နိုင်ငံသားတိုင်းပါဝင်သည့် ကာကွယ်ရေးစွမ်းအားစု

 

နိုင်ငံသားတိုင်းပါဝင်သည့် ကာကွယ်ရေးစွမ်းအားစု

ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း ယောက်မတို့လေ။

သူများမောင်မှာ

စစ်သံကြားလျှင် နာဖျားဥပါယ် ခိုကြတယ်။

နှမလေး မယ်တို့မောင်မှာ

စစ်သံကြားလျှင် ရွှေဓားပိုက်ကာ

အိုးစားဖက်ကို လိုက်လို့ရှာသည်. . .

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ချိန်တွင် တောင်တွင်းရှင်ငြိမ်းမယ်၏ စစ်မှာတမူ အိုင်ချင်းကဗျာလေးကို ကျွန်တော် ကြားယောင်မိသည်။ ယခုအတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ချက်ချင်းလက်ငင်းထွက်ပေါ်လာသည့် ဥပဒေ မဟုတ်ဘဲ ၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ကတည်းက ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ယခုမှအာဏာတည်သည့် အမိန့်ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ရှေးခေတ်မြန်မာ့တပ်မတော်တွင် စစ်သားစုဆောင်းခြင်း၊ စစ်တပ်ဖွဲ့စည်း ခြင်း၊ စစ်မှုပညာကျွမ်းကျင်ခြင်း အခြေအနေများကို ပုဂံခေတ်ဦးပိုင်း ကတည်းက တွေ့ရှိခဲ့ရသည်။ အနော်ရထာမင်းလက်ထက်တွင်လည်း စစ်သားစုဆောင်းရာ၌ ဆယ်ပြု၊ ရာပြု၊ ထောင်ပြု မြို့တည်စနစ်ဖြင့် စုဆောင်းခဲ့ကြောင်းကို ဦးကုလား ရာဇဝင်ပထမအုပ်တွင် ဖတ်ရှုလေ့လာ ခဲ့ရသည်။ ထို့နောက် ခေတ်အဆက်ဆက် မြန်မာ့တပ်မတော်ကို ဖွဲ့စည်း တည်ထောင်ခဲ့ရာတွင်လည်း တိုင်းပြည်နှင့်လူမျိုးကိုချစ်သော တိုင်းရင်းသား ပြည်သူများ ဝင်ရောက် အမှုထမ်းခဲ့ပြီး တိုင်းတစ်ပါးက လေးစားခံ့ညားသည့် တပ်မတော်တစ်ရပ်ဖြစ်ခဲ့သည်။

တကယ်တော့ ပြည်သူ့စစ်မှုထမ်းဥပဒေသည် အမျိုးသားစစ်မှုထမ်း စနစ်ပင်ဖြစ်ပါသည်။ အမျိုးသား စစ်မှုထမ်းစနစ်ကိုလေ့လာရာတွင် တပ်မတော် တပ်ဖွဲ့အသီးသီးအတွက် အမိန့်အရမဖြစ်မနေ ဝင်ရောက် အမှုထမ်းစေသည့်စနစ်ဖြစ်ကြောင်း တွေ့ရသည်။ ရှေးအခါက ဘာသာရေး အဆောက်အအုံများ တည်ဆောက်ရန်အတွက် လာရောက်လုပ်အားပေးရန် အရွယ်ရောက်သူတိုင်း မဖြစ်မနေလာရောက်တာဝန် ထမ်းဆောင်စေခြင်းမှ သည် နောက်ပိုင်းတွင် တိုင်းပြည်လိုအပ်ချက်ကြောင့် နိုင်ငံသားများကို စစ်မှုထမ်းများအဖြစ် မဖြစ်မနေအမှုထမ်းစေခြင်းအသွင်သို့ ပြောင်းလဲကျင့်သုံး လာခဲ့ကြသည်။

စစ်မှုထမ်းတာဝန်ဟုဆိုရာတွင် မိမိဆန္ဒသဘောအလျောက် ဝင်ရောက်စစ်မှုထမ်းခြင်းနှင့် စစ်မှုမထမ်း မနေရဥပဒေပြဋ္ဌာန်း၍ စစ်မှုထမ်းဆောင်စေခြင်းဟူ၍နှစ်မျိုးရှိသည်။ နိုင်ငံတကာမှာလည်း အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးခြင်းကို အချို့သော နိုင်ငံများတွင် ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံး လျက်ရှိသည်ကိုတွေ့ရ၏။ ကမ္ဘာ့ဒေသအသီးသီးရှိ တပ်မတော်များ၏ ဖွဲ့စည်းမှုကိုလေ့လာရာတွင် နိုင်ငံ များ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးအခြေအနေအလိုက် ဥပဒေပြဋ္ဌာန်း၍ စစ်မှုထမ်းဆောင်စေသော နိုင်ငံများရှိသကဲ့သို့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး စစ်မှုထမ်းဆောင်စေခြင်းမရှိသောနိုင်ငံများလည်းရှိသည်။

ကမ္ဘာ့နိုင်ငံများ၏ စစ်မှုထမ်းဆောင်မှုအခြေအနေများကိုလေ့လာကြည့် ပါက ဩစတြေးလျ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ ဂရိ၊ ဂူရာနာ၊ အစ္စရေး၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ထိုင်ဝမ်၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် တူကီယံနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများတွင် စစ်မှု မထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားကြောင်းတွေ့ရှိရသည်။

အမျိုးသားစစ်မှုထမ်းဥပဒေကို ကျင့်သုံးလျက်ရှိသောနိုင်ငံများအနက် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ အချို့၏ အမျိုးသားစစ်မှုထမ်းစနစ်ကို အနည်းငယ်တင်ပြလိုပါသည်။ ထိုင်းနိုင်ငံ၏ အမျိုးသားစစ်မှုထမ်း ဥပဒေကို ၁၉၃၃ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး စတင်အမှုထမ်းရမည့် အသက်ကန့်သတ်ချက်မှာ ၂၁ နှစ်ဖြစ်သည်။ အထက်တန်း မအောင်သေးသူများအနေဖြင့် အသက် ၂၂ နှစ်အထိ ရွှေ့ဆိုင်းနိုင်ပြီး မဟာဘွဲ့ယူမည့် သူများအနေဖြင့် အသက် ၂၆ နှစ်အထိ စစ်မှုထမ်းခြင်းကို ရွှေ့ဆိုင်းနိုင်သည်။ စစ်မှုထမ်းရမည့်ကာလမှာ သုံးနှစ်ဖြစ်သည်။

လာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားစစ်မှုထမ်း ဥပဒေကို ၁၉၉၁ ခုနှစ်တွင် စတင် ပြဋ္ဌာန်းခဲ့ပြီး စတင်အမှုထမ်းရမည့် အသက်ကန့်သတ်ချက်မှာ ၁၈ နှစ်ဖြစ်သည်။ အရွယ်ရောက်ပြီးသူ အမျိုးသားအသက် ၁၈ နှစ်အထက်နှင့် အမျိုးသမီးအသက် ၂ဝ နှစ်အထက် ကျန်းမာရေးကောင်းသူများ၊ အလုပ်အကိုင်မရှိသူများကို စစ်မှုမထမ်းမနေရ စနစ်ဖြင့် သုံးနှစ်တာဝန်ထမ်းဆောင်စေပါသည်။

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၀ ၊ ပုဒ်မခွဲ(ဃ)တွင် “တပ်မတော်သည် နိုင်ငံတော် လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ပုဒ်မ ၃၄၀ အရ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူ တစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်” ဟု ပြဋ္ဌာန်းပါရှိသည်။

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ တို့တွင် ဦးဆောင်မှုအခန်း ကဏ္ဍက ပါဝင်ရမည့်အပြင် ပြည်သူ့စစ်မဟာ ဗျူဟာကိုဖော်ဆောင်ရန် တာဝန်ရှိပါသည်။ ပြည်သူ့စစ်မဟာ ဗျူဟာ၏ အဓိကအနှစ်သာရမှာ နိုင်ငံတော်ကာကွယ်ရေးတွင် တပ်မတော်နှင့်အတူ ပြည်သူတစ်ရပ်လုံး ပါဝင်စေရေးပင်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားအားလုံး၏ မွေးရာပါတာဝန်ပင်ဖြစ်ပေသည်။

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက် လျက်ရှိသည့် အဓိကအဖွဲ့အစည်းဖြစ်ပြီး ပြည်သူနှင့်အတူလက်တွဲ၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ် စောင့်ရှောက်ခဲ့သည်မှာ သမိုင်းမှတ်တမ်းများအရ အထင်အရှားပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နယ်ချဲ့တို့ကျူးကျော်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံး ခဲ့ရချိန်တွင် ရဟန်းရှင်လူပြည်သူတို့ စုပေါင်းညီညွတ်စွာတွန်းလှန် တိုက်ထုတ်ခဲ့သည့်အတွက် လွတ်လပ်ရေးကို ပြန်လည်အရယူနိုင်ခဲ့သည်။

မြန်မာ့တပ်မတော်၏အစ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို စတင်ဖွဲ့စည်းစဉ်က ရဲဘော် သုံးကျိပ်ဖြင့် အစပြုခဲ့ရသော်လည်း လွတ်လပ်ရေး ကို ပြန်လည်ရယူလိုသည့် မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော လူငယ်လူရွယ် အများအပြား စစ်မှုထမ်းများအဖြစ် ဝင်ရောက်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးစတွင်လည်း ရောင်စုံသူပုန်သောင်းကျန်းသူများနှင့် ကြုံတွေ့ခဲ့ရသည့်အပြင် ကူမင်တန်(တရုတ်ဖြူ)တို့၏ ကျူးကျော်မှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ထိုတိုက်ခိုက်ကျူးကျော်မှုများကိုလည်း တပ်မတော်ကပင် တိုက်ခိုက်ချေမှုန်းခဲ့ရပါသည်။ ပြည်တွင်းပြည်ပအန္တရာယ်များ ပတ်လည်ဝိုင်း နေသည့် ကြားက အချုပ်အခြာအာဏာကို ထိန်းသိမ်းနိုင်ခဲ့ခြင်းသည် မြန်မာ့တပ်မတော်၏ စည်းရုံးရေးနှင့် စစ်ရေးစွမ်းရည်ကြောင့်သာဖြစ်သည်။

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပထဝီအနေအထား၊ ပြည်သူတို့၏ စိတ်နေသဘောထားနှင့် စွမ်းအား၊ စီးပွားရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ပြည်တွင်းပြည်ပစစ်ရေးအခြေအနေစသည့် အချက်အလက် များကို ဘက်စုံလေ့လာကာ နိုင်ငံတော်နှင့်ဆီလျော်သော စစ်မဟာဗျူဟာကို ချမှတ်ရာတွင် ၁၉၆၄ ခုနှစ် တပ်မှူးများညီလာခံကစ၍ ပြည်သူ့ စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရန် စတင် ဆွေးနွေးခဲ့ကြပြီး ၁၉၆၇ ခုနှစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို ရေးဆွဲခဲ့ပါသည်။ ပြည်သူ့စစ် အခြေခံသဘော တရားများ၏ အနှစ်သာရသည် တပ်မတော်ကို မဏ္ဍိုင်ပြု ထားသော ပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအားဖြင့်သာ ပြည်သူ့ စစ်ကို ဆင်နွှဲရန်ဖြစ်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးခြင်း သည် ပထမမြန်မာနိုင်ငံတော်ခေတ် အနော်ရထာမင်းလက်ထက်ကတည်းက စတင်အခြေတည်ခဲ့ကြောင်း တွေ့ရှိရသည်။ မြို့ရွာအလိုက် စစ်မှုထမ်းစနစ် များကို စနစ်တကျချမှတ်ပြီး စစ်သားစုဆောင်းနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ပြည်သူ့စစ်မဟာဗျူဟာကို ရှေးယခင်ကတည်းက နီးစပ်မှုရှိခ ဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင်လည်း ကိုလိုနီနယ်ချဲ့များနှင့် ဖက်ဆစ်ဂျပန်တို့ကို ပြည်သူ့စစ်မဟာဗျူဟာ၊ ပြောက်ကျားစစ် နည်းဗျူဟာ များဖြင့် အောင်မြင်စွာတိုက်ထုတ်တော်လှန်နိုင်ခဲ့သည်ကို သမိုင်းကြောင်းများ အရ သက်သေထူခဲ့ပြီးဖြစ်ပါသည်။

“နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုပျက်ပြားစေရန်နှင့် တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေကြသော ကိုလိုနီ လက်သစ် ပြည်ပစွက်ဖက်မှုများနှင့် အတ္တအကျိုးစီးပွားကိုသာ ရှေးရှု လုပ်ဆောင်နေကြသူများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အန္တရာယ်ကို ဆင်ခြင်တုံ တရားဖြင့် သတိထားကြရန် လိုအပ်သည်။ လက်ရှိအချိန်ကာလတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့အတွက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်ဖြစ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယနေ့အချိန်ကာလတွင် အင်အားကြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှု၊ နိုင်ငံရေးအရ မိမိဩဇာခံအဖြစ် ထားရှိလိုမှုတို့ကြောင့် နောက်ကွယ်မှ ဘက်စုံစစ်ပွဲအသွင်ဖော်ဆောင်ကာ ထိုးနှက်တိုက်ခိုက် လျက်ရှိသည်ကို အသိ၊ သတိရှိကြဖို့လိုပါသည်။ ထိုသို့သော အင်အားကြီး နိုင်ငံများ၏ ထိုးနှက်တိုက်ခိုက်မှုကို ကာကွယ်ရန်မှာ တပ်မတော်တစ်ခု တည်းတွင် တာဝန်ရှိသည်မဟုတ်။ ပြည်ထောင်စုသားအားလုံး၏ သမိုင်းပေး တာဝန်ဖြစ်သည်။ ထိုသမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရန် အခြေခံအကျဆုံး လိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးသည် တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများဆိုသည့်စိတ်၊ တောင်ပေါ် မြေပြန့်မခွဲခြား သားချင်းများဆိုသည့်စိတ်၊ မရှိအတူရှိအတူ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသော မိသားစု စိတ်ဓာတ်ဖြစ်သည်။

နိုင်ငံသားများအနေဖြင့် “ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ခိုင်မြဲသော ပြည်ထောင်စုစိတ်ဓာတ်ထားရှိမွေးမြူ သွားကြရန် အရေးကြီးသည်။ ပြည်ထောင်စုစိတ်ဓာတ်သည်သာလျှင် ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်သွားရမည့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည်” ဆိုသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး တပ်မတော်နှင့်အတူ လက်တွဲ၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် သွားကြရန် အရေးကြီးပေသည်။

လက်ရှိကာလတွင်လည်း လွဲမှားသောခံယူချက်များနှင့် ပြည်ပသွေးထိုး လှုံ့ဆော်မှုများကြောင့် လက်နက်ကိုင် အကြမ်းဖက်မှုများဆောင်ရွက်နေသော အဖွဲ့အစည်းမျိုးစုံကို တပ်မတော်က နှိမ်နင်းနေရလျက်ရှိသည်။ ရဟန်း သံဃာများ၊ ဝန်ထမ်းများနှင့် ပြည်သူလူထုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေသော အဖွဲ့အစည်းမျိုးစုံ၏ဒဏ်ကို လက်မခံနိုင်သော ဒေသခံပြည်သူများအနေဖြင့် တပ်မတော်နှင့်လက်တွဲကာ ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းပြီး ဒေသကာကွယ်ရေးကို ဆောင်ရွက်နေကြ သည်ကို တွေ့ရသည်။

ယခုအတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်သူ့စစ် အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့ များဖွဲ့စည်းခြင်းထက်ပို၍ ဥပဒေနှင့် ညီညွတ်သကဲ့သို့ ပို၍လည်းစနစ်ကျပြီး ပြည်သူအားလုံးလိုလားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အရေးကြီးသော ဥပဒေတစ်ရပ်အဖြစ်လည်းရှုမြင်နိုင်သည်။ ထို့ကြောင့် ဒီမိုကရေစီအခွင့်အရေးကို ခံစားလိုသည့် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိသည့်နိုင်ငံသားတိုင်း လိုက်ပါဆောင်ရွက်သင့်ပါသည်။

အချုပ်အားဖြင့် ယနေ့ကမ္ဘာကြီးတွင် ကမ္ဘာ့နိုင်ငံအများစုသည် မိမိတို့ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လွတ်လပ်ရေး မဆုံးရှုံးစေရေးအတွက် နည်းမျိုးစုံဖြင့် ကာကွယ်စောင့်ရှောက်နေကြရသည်။ ဖွံ့ဖြိုးတိုးတက်လာသောနည်းပညာများ၊ ခေတ်သစ်စစ်ပွဲများ၏ စိန်ခေါ်မှု များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားကို အစဉ်တစိုက်မြှင့်တင်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြသည်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့်လည်း နိုင်ငံကြီးများ၏ ခေတ်သစ်ကိုလိုနီဝါဒဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေးအပေါ် ထိပါးနှောင့်ယှက်လာမှုများကို ကာကွယ်နိုင်ရန် အကန့်အသတ်ဖြင့်သာရှိသော တပ်မတော်မှသည် နိုင်ငံသားတိုင်းပါဝင်သည့် ကာကွယ်ရေးစွမ်းအားစုကြီး တစ်ခုကို မဖြစ်မနေတည်ဆောက်ရန် လိုအပ်နေသည့်အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ဖြစ်ပါ၍ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုက်နာအကောင်အထည်ဖော်ပြီး နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထုတစ်ရပ်လုံး ကြည်ဖြူစွာ လက်တွဲ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

သားညိုမောင်