတ်မှတ်တဲ့ကာလအတွက် စစ်မှုထမ်းအဖြစ် စာရင်းသွင်းဝင်ရောက်အမှုထမ်းကြရမှာဖြစ်ပါတယ်။ စာရင်းသွင်းထားတိုင်း လည်း ဆင့်ခေါ် ခြင်းခံရမှာမဟုတ်ဘဲ လိုအပ်တဲ့အရေအတွက် အပေါ်မှာမူတည်ပြီးတော့ အချိုးကျ၊ အလှည့်ကျစနစ်မျိုးကို သွားရမှာပါ။

လူတိုင်းတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းဝင်ရောက်အမှုထမ်းကြရမယ့် သဘောတော့မဟုတ်ပါဘူး။ နိုင်ငံတော်က လိုအပ်တဲ့အရေအတွက်ပေါ်မှာ မူတည်ပြီးတော့ ပြည်သူများ၏အလုပ်အကိုင်အခွင့်အလမ်းများနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အလုပ်အကိုင်တွေကို မထိခိုက်အောင်၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ကြားခွင့်ကို မထိခိုက်ရအောင်၊ နိုင်ငံ့ဝန်ထမ်း တွေနဲ့ အစိုးရဌာနတွေရဲ့လုပ်ငန်းတွေကို မထိခိုက်အောင်အထက်မှာပြောခဲ့ သလိုပဲ အချိုးကျ၊ အလှည့်ကျစနစ်မျိုးနဲ့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ မြန်မြန်ဝင်ရောက်အမှုထမ်းရင်တော့ နိုင်ငံ့တာဝန်မြန်မြန် ကျေပွန်မှာပဲဖြစ်ပြီး ဥပဒေအရ မိမိထမ်းဆောင်ရမယ့်တာဗန်မြန်မြန်ပြီးမြောက် သွားမှာပဲဖြစ်ပါ တယ်။ မိမိတာဝန်ပြီးလို့ စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ရတဲ့ အခါမှာလည်း သီးခြား အကျိုးခံစားခွင့်တွေရရှိလာနိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက အမျိုးသားစစ်မှုထမ်းစနစ်၊ ပြည်သူ့ စစ်မှုထမ်းစနစ်၊ မထမ်းဆောင် မနေရစစ်မှုထမ်းစနစ်စသဖြင့် အမည်အမျိုးမျိုး နဲ့နိုင်ငံတကာမှာ ကျင့်သုံးနေကြတာကို မြန်မာနိုင်ငံမှာကျင့်သုံးတဲ့ အခါကျမှ အသစ်အဆန်းလို၊ အထူးအဆန်းလို၊ အပြစ်လိုပြောနေကြတာတွေဟာ ယထာဘူတကျတဲ့အမြင်တွေ မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြည်တွင်းအရေး ကိစ္စတွေအတွက်မလိုပါဘူး၊ ပြည်ပစစ်အတွက်ကိုသာသုံးရတာပါ ဆိုတဲ့သူတွေ ကိုလည်းတွေ့ရပါတယ်။ ကမ္ဘာမှာဘယ်နိုင်ငံတွေက ဒီလိုစနစ်တွေကို ကျင့်သုံးနေကြသလဲ၊ ကျင့်သုံးတဲ့ နိုင်ငံတွေ အများအပြားရှိ တာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံတွေက ပြည်ပနဲ့ စစ်ဖြစ်နေကြလို့လည်းဆိုတာကို လေ့လာရင်တွေ့နိုင်ပါတယ်။ အမေရိကန် နိုင်ငံမှာ စစ်မှုမထမ်းမနေရစနစ်ကို အမေရိကန်ပြည်တွင်းစစ်ကာလဖြစ်တဲ့ ၁၈၆၁-၁၈၆၅ ကာလအတွင်းတောင်နဲ့ မြောက်နယ်မြေနှစ်ခုလုံးမှာ အသုံးပြုခဲ့တာကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ ဒီလိုအသုံးပြုခဲ့တာဟာ ဆန္ဒအလျောက်စစ်မှုထမ်းစေဖို့အတွက် ထိရောက်တဲ့ တွန်းအားဖြစ်စေခဲ့ပြီး စစ်ပွဲလွန်မြောက်တဲ့အခါမှာတော့ ဒီစနစ်ကို ပြန်စွန့်လွှတ်ခဲ့ တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

စစ်မှုမထမ်းမနေရစစ်မှုထမ်းစေခြင်းဆိုတာကတော့ ပြည်သူများကို စစ်မှုထမ်းအဖြစ် စာရင်းသွင်းဝင်ရောက်ရန် နိုင်ငံတော်က သတ်မှတ် ပြဋ္ဌာန်းပေးတဲ့ စစ်မှုထမ်းတာဝန်ပဲဖြစ်ပါတယ်။ စစ်မှုမထမ်းမနေရစစ်မှုထမ်း စေခြင်းဟာ ရှေးယခင်ကတည်းကရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများစုမှာ ယနေ့ခေတ်အထိအမည်အမျိုးမျိုးနဲ့ ဆက်လက်တည်ရှိနေတာပဲဖြစ်ပါတယ်။ ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအများစုမှာ ထပ်တူနီးပါးကျတဲ့လူငယ်တွေ အတွက် အမျိုးသားစစ်မှုမထမ်းမနေရစနစ်ဟာဆိုရင် ၁၇၉ဝ ပြည့်နှစ်များ အတွင်းဖြစ်ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် ဥရောပနိုင်ငံအများစုဟာ ငြိမ်းချမ်းတဲ့အချိန် တွေမှာတောင် အဲ့ဒီစနစ်ကို ပုံတူကူးကျင့်သုံးခဲ့ကြတာကို တွေ့ရမှာဖြစ် ပါတယ်။

ဒီစနစ်ကျင့်သုံးတဲ့နိုင်ငံအရေအတွက်ဟာ လေ့လာတဲ့အပေါ်မှာ မူတည် ပြီးတော့ အရေအတွက်အားဖြင့် ကွဲလွဲနိုင်ပါတယ်။ https://www. thesoldiersproject.org အင်တာနက်စာမျက်နှာမှာဖော်ပြထား ချက်အရ ဆိုရင် ကမ္ဘာ့နိုင်ငံ ၄၉ နိုင်ငံမှာ စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေကတော့ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ပဲဖြစ်ပါတယ်။ အာရပ် နိုင်ငံတွေကတော့ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ မော်ရိုကို၊ ကာတာ၊ ဆူဒန်၊ ဆီးရီးယား၊ တူနီးရှား၊ ယူအေအီး စတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေကတော့ အာမေးနီးယား အီရန်၊ အစ္စရေး၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ မွန်ဂိုလီးယား၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တာဂျီကစ္စတန်၊ တာကမင့်နစ္စတန်၊ ဥဇဘက်ကစ္စတန် စတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ကတော့ ဩစတြီးယား၊ ဘီလာရုစ်၊ ဆိုက်ပရပ်စ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ဂျော်ဂျီယာ၊ ဂရိ၊ လစ်သူဘေးနီးယား၊ မော်ဒိုဘာ၊ နော်ဝေ၊ ဆွီဒင်၊ တူကီယံ၊ ယူကရိန်း စတဲ့နိုင်ငံတွေမှာ ကျင့်သုံးတယ်လို့ဖော်ပြထားတာကို တွေ့ရပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲက နိုင်ငံအများစုဟာ ကိုယ့်နိုင်ငံကိုကာကွယ်ဖို့၊ ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့၊ ကိုယ့်နိုင်ငံမပြိုကွဲဖို့အတွက် တပ်မတော်ရဲ့အင်အားကို တည်ဆောက်ကြရပါတယ်။ ဒီလိုတည်ဆောက်ကြ တဲ့အခါမှာလည်း နိုင်ငံရဲ့နေအင်အား၊ နိုင်ငံရဲ့လူဦးရေ စတာတွေပေါ်မှာ မူတည်ပြီးတော့ ဆန္ဒအလျောက်စစ်မှုထမ်းစေတဲ့စနစ်နဲ့ စစ်မှုမထမ်းမနေရ စနစ်တို့ကို ရွေးချယ်ကျင့်သုံးကြတာရှိသလို ပူးတွဲကျင့် သုံးကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံဟာဆိုရင် ဆန္ဒအလျောက် စစ်မှုထမ်းစေတဲ့စနစ်နဲ့ စစ်မှုမထမ်းမနေရစနစ်တို့ကို ပူးတွဲကျင့်သုံးနေ တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၅၉ ခုနှစ်ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေရှိခဲ့ပေမယ့်လည်း ဆန္ဒအလျောက်စစ်မှုထမ်း စေတဲ့စနစ်ကိုပဲ ဦးစားပေးကျင့်သုံးခဲ့ပြီး ယနေ့နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ဒီစနစ်နှစ်ခုကိုအတိုင်းအတာတစ်ခုအထိ ပူးတွဲကျင့်သုံးသွားမယ့် သဘော တွေ့ရပါတယ်။ နိုင်ငံတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသား တွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးသလိုပဲ နိုင်ငံသားများ အနေနဲ့လည်း မိမိတို့အပေါ်ကျရောက်လာတဲ့ နိုင်ငံတာဝန်တွေကို ထမ်းဆောင်ကြရမှာပဲဖြစ်ပါတယ်။

ဒီနေရာမှာတစ်ခုပြောလိုတာက ဥပဒေအရ ဆင့်ခေါ်ခြင်းခံရတဲ့အခါမှာ မှန်မှန်ကန်ကန်စာရင်းသွင်းကြပါ။ စာရင်းသွင်းထားတိုင်းလည်း စစ်မှုထမ်း ရမယ်လို့ မဆိုလိုပါဘူး။ ဥပဒေကပေးထားတဲ့ အခွင့်အရေးတွေကို ရရှိကြမှာဖြစ်သလို နည်းမျိုးစုံနဲ့ရှောင်လွှဲဖို့ ကြိုးစားမယ် ဆိုရင်တောင် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂၈ အရ ဘယ်လိုမှလွတ်မြောက်ခြင်း မရှိနိုင်ဘူးဆိုတာကို ပြောလိုပါတယ်။ နိုင်ငံတော်အတွက် တာဝန်ကျလာ တဲ့အခါ တာဝန်ကျေကြဖို့ဆိုတာကိုပဲ တိုက်တွန်းပြော ကြားလိုပါတယ်။ နိုင်ငံတော်ကလိုအပ်လာလို့ နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ဖို့ နိုင်ငံတော်အတွက် တာဝန်ကျေတဲ့ စစ်သည်တော်တစ်ဦးအဖြစ် စာရေးသူနဲ့ အတူတွေးကြည့်ပြီး ရင်ခုန်ခံစားကြည့်ကြပါစေကြောင်း-----။ ။

မင်းခန့်ကျော်(ဥပဒေ)