၂။ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေနေရာသည် အမှတ်(၃၅၄)ခြေမြန်တပ်ရင်း၏ တပ်ဧရိယာပြင်ပ ပေါက်တောမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၀၇)၊ ဂေါ်ယဉ်ပင်ကွင်းရှိ မြေဧရိယာ (၁၆၀.၆၂)ဧက မြေနေရာဖြစ်ပြီး ၁၉၉၃ ခုနှစ်ခန့်က ဆည်မြောင်းတာတမံများ ကျိုးပေါက်၍ ဆားငန်ရေများဝင်ရောက်ခဲ့သဖြင့် လယ်စိုက်ပျိုး၍ မရခြင်းကြောင့် အစိုးရမှ ပလပ်ထားရှိသည့် မြေနေရာဖြစ်ကာ အမှတ်(၃၅၄)ခြေမြန် တပ်ရင်းမှ ပိုင်ဆိုင်မှုလုပ်ကိုင်ခွင့် လျှောက်ထားတင်ပြစဉ်၌ ပိုင်ဆိုင်လုပ်ကိုင်သူမရှိဘဲ အစိုးရပလပ်မြေ အဖြစ်သာ တည်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။
၃။ အမှတ်(၃၅၄)ခြေမြန်တပ်ရင်းအနေဖြင့် အဆိုပါမြေနေရာအား တပ်မိသားစု သက်သာ ချောင်ချိရေးအတွက် ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် ယခင်ကျေးရွာ အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ သစ်ပုတ်ကျေးရွာအုပ်စု၏ ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်စွဲပါစာအရ မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်ဖြင့် လျှောက်ထားဆောင်ရွက်ခဲ့ရာ မြေစာရင်းပုံစံ(၁၀၅) ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ ရေငန်ပုစွန်မွေးမြူခြင်းလုပ်ငန်းအား ၁၉၉၉ ခုနှစ်မှ ယနေ့ထိတိုင် စဉ်ဆက်မပြတ် မွေးမြူလုပ်ကိုင်လျက်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနသို့ ၂၀၀၄-၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ် ငါး/ပုစွန် မွေးမြူရေးလိုင်စင်ကြေးများ ပေးဆောင်လုပ်ကိုင်လျက် ရှိပါကြောင်း စိစစ် တွေ့ရှိရပါတယ်။
၄။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေနေရာသည် လက်ရှိ ရေငန် ပုစွန် မွေးမြူရေးကန် မြေနေရာအား အမှတ်(၃၅၄)ခြေမြန်တပ်ရင်းအနေဖြင့် အင်အားပြ၍ မတရားရယူသိမ်းဆည်းခဲ့ခြင်း၊ စီးပွားရေးသမားများနှင့်ပေါင်း၍ ငွေကြေး အကျိုးအမြတ် ရရှိရန်အတွက် သိမ်းယူခဲ့ခြင်းမျိုးမဟုတ်ဘဲ တပ်ရင်းမိသားစု သက်သာချောင်ချိရေး အတွက် ပုစွန်မွေးမြူနိုင်ရန် အစိုးရပလပ်မြေကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းခဲ့ရာ ပုံစံ(၁၀၅)ရရှိပြီး ဖြစ်သောကြောင့် ပြန်လည် စွန့်လွှတ် ပေးနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်း တင်ပြ အပ်ပါတယ်။
၅။ အားလုံးကို ကျေးဇူးတင်ပါတယ်။