ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)
Rate this item
(0 votes)

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
        မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ် ၏ “နိုင်ငံတော်အစိုးရအနေဖြင့် မြေမြုပ်မိုင်း အသုံးပြုမှု သဘောတူစာချုပ်အား လက်မှတ်ရေးထိုးရန် အစီအစဉ် ရှိ/မရှိနှင့် ဒေသခံကျေးလက်ပြည်သူများကို အန္တရာယ်မှ ကယ်တင်မည့် မိုင်းရှာ/မိုင်းဖျက်ဆီးရေး စီမံချက်များ ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး သိလိုတဲ့ မေးခွန်းကို လေ့လာရာမှာ အပိုင်း (၂)ပိုင်း တွေ့ရှိရပါတယ်။ ပထမပိုင်းကတော့ မြေမြှုပ်မိုင်း အသုံးပြုမှု သဘောတူ စာချုပ် လက်မှတ်ရေးထိုးရေးအစီအစဉ်နဲ့ ဒုတိယပိုင်းကတော့ မိုင်းရှာ/မိုင်းဖျက်ဆီးရေး စီမံချက်တို့ပဲဖြစ်ပါတယ်။


ပထမပိုင်း
        လူသတ်မိုင်းများ အသုံးပြုခြင်း၊ သိုမှီးထားခြင်း၊ ထုတ်လုပ်ခြင်းနှင့် လွှဲပြောင်းခြင်း တို့ကို တားမြစ်ခြင်းနှင့် ၎င်းတို့ကို ဖျက်ဆီးခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် Convention on the Prohibition of  the Use, Stockpiling, Production and Transfer of Anti-personnel Mines and on Their Destruction (1997-Ottawa Treaty)ကို လေ့လာရာမှာ စာချုပ်အား အပြီးသတ်အတည်ပြု လက်မှတ်ရေးထိုးပြီးသော နိုင်ငံ(၁၆၂)နိုင်ငံ၊ စာချုပ်အား ပါဝင်လက်မှတ်ရေးထိုးပြီး အပြီးသတ် အတည်မပြုသေးသော နိုင်ငံ(၁)နိုင်ငံနှင့် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသော နိုင်ငံ (၃၄)နိုင်ငံရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ အရှေ့တောင် အာရှနိုင်ငံများအနက် လာအို၊ မြန်မာ၊ စင်္ကာပူနှင့် ဗီယက်နမ် (၄)နိုင်ငံမှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ အခြားနိုင်ငံများအနက် တရုတ်၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးကြောင်း တွေ့ရှိရပါတယ်။

       အဆိုပါ ကွန်ဗင်းရှင်းတွင် အာတီကယ် (၂၂)ခုပါဝင်ပြီး အရေးကြီးသော အာတီကယ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
    (၁)    အာတီကယ်(၁)အရ စာချုပ်ဝင်နိုင်ငံသည် မိုင်းများကို အသုံးပြုခြင်း၊ သိုမှီးထားခြင်း၊ ထုတ်လုပ်ခြင်း၊ လွှဲပြောင်းပေးခြင်းတို့ မရှိစေရေး တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး မိုင်းများကို ဖျက်ဆီးရန်လည်း တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပါတယ်။
    (၂)    အာတီကယ်(၄)အရ စာချုပ်ဝင်နိုင်ငံသည် ၎င်းနိုင်ငံအတွက် စာချုပ် အတည် ဖြစ်ပြီး (၄)နှစ်ထက် နောက်မကျဘဲ မိုင်းများကို ဖျက်ဆီးပစ်ရမည် ဖြစ်ပါတယ်။
    (၃)    အာတီကယ်(၅)အရ  စာချုပ်ဝင်နိုင်ငံသည် မိုင်းဧရိယာများကို ၎င်းနိုင်ငံ အတွက် စာချုပ်အတည်ဖြစ်ပြီး (၁၀)နှစ်ထက်နောက်မကျဘဲ ရှင်းလင်း ဖျက်ဆီး ပစ်ရမည် ဖြစ်ပါတယ်။ သို့ရာတွင် လိုအပ်သော အကြောင်းပြ ချက်များကို ဖော်ပြ၍ တိုးမြှင့် ကာလအား အဆိုပြု တင်ပြနိုင်ပါတယ်။
    (၄)    အာတီကယ်(၆)အရ မိုင်းရှင်းလင်းခြင်း၊ မိုင်းအသိပညာပေးခြင်းတို့အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါတယ်။
    (၅)    အာတီကယ်(၇)အရ  စာချုပ်ဝင်နိုင်ငံသည် ၎င်းနိုင်ငံအတွက် စာချုပ် အတည် ဖြစ်ပြီး ရက်ပေါင်း (၁၈၀)အတွင်း မိမိနိုင်ငံ၏ မိုင်းနှင့်စပ်လျဉ်းသည့် အချက်များအား အသေးစိတ်ရှင်းလင်းဖော်ပြချက်များနှင့်အတူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ တင်ပြအစီရင်ခံရမည် ဖြစ်ပါတယ်။
    (၆)    အာတီကယ်(၈)အရ စာချုပ်ဝင်နိုင်ငံသည် တစ်နိုင်ငံ၏ စာချုပ်အပေါ် လေးစား လိုက်နာမှုဆိုင်ရာ ပြဿနာနှင့်စပ်လျဉ်း၍ ဖြေရှင်း ဆောင်ရွက် ပေးရန် အခြား စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံက မေတ္တာရပ်ခံလာလျှင် မေတ္တာရပ်ခံခြင်းခံရသော နိုင်ငံက ဖြေရှင်းဆောင်ရွက် ပေးရမည်ဖြစ်ပြီး စုံစမ်းရေးမစ်ရှင်များကိုလည်း နိုင်ငံအတွင်း ဝင်ခွင့်ပြုရမည် ဖြစ်ပါတယ်။

(၇)    အာတီကယ်(၉)အရ မိုင်းနှင့်စပ်လျဉ်း၍ တားမြစ်ထားသော လုပ်ဆောင်ချက် များကို လုပ်ဆောင်သူများအား အရေးယူဆောင်ရွက်ရန်အတွက် ဥပဒေကြောင်း ဆိုင်ရာ၊ အုပ်ချုပ်မှုကြောင်းဆိုင်ရာနှင့် အခြားလိုအပ်သော ဆောင်ရွက်မှု များကို စာချုပ်ဝင်နိုင်ငံက လုပ်ဆောင်ပေးရမည်ဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်ရေးနှင့် စပ်လျဉ်း၍ ထိုသဘောတူစာချုပ်ပါ အချက်အလက်များကို      ကနဦး လေ့လာ သုံးသပ်ရပါတယ်။ သဘောတူစာချုပ်တစ်ခုကို အဖွဲ့ဝင် အဖြစ် လက်မှတ်ရေးထိုးလိုက်သည့် အခါထိုသဘောတူစာချုပ်ပါ အချက်များကို လေးစားလိုက်နာရန် တာဝန်ရှိသကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည်များကိုလည်း သတ်မှတ်ချက် အတိုင်း လိုက်နာ အကောင်အထည်ဖော် ပေးရမည် ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် သဘောတူစာချုပ် တစ်ခုတွင် ပါဝင်ရေးသုံးသပ် ဆုံးဖြတ်ရာတွင် မိမိနိုင်ငံ လက်ရှိဖြစ်ပေါ် နေသော အခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိ/မရှိ၊ လက်ရှိအချိန် ၊ သို့မဟုတ် သတ်မှတ်ထားသည့် အချိန်တွင် မိမိနိုင်ငံအခြေအနေအရ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်နိုင်/မဖြစ်နိုင်တို့ကို ထည့်သွင်းစဉ်းစား ရမည့်အပြင် မိမိနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့်ယှဉ်၍လည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါတယ်။

-    သို့ဖြစ်ပါ၍ “နိုင်ငံတော်အစိုးရအနေဖြင့် မြေမြှုပ်မိုင်းအသုံးပြုမှု သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးရန် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်း၍ စာချုပ်ပါ ပြဋ္ဌာန်းချက် များအရ မြန်မာနိုင်ငံအနေဖြင့် စာချုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု ပါဝင်လိုက် သည်နှင့် မိုင်းစာရင်းများ ပြုစုခြင်း၊ မိုင်းထောင်ထားသည့် ဧရိယာများအား ရှာဖွေ စာရင်းပြုစုခြင်း၊ သတ်မှတ်ကာလအတွင်း မိုင်းများဖျက်ဆီးခြင်း၊ မိုင်းထောင် ထားသည့် ဧရိယာများကို ရှင်းလင်းခြင်း၊ အတည်ပြုပါဝင်ပြီး ရက်ပေါင်း (၁၈၀)အတွင်း မိုင်းနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ အစီရင်ခံစာတင်ပြခြင်း စသည်တို့ကို ပြုလုပ် ပေးရမည်ဖြစ်ရာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲ ဖြစ်သည့် မိမိနိုင်ငံ၏ ပကတိအခြေအနေအရ စာချုပ်ပါတာဝန်ရှိမှုများအား လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ အခက်အခဲရှိ/မရှိ ထည့်သွင်းစဉ်းစားပြီးမှသာ စာချုပ်တွင်အတည်ပြုပါဝင်ရန် သင့်/မသင့် သုံးသပ်စဉ်းစားသင့်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

ဒုတိယပိုင်း
     “ဒေသခံကျေးလက်ပြည်သူများကို အန္တရာယ်မှ ကယ်တင်မည့် မိုင်းရှာ/ မိုင်းဖျက်ဆီးရေး စီမံချက်များ ရှိ/မရှိ” နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မိုင်းအသုံးပြုမှု တားမြစ်ခြင်းနှင့် ဖျက်ဆီးခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးများသို့လည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်လျက် ရှိပါတယ်။ မိုင်းအသုံးပြုမှု တားဆီး ပိတ်ပင်ရေးနှင့် ပတ်သက်သော နည်းပညာများ၊ နိုင်ငံတကာ၏ အတွေ့အကြုံများကို ရယူလျက်ရှိကာ မိုင်းအသိပညာပေး ဆောင်ရွက်မှုဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲ များကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ မိုင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသော ဂျီနီဗာမြို့ အခြေစိုက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် Foundation Suisse de  Deminage (FSD)၏ ၂၀၁၄ ခုနှစ်အတွက်  အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံတွင် မိုင်းရှင်းလင်းရေး အသိပညာပေးရေးနှင့် မိုင်းအန္တရာယ် အသိပညာ ပေးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဖော်ပြထား သည်ကို တွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် ထိခိုက်ခံရပြီး အသက် မသေကျန်ရစ်သူများအား ကယ်ဆယ်ခြင်း၊ ခြေတုလက်တု ပြုလုပ်ပေးခြင်း၊ အသက် မွေးဝမ်းကျောင်း ပညာသင်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ICRC, DCA  ကဲ့သို့သော INGO, NGO များ ပူးပေါင်း၍ Victim Assistance အနေဖြင့် ဒေသအလိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း များတွင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ မိုင်းရှင်းလင်းရေးသင်တန်းများ သင်ကြားပေးလျက် ရှိပြီး မိုင်းရှင်းလင်းရေး အဖွဲ့များလည်း ဖွဲ့စည်းထားရှိပါတယ်။ လက်ရှိအနေဖြင့် ဒေသခံ ကျေးလက်ပြည်သူများကို မိုင်းအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်အင်ဂျင်နီယာတပ်ဖွဲ့ အနေဖြင့် ကရင်ပြည်နယ် အတွင်းရှိ ဖာပွန် - ခေါပုတ် - နတ်တောင် - ဒါးကွင်း လမ်းကြောင်း တစ်လျှောက်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် သုမွဲထ-မြစ်ဆုံ ဒေသတစ်ဝိုက်တွင် မိုင်းရှာ/မိုင်းဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
-    အားလုံးကို ကျေးဇူးတင်ပါတယ်။





Read 50 times Last modified on Tuesday, 21 July 2020 16:13