၂။ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေနေရာသည် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ရှမ်းတဲကြီးတောင်ပိုင်းရပ်ကွက်၊ ဇလုပ်ကြီးမြောက်ကွင်း၊ ကွင်းအမှတ် (၁၀၈၇/က)နှင့် ကွင်းအမှတ်(၁၀၈၈/က)တို့တွင်ရှိသော လယ်မြေ ၁၈.၁၆ ဧက နှင့် ဇလုပ်ကြီး ရေကျော်ချောင်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ချောင်းဖြောင့် ဖောက်လုပ်ရာမှ ပေါ်ထွက်လာသည့် အခြားမြေ(မြစ်ချောင်းနှင့်ရေအောက်မြေ) ၄၂.၀၉ ဧက၊ စုစုပေါင်း ၆၀.၂၅ ဧကဖြစ်ပြီး ၁၉၉၉ ခုနှစ် မတိုင်မီကတည်းက နှစ်စဉ် ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးလုပ်ကိုင် နိုင်ခြင်းမရှိသည့် မြေနေရာများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
၃။ ထို့ကြောင့် အဆိုပါမြေများအား လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားခဲ့ရာ ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအမှုဆောင်အဖွဲ့ အစည်းအဝေးမှတ်တမ်း(၂၈/၂၀၀၅)၊ ဆုံးဖြတ်ချက် အပိုဒ်(၂၆)အရ ခွင့်ပြုခဲ့သဖြင့် အမှတ်(၅၀၄)အမြောက်တပ်ရင်းမှ စက်ယန္တရား၊ စစ်သည် လုပ်အား၊ ငွေအားစိုက်ထုတ်၍ ငါးကန်များ တူးဖော်ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိ ရပါတယ်။
၄။ ထို့အပြင် ငါးကန်များ တူးဖော်ခြင်းဖြင့် ရွာသူရွာသားများ သွားလာမှု အခက်အခဲ မရှိဘဲ ပတ်ဝန်းကျင်လယ်မြေများ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ပေးနိုင်သည့် အတွက် ကန့်ကွက်ရန်မရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် ရှမ်းတဲကြီးကျေးရွာ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတို့၏ ထောက်ခံချက်များ ရရှိခဲ့ပြီး ဖြစ်သည့်အပြင် တပ်ရင်းအနေဖြင့် မြေစာရင်းပုံစံ(၁၀၅/၁၀၆) ရရှိခဲ့ပြီးဖြစ်ကာ လက်ရှိ တွင်လည်း တပ်ရင်းမှ ကိုင်တိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။
၅။ အဆိုပါ မြေဧရိယာ ၆၀.၂၅ ဧကအနက်မှ လယ်မြေ ၁၆ ဧက အား ပြန်လည် ရရှိရေးအတွက် ရှမ်းတဲကြီးကျေးရွာနေ ဦးဝင်းနိုင်မှ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီသို့ တောင်းခံခဲ့သဖြင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးအဖွဲ့သို့ ပြန်လည် စွန့်လွှတ်အပ်နှံခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်မြေ ၄၄.၂၅ ဧက သည်လည်း ဦးပိုင်အမည်ပေါက်ခြင်းမရှိသော မြစ်ချောင်းနှင့် ရေအောက်မြေ ၄၂.၀၉ ဧက နှင့် ရေနစ်မြုပ်မြေ ၂.၁၆ ဧက တို့ဖြစ်သဖြင့် စာသင်ကျောင်း၊ ဓမ္မာရုံ၊ အားကစားကွင်းနှင့် စာကြည့်တိုက်များ ဆောက်လုပ်ရန်မသင့်သော မြေနေရာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
၆။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေဧရိယာ ၄၄.၂၅ ဧက သည် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ခွင့်ပြုချက်နှင့် မြို့နယ်မြေစာရင်း ဦးစီးမှူး နှင့် ရှမ်းတဲကြီးကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ထောက်ခံချက် တို့ဖြင့် တပ်ရင်းမှ စက်ယန္တရား၊ စစ်သည်လုပ်အား၊ ငွေအားစိုက်ထုတ်၍ လက်ရှိတွင်လည်း ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြေနေရာဖြစ်ခြင်း၊ ဦးပိုင်အမည်ပေါက်ခြင်း မရှိသော မြစ်ချောင်း၊ ရေအောက်မြေနှင့် ရေနစ်မြုပ်မြေများ ဖြစ်သဖြင့် စာသင်ကျောင်း၊ ဓမ္မာရုံ၊ အားကစားကွင်းနှင့် စာကြည့်တိုက်များ ဆောက်လုပ်ရန် မသင့်သော မြေနေရာဖြစ်ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါ။ ရှင်းလင်း ဖြေကြားအပ်ပါတယ်။
၇။ အားလုံးကို ကျေးဇူးတင်ပါတယ်။