လူငယ်လူရွယ်များနှင့်နိုင်ငံတော်လုံခြုံရေး၊ကာကွယ်ရေးတာ၀န်

 

လူငယ်လူရွယ်များနှင့်နိုင်ငံတော်လုံခြုံရေး၊ကာကွယ်ရေးတာ၀န်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက၂၀၂၄ခုနှစ်၊ဖေဖော်၀ါရီလ၁၀ရက်နေ့မှာအမိန့်ကြော်ငြာစာအမှတ်၊၂၇ /၂၀၂၄နဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့်နေ့ရက်ကို သတ်မှတ်ခဲ့ပါတယ်။ အဲဒီအမိန့်ကြော်ငြာစာမှာ၂၀၁၀ပြည့်နှစ်ကနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၂၇ / ၂၀၁၀နဲ့ပြဌာန်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ခုနှစ် ဖေဖော်၀ါရီလ၁၀ရက်မှ စတင်၍အာဏာတည်စေရမည်ဖြစ်ကြောင်းယင်းဥပဒေပုဒ်မ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်သည်လို့ဖော်ပြသတ်မှတ်ခဲ့ပါတယ်။

မိမိတို့နိုင်ငံမှာမကြုံဖူးသေးတဲ့ကိစ်စဖြစ်တာရယ်၊ပြည်ပသြဇာခံပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်သစ်စာဖောက်တွေကအဖျက်သဘောနဲ့ကောလဟလထုတ်လွှင့်မှုတွေကြောင့်ရယ် ပြည်သူတွေအတွင်းမှာစိုးရိမ်ပူပန်မှုတွေရှိလာကြပါတယ်။ပြည်သူအများစုဟာထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကို ဂဃနဏမလေ့လာကြဘဲဘေးပြောစကားတွေကို နားယောင်ကြပြီးစိုးရိမ်လာကြပါတယ်။ဒါကြောင့်ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာနဲ့အခြေအနေတွေကိုနိုင်ငံတော်အကြီးအကဲတွေကအလျဉ်းသင့်တိုင်း ရှင်းလင်းပြောကြားနေကြသလို၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကလည်းစဉ်ဆက်မပြတ်ရှင်းလင်းပြောကြားပေးနေပါတယ်။မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုပြန်လည်လေ့လာကြည့်ရင်ပုဂံခေတ်မှကုန်းဘောင် ခေတ်နှောင်းအထိနှစ်ပေါင်းများစွာအမြဲတမ်းတပ်မတော်ဆိုတာမရှိပေမဲ့တိုင်းပြည်အတွက်စစ်မက်ရေးရာတွေပေါ်ပေါက်လာတဲ့အခါမှသာကျန်းမာ၊သန်စွမ်း၊ရဲရင့်တဲ့သူတွေကိုဆင့်ခေါ်စုစည်း ပြီးတိုက်ပွဲ၀င်တိုက်ခိုက်ခဲ့ကြကြောင်း၊လိုအပ်သလိုဆင့်ခေါ်နိုင်ဖို့မြို့ပြအကြီးအငယ်ပေါ်မူတည်ပြီးထောင်ပြုမြို့၊ရာပြုမြို့၊ဆယ်ပြုမြို့တွေကိုဖွဲ့စည်းတည်ဆောက်ခဲ့ကြပါတယ်။စစ်မက်အရေးမပေါ်ရင်သာမန်လယ်သမား၊ကုန်သွယ်သူတွေအဖြစ်နဲ့နေထိုင်ကြပြီးစစ်မက်ရေးရာပေါ်ပေါက်လာပြီဆိုရင်စစ်သည်တော်တွေအဖြစ်တိုင်းပြည်ကာကွယ်ရေးတာ၀န်တွေကိုထမ်းဆောင်ခဲ့ကြကြောင်း လေ့လာမှတ်သားဖူးပါတယ်။

မြန်မာနိုင်ငံမှာခရစ်နှစ်၁၉၅၉ခုနှစ်ကတည်းကပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းခဲ့ပါတယ်။၁၉၆၄ခုနှစ်ကတပ်မတော်တပ်မှူးများညီလာခံမှာပြည်သူ့စစ်မဟာဗျူဟာကိစ်စကိုစတင်ဆွေးနွေးခဲ့ပြီး၁၉၆၇ခုနှစ်မှာပြည်သူ့စစ်မဟာဗျူဟာကိုလက်ခံရေးဆွဲခဲ့ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာအရင်ရှိပြီးသားဖြစ်တဲ့ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြင်ဆင်ပြီးဥပဒေအမှတ်၂၇ / ၂၀၁၀အဖြစ်ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။အဲဒီပြဌာန်းလိုက် တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေဟာအာဏာတည်တဲ့နေ့သတ်မှတ်ခဲ့တာမရှိသေးပါဘူး။ဒါကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၂၄ခုနှစ်၊ဖေဖော်၀ါရီလ၁၀ရက်နေ့မှစတင်ပြီးအာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ၁၊ပုဒ်မခွဲ (ခ) အရ၂၀၂၄ခုနှစ်၊ဖေဖော်၀ါရီလ၁၀ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ်၂၇ / ၂၀၂၄နဲ့သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပုဒ်မ၂၀၊အပိုဒ်ခွဲ(ဃ)မှာ တပ်မတော်သည်နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင်ပြည်သူတစ်ရပ်လုံးပါ၀င်ရေးအတွက်စီမံဆောင်ရွက်ခွင့်ရှိသည်ဟုလည်းကောင်း၊ ပုဒ်မ၃၃၉မှာနိုင်ငံတော်အားပြည်တွင်း၊ပြည်ပအန္တရယ်များမှကာကွယ်ရေးအတွက်တပ်မတော်ကဦးဆောင်ရမည်ဟုလည်းကောင်း၊ပုဒ်မ၃၄၀မှာတပ်မတော်၏ဦးဆောင်မှုဖြင့်ပြည်သူ့စစ်မဟာဗျူဟာကိုဖော်ဆောင်ရမည်ဟုလည်းကောင်းပြဌာန်းထားပြီးဖြစ်တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ပုဒ်မ၃၈၅မှာပြည်ထောင်စုသမ်မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကိုကာကွယ်စောင့်ရှောက်ရေးသည်နိုင်ငံသား တို်င်း၏တာ၀န်ဖြစ်သည်လို့ပြဌာန်းထားသလိုပုဒ်မ၃၈၆မှာနိုင်ငံသားတိုင်းသည်ဥပဒေပြဌာန်း ချက်များနှင့်အညီစစ်ပညာသင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းရန်တာ၀န်ရှိသည်လို့ပြဌာန်းထားပါတယ်။ပုဒ်မ၃၈၄မှာနိုင်ငံသားတိုင်းသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကိုလိုက်နာစောင့်ထိန်းရန်တာ၀န်ရှိသည်လို့ပြဌာန်းထားပြီးဖြစ်တာကြောင့်သတ် မှတ်ချက်ကိုက်ညီတဲ့လူငယ်လူရွယ်တွေဟာပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီပါ၀င်ဆောင်ရွက်ခွင့်ရကြမှာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ရည်ရွယ်ချက်ကတော့နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုမပြို ကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့်ဒို့တာ၀န်အရေးသုံးပါးကိုစောင့်ထိန်းရန်တာ၀န်ရှိတဲ့အတွက် ဒီတာ၀န်ကိုထမ်းဆောင်နိုင်ရေး အလို့ငှာစစ်ပညာသင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဌာန်းရခြင်းဖြစ်ကြောင်းပြည်သူ့စစ်မှုထမ်းဥပဒေနိဒါန်းပိုင်းမှာဖော်ပြထားချက်အရသတ်မှတ်ပြဌာန်းချက်တွေနဲ့အညီဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါတယ်။

ကမ္ဘာပေါ်မှာ စစ်မှုမထမ်းမနေရဥပဒေကိုပြဌာန်းထားတဲ့နိုင်ငံတွေရှိပါတယ်။တချို့အပိုင်းတွေမှာ ( National Service )အမျိုးသားစစ်မှုထမ်းစနစ်ဆိုတဲ့ခေါင်းစဉ်မျိုးတွေ နဲ့ ပြဌာန်းထားပြီး၊ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ကျင့်သုံးနေပါတယ်။တစ်နိုင်ငံနဲ့တစ်နိုင်ငံကျင့်သုံးပုံချင်း မတူညီကြပဲလက်တွေ့ကျင့်သုံးတဲ့နိုင်ငံ၊လက်တွေ့မကျင့်သုံးတဲ့နိုင်ငံ၊တစ်စိတ်တစ်ပိုင်းပဲကျင့်သုံးတဲ့နိုင်ငံနဲ့အချိန်ပိုင်းပဲကျင့်သုံးတဲ့နိုင်ငံဆိုပြီးကွာခြားချက်တွေလည်းရှိပါတယ်။ကမ်ဘာပေါ်ရှိနိုင်ငံ အချို့မှာနိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးတို့အတွက်ပြည်သူတွေမှာတာ၀န် ရှိတာမို့ ဥပဒေတွေပြဌာန်းချမှတ်ကျင့်သုံးနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာသတ်မှတ်ပြဌာန်းထားတဲ့ပြည်သူ့စစ်မှုထမ်းဥပဒေမှာစစ်မှုထမ်းရမဲ့အသက်အရွယ်ရောက်သူဆိုတာအမျိုးသားဆိုရင်အသက်၁၈နှစ်ပြည့်ပြီးအရွယ်မှ၃၅နှစ်မပြည့်သေးတဲ့ နိုင်ငံသားတိုင်း၊အမျိုးသမီးဆိုရင်အသက်၁၈နှစ်ပြည့်ပြီးအရွယ်မှအသက်၂၇နှစ် မပြည့်သေးတဲ့ နိုင်ငံသားတိုင်းကိုဆိုလိုပါတယ်။ကျွမ်းကျင်သူကျင်သူအမျိုးသားဖြစ်ရင်အသက်၁၈နှစ်ပြည့်ပြီး၊အသက်၄၅နှစ်မပြည့်သေးတဲ့နိုင်ငံသားတွေ၊အမျိုးသမီးဖြစ်ရင်အသက်၁၈နှစ်ပြည့်ပြီး၊အသက်၃၅နှစ်မ ပြည့်သေးတဲ့နိုင်ငံသားတွေကိုဆိုလိုပါတယ်။ကျွမ်းကျင်သူဆိုတာဆရာ၀န်၊အင်ဂျင်နီယာ၊စက်မှုလက်မှုပညာတတ်မြောက်သူသို့မဟုတ်အခြားအတတ်ပညာတစ်ရပ်ရပ်နဲ့အသက်မွေး၀မ်း ကျောင်းနေသူတွေကိုဆိုလိုပါတယ်။

စစ်မှုထမ်းရမဲ့အသက်အရွယ်ရောက်ရှိတဲ့နိုင်ငံသားတိုင်းကို၂၄လထက်မပိုတဲ့ကာလအပိုင်းအခြားအတွက်ဆင့်ခေါ်နိုင်ပြီး၊တပ်မတော်စက်မှုလက်မှုပညာသည်တွေအဖြစ်အမှုထမ်းဖို့ဆင့်ခေါ်ခြင်းခံရသူ(ကျွမ်းကျင်သူ)တွေကို၃၆လထက်မပိုတဲ့ကာလအပိုင်းအခြား ထိဆင့်ခေါ်နိုင်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းခြင်းနဲ့လုပ်ငန်းတာ၀န်တွေကိုသတ်မှတ်ပြဌာန်းချက်များနဲ့အညီယခုအခါပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊နေပြည်တော် ကောင်စီနဲ့တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကိုဖွဲ့စည်းထားပြီးဖြစ်ပါတယ်။အလားတူခရိုင်၊မြို့နယ်အဆင့်တွေကိုဆက်လက်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများကစစ်မှုထမ်းဆောင်ဖို့အရွယ်ရောက်သူများစာရင်းကို မြို့နယ်အဆင့်သို့နှစ်စဉ်ဇန်န၀ါရီလ၁ရက်နေ့အရောက်ပေးပို့ရပါမယ်။မြို့နယ်အဖွဲ့ကအရည်အချင်းပြည့်မီသူတွေကိုဆင့်ခေါ်ကာမှတ်ပုံတင်ထားပြီးလက်မှတ်ထုတ်ပေးပါမယ်။လက်မှတ်ရရှိသူများကိုဆေးစစ်ဖို့ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။ဒီလိုဆင့်ခေါ်တဲ့အခါ၂၀၁၉ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရပြည်သူ့စစ်မှုထမ်းဥပဒေအရတာ၀န်ထမ်းဆောင်နိုင်ဖို့အကျုံး၀င်တဲ့အင်အားက ၁၃သန်းရှိပါတယ်။အဲဒီထဲမှာအမျိုးသားအင်အားက၆ဒသမ၃သန်းကျော်နဲ့အမျိုးသမီးအင်အားက၇ဒသမ၇သန်းကျော်ရှိပါတယ်။ပြည်သူ့စစ်မှုထမ်းဥပဒေအရပြည်သူ့စစ်မှုထမ်းများကိုဆင့်ခေါ်ရာမှာအမျိုးသမီးတွေကိုလတ်တလောဆင့်ခေါ်ဖို့အစီအစဉျမရှိသေးကြောင်းသိရပါတယ်။ဖော်ပြပါကိန်းဂဏန်းတွေအရရပ်ကွက်တစ်ခုမှာစစ်မှုထမ်းဆောင်ဖို့၊ကာကွယ်ရေးတာ၀န်ထမ်းဆောင်ဖို့တစ်ဦးသို့မဟုတ်နှစ်ဦးထက်ပိုစရာမရှိကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင်ကပြောကြားထားပါတယ်။

ပြည်သူ့စစ်မှုထမ်းများအတွက်ခံစားခွင့်တွေအနေနဲ့တပ်မတော်မှာသတ်မှတ်ထားတဲ့ အဆင့်အလိုက်လစာနဲ့စရိတ်အတိုင်းခံစားခွင့်ရှိခြင်း၊စစ်မှုထမ်းကာလအတွင်းသေဆုံးခြင်း၊ထိ ခိုက်ဒဏ်ရာရရှိခြင်းတွေရှိခဲ့ရင်တာ၀န်၀တ်တရားထမ်းဆောင်ခြင်းနဲ့အကျုံး၀င်ပါကတပ်မတော်မှာသတ်မှတ်ထားတဲ့ခံစားခွင့်တွေမရရှိခြင်း၊ပြည်သူ့စစ်မှုထမ်းအဖြစ်တာ၀န်ထမ်းဆောင်နေတဲ့ နိုင်ငံ့၀န်ထမ်းတစ်ဦးကို၄င်းတာ၀န်ထမ်းဆောင်နေသည့်ကာလကိုတာ၀န်ချိန်အဖြစ်သတ်မှတ် ပေးခြင်း၊တပ်မတော်ကို၀င်ရောက်အမှုထမ်းလိုပါကသတ်မှတ်စည်းမျဉ်းစည်းကမ်းများနဲ့အညီစစ်မှုထမ်းခွင့်ပြုခြင်း၊ပါရဂူဘွဲ့၊အသက်မွေး၀မ်းကျောင်းဆိုင်ရာဘွဲ့ရသူများနဲ့အခါအားလျော်စွာသတ်မှတ်အရည်အချင်းပြည့်စုံသူတွေကိုပြန်တမ်း၀င်အရာရှိခန့်အပ်ခြင်းစသည်တို့ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရမဲ့သူတွေကတော့ သာသနာ့၀န်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ(အိမ်ထောင်ပျက်သော်လည်းသားသမီးရှိသူအမျိုးသမီးတွေလည်းပါ၀င်ပါတယ်)၊ ကိုယ်လက်အင်္ဂါတစ်ခုခုအမြဲတမ်းမသန်စွမ်းသူတွေ၊တပ်မတော်ဆေးစစ်ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန်အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်းသက်သေခံလက်မှတ်ရရှိထားသူများနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဘုတ်အဖွဲ့ကအမိန့်ထုတ်ပြန်ပြီးကင်းလွတ်ခွင့်ပြုထားသူတွေဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာပြည်သူတွေနဲ့လူငယ်လူရွယ်တွေကိုစိုးရိမ်ထိတ်လန့်စေမဲ့သတင်းတု၊သတင်းမှားတွေ၊ကောလဟလတွေကိုပြည်ပမီဒီယာအချို့နဲ့ပြည်ပသြဇာခံအဖျက်မီဒီယာတွေကထိုးနှက်ခြိမ်းမြောက်လာကြပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပါ၀င်ရပြီဆိုရင်ဒီနေ့ပဲသေနတ်ကိုင်၊ ဒီနေ့ပဲရှေ့တန်းထွက်တိုက်ပွဲတွေ၀င်ရမဲ့သဘောမျိုးတွေထုတ်လွှင့်နေကြပါတယ်။ တကယ်တော့နိုင်ငံတော်ကာကွယ်ရေးတာ၀န်ထမ်းဆောင်နေတဲ့တပ်မတော်သားတွေလိုစစ်ပညာ၊နိုင်ငံတော်ကာကွယ်ရေးပညာတွေကိုအပြည့်အ၀သင်ကြားကြရဦးမှာဖြစ်ပါတယ်။ဒါ့အပြင်ကွန်ပျူတာ၊အိုင်တီကျွမ်းကျင်သူတွေက Cyber တိုက်ခိုက်ခံရမှုကာကွယ်ရေး တာ၀န်၊စီးပွားရေးကၽွမ်းကျင်သူတွေကမိမိနိုင်ငံကိုစီးပွားရေးအရထိုးနှက်တိုက်ခိုက်လာတာတွေကိုကာကွယ်တဲ့တာ၀န်တွေကိုထမ်းဆောင်ကြရမှာဖြစ်ပါတယ်။မိမိနဲ့သက်ဆိုင်တဲ့၊ကျွမ်းကျင်တဲ့ပညာရပ်တွေအလိုက်နိုင်ငံတော်ကာကွယ်ရေးတာ၀န်ထမ်းဆောင်နိုင်ဖို့အခြေခံစစ်ပညာကို လည်းသင်ကြားကြရပါမယ်။

စစ်ပညာသင်ကြားရတဲ့အတွက်စည်းကမ်းစနစ်တကျသွားလာနေထိုင်စားသောက်တတ်လာမယ်။စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ခန်ဓာကျန်းမာကြံ့ခိုင်သန်စွမ်းလာမယ်။ဇွဲလုံ့လဝီရိယသတ် တိတွေအသုံးချလာနိုင်မယ်။နိုးကြားတက်ကြွတဲ့စိတ်ဓာတ်တွေရှိလာမယ်။မိမိကိုယ်မိမိယုံကြည်မှုတွေရှိလာမယ်။အများနဲ့ပူးပေါင်းဆောင်ရွက်တတ်တဲ့အလေ့အကျင့်တွေရလာမယ်။အမိန့်နာခံ တတ်မှုနဲ့အမိန့်ပေးတတ်မှုတွေဖြစ်ထွန်းလာမယ်။စည်းလုံးညီညွတ်စွာနေထိုင်တတ်လာမယ်၊ကိုယ်ချင်းစာစိတ်တွေနဲ့တစ်ဖက်သားအပေါ်မှာစာနာတတ်လာမယ်။နိုင်ငံနဲ့လူမျိုးအပေါ်ချစ်မြတ်နိုးတဲ့စိတ်၊ကာကွယ်လိုတဲ့စိတ်တွေကိန်းအောင်လာမယ်ဆိုတာတွေမလွဲမသွေခံစားကြရမှာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရနိုင်ငံတော်ကာကွယ်ရေးတာ၀န်တွေထမ်းဆောင်စေခြင်းဟာလက်ရှိအစိုးရတစ်ဆက်အတွက်မဟုတ်ပဲနိုင်ငံတော်ရဲ့ရေရှည်အကျိုးကိုမျှော်မှန်းပြီးဆောင်ရွက်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ် ။ တိုင်းရင်းသားပြည်သူအားလုံးဟာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ တည်ငြိမ်အေးချမ်းမှု နဲ့စစ်မှန်စည်းကမ်းပြည့်၀တဲ့ ဒီမိုကရေစီစနစ်ကို လိုလားကြပါတယ်။ ဒီလိုလားချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အတွက် မိဘပြည်သူအပေါင်းက ပူးပေါင်းဆာင်ရွက်ကြဖို့လိုအပ်ပါတယ် ။ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးတာ၀န်တွေကို ကိုယ်တိုင်ပါ၀င်ဆောင်ရွက်ကြမဲ့ လူငယ်လူရွယ်တွေအနေနဲ့လည်း ကျရာတာ၀န်တွေကို တက်တက်ကြွကြွ ပူးပေါင်းပါ၀င်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းနိုးဆော်လိုက်ရပါတယ် ။   

စိုး မိုး အေး