မြန်မာနိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ

 

မြန်မာနိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ

ကမ္ဘာ့နိုင်ငံများအားလုံးမှာ မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက် ကာကွယ်ရေးစွမ်းအားစုတွေစုဆောင်းနိုင်အောင် ကွဲပြားခြားနားတဲ့ စစ်မှုထမ်းဥပဒေများကို ကျင့်သုံးလျက်ရှိကြပါတယ်။ ဒီလိုကျင့်သုံးတဲ့နေရာမှာ မိမိနိုင်ငံအတွက် လိုအပ်မယ့်၊ ကိုက်ညီမယ့် ပမာဏကို စိစစ်ခေါ်ယူလေ့ရှိကြပါတယ်။ သို့သော်လည်း ဒီလိုစစ်မှုထမ်းဥပဒေတွေရဲ့ တကယ့်အနှစ်သာရက နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ဖို့တာဝန်ရှိတယ်၊ လိုအပ်ရင်စစ်မှုထမ်းဆောင်ရမယ်၊ နိုင်ငံတော်ကာကွယ်ရေးအတတ်ပညာတွေတတ်ရမယ်ဆိုတဲ့အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားကြတာဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းပြီး ရွေးချယ်စိစစ်ခေါ်ယူမယ့်နည်းလမ်းနဲ့ ပမာဏကို နိုင်ငံတော်မှသုံးစွဲနိုင်မယ့် ဘဏ္ဍာငွေပမာဏနဲ့၊ နိုင်ငံရေးနဲ့ လုံခြုံရေးပတ်ဝန်းကျင်အခြေအနေတွေအရ ထိန်းညှိဆောင်ရွက်ကြရပါတယ်။

ဒီဆောင်းပါးမှာတော့ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေတွေနဲ့ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဘာကြောင့်လိုအပ်သလဲဆိုတာကို ဆွေးနွေးပေးချင်ပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စစ်မှုထမ်းစနစ်များကို ခြုံငုံလေ့လာကြည့်လိုက်တဲ့အခါအမျိုးသား၊ အမျိုးသမီးခြွင်းချက်မရှိတာဝန်ထမ်းဆောင်ရတဲ့ စစ်မှုမထမ်းမနေရစနစ် (Mandatory Conscription) စနစ်၊ဥပဒေအရစစ်မှုမထမ်းမနေရစနစ်နဲ့ ဆန္ဒပြုစနစ်ကို တွဲစပ်ကျင့်သုံးသည့် (DeJure Conscription or Combination)ဆိုပြီးနှစ်မျိုးတွေ့ရပါတယ်။ အသက်အရွယ်နဲ့ကျန်းမာရေးအဆင့်အတန်းမီတဲ့ အမျိုးသား၊အမျိုးသမီး နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဖြစ်တဲ့ Mandatory Conscription စနစ်ကို လူဦးရေနည်းပါးတဲ့နိုင်ငံငယ်လေးတွေနဲ့ တစ်ပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာအတွေ့ရများပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဥပဒေအရ စစ်မှုထမ်းဆောင်ရမယ့် နိုင်ငံသားများအားလုံး မှတ်ပုံတင်စေသော်လည်းတာဝန်ထမ်းဆောင်ဖို့ဆန္ဒပြုသူတွေနဲ့ အင်အားလိုအပ်သလောက်သာ အကန့်အသတ်နဲ့ဆင့်ခေါ်တဲ့ De Jure or Combination ပုံစံကျင့်သုံးတာကိုတွေ့ရပါတယ်။

လစ်ဘရယ်ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံမှာလည်းကမ္ဘာစစ်ကြီးတွေဖြစ်ပွားနေတဲ့ကာလမှာ စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးခဲ့ပြီး ယခုလည်း Selective Service လို့ခေါ်တဲ့ အသက် ၁၈ နှစ်ပြည့်လျှင် စစ်မှုထမ်းဆောင်ရန်အတွက် မဖြစ်မနေမှတ်ပုံတင်ရတဲ့စနစ်ပြုလုပ်ထားပြီး ဒီလိုမှတ်ပုံတင်တဲ့အထဲကမှ လိုအပ်သလောက်ကိုသာ စိစစ်ခေါ်ယူခြင်းပြုလုပ်ပါတယ်။ တစ်နည်းအားဖြင့် De Jure or Combination ပုံစံလို့ သတ်မှတ်နိုင်ပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းမှာ စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးနေပြီးလာအိုနဲ့ အိန္ဒိယနိုင်ငံမှာတော့ဆန္ဒပြုစနစ်ဖြစ်ပေမဲ့ နိုင်ငံအတွက် လိုအပ်တဲ့အချိန်မှာ စစ်မှုထမ်းတွေဆင့်ခေါ်နိုင်တဲ့ ဥပဒေတွေပြဋ္ဌာန်းထားရှိပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်နိုင်ငံလိုပဲ De Jure or Combination ပုံစံကိုကျင့်သုံးနေတယ်လို့ ဆိုနိုင်ပါတယ်။အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကတော့ စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးလက်တွေ့ကျင့်သုံးလျက်ရှိပါတယ်။ ဒေသတွင်းနိုင်ငံများဖြစ်တဲ့ တောင်ကိုရီးယား၊မြောက်ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာစစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကျင့်သုံးလျက်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာလည်း De Jure ပုံစံကို ကျင့်သုံးပါတယ်။ World Population Review Website မှာ ဖော်ပြထားချက်များအရ ကမ္ဘာပေါ်မှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းထားပြီး ပုံစံမျိုးစုံနဲ့ကျင့်သုံးနေတဲ့ နိုင်ငံပေါင်း၈၆ နိုင်ငံရှိတယ်လို့ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရပြီးကတည်းကဆန္ဒအလျောက်စစ်မှုထမ်းဆောင်တဲ့စနစ် (Voluntary Enlistment) ကိုသာ ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုအချိန်ကြာလာတဲ့အခါမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဟာ စစ်မှုထမ်းတွေရဲ့အလုပ်သာဖြစ်တယ် ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးတွေဝင်လာတတ်ကြပြီး သောင်းကျန်းသူလက်နက်ကိုင်အဖွဲ့အများစုဟာလည်း လူမျိုးရေးကိုအခြေခံပြီး အတင်းအဓမ္မလူသစ်စုဆောင်းမှုတွေ ဆောင်ရွက်နေတာကို သတိပြုရမှာဖြစ်ပါတယ်။ အမှန်တော့ နိုင်ငံတော်ကာကွယ်ရေးဆိုတာ နိုင်ငံသားတစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ်။ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တိုင်းပြည်အတွက်လိုအပ်ရင် နိုင်ငံရဲ့တရားဝင်တပ်မတော်မှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့မူကို ၁၉၄၇ ခုနှစ်ကတည်းက ထုတ်ဖော်ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။

နိုင်ငံတော်ကာကွယ်ရေးအမြင်နဲ့ အတတ်ပညာတွေဟာလည်း ပြည်သူများအားလုံးသိသင့်သိထိုက်တဲ့သိရမယ့်ပညာရပ်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံလို တောင်အာရှနဲ့ အရှေ့တောင်အာရှကိုပေါင်းကူးပေးတဲ့ ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့နေရာ၊ အင်အားကြီးနိုင်ငံတွေရဲ့အကြားမှာတည်ရှိနေတဲ့ နိုင်ငံအတွက်နိုင်ငံတော်ကာကွယ်ရေးအသိပညာနဲ့ အတတ်ပညာတွေဟာ နိုင်ငံသားတိုင်း သိသင့်၊ တတ်သင့်လှပါတယ်။

ဒါကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်လာခဲ့တာဟာ နိုင်ငံတော်လုံခြုံရေးအတွက် ရေရှည်တစိုက်မတ်မတ်လုပ်ရမဲ့ အထူးကောင်းမွန်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ နားလည်မိပါတယ်။ ဒီဥပဒေဟာ ယခုမှဖြစ်ပေါ်လာတာတော့မဟုတ်ဘဲ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလကတည်းကပြဋ္ဌာန်းထားခဲ့တာဖြစ်ပြီး ယခုမှစတင်အသက်ဝင်လာတာဖြစ်ပါတယ်။ သို့သော်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေအသက်ဝင်လာလို့ နိုင်ငံသားအားလုံး မဖြစ်မနေတာဝန်ထမ်းဆောင်ရမယ့်ပုံစံမဟုတ်ဘဲ လိုအပ်သလောက်သာ အကန့်အသတ်နဲ့တာဝန်ထမ်းဆောင်ရမယ့်ပုံစံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက်အရွယ်အရ အကျုံးဝင်သူစစ်မှုထမ်းဆောင်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီး အားလုံးတပြိုင်နက်တည်း တာဝန်ထမ်းဆောင်ရမှာမဟုတ်ပဲ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် သတ်မှတ်အသက်အပိုင်းအခြားအတွင်းက စိစစ်ပြီး အင်အားအနည်းငယ်ကိုသာခေါ်ယူမှာဖြစ်တဲ့အတွက် လတ်တလောမှာ အမျိုးသားများကိုသာ ခေါ်ယူပြီး အမျိုးသမီးတွေကို ခေါ်ယူဦးမှာမဟုတ်ဘူးလို့လည်း တာဝန်ရှိသူတွေပြောဆိုတာကို ကြားနေရပါတယ်။ဒါ့အပြင်စစ်မှုထမ်းဆောင်ဖို့ ရွေးချယ်ခံရတဲ့သူတွေအားလုံး ယခုတပ်မတော်သားများနည်းတူ ရသင့်ရထိုက်တဲ့ ရိက္ခာ၊ လစာတွေ၊ ခံစားခွင့်တွေကိုလည်း ရရှိကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ယခုမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်စေပြီး ဥပဒေနည်းလမ်းတကျ စစ်မှုထမ်းများကို စိစစ်ရွေးချယ်ခေါ်ယူဖို့ ဆောင်ရွက်နေပေမယ့်မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သောင်းကျန်းသူတွေကတော့ အတင်းအဓမ္မလူသစ်စုဆောင်းမှုတွေကို လုပ်ဆောင်နေကြတာ လွတ်လပ်ရေးရပြီးကတည်းကလို့ပဲ ဆိုနိုင်ပါတယ်။ လတ်တလောကာလမှာ KIA သောင်းကျန်းသူအဖွဲ့က ကချင်ပြည်နယ်နဲ့၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသက ပြည်သူတွေကို အပြစ်အမျိုးမျိုးရှာပြီး၊ ပြစ်ဒဏ်အတွက် KIA အဖွဲ့ထဲဝင်ခိုင်းသလို၊ ကျေးရွာအလိုက် မိသားစုအလိုက်လည်း အဓမ္မလူသစ်စုဆောင်းနေပါတယ်။ MNDAA နဲ့ TNLA အဖွဲ့သည်လည်း ထိုနည်းတူစွာဆောင်ရွက်ပြီး သူတို့အဖွဲ့ထဲမဝင်လိုလျှင် အဆမတန်ဆက်ကြေးပေးဆောင်ရပါတယ်။ သိပ်မကြာသေးခင်ကပဲ စစ်ဘေးရှောင်တဲ့ ကလေးနဲ့ သံဃာတွေပါမချန် သင်္ကန်းချွတ်ပြီး အတင်းအဓမ္မ လူသစ်စုဆောင်းလို့ ပလောင်ဒေသကလူငယ်တွေထွက်ပြေးနေရပါတယ်။

ရခိုင်ပြည်နယ်က သောင်းကျန်းသူ AA အဖွဲ့ကလည်း ရွာတစ်ရွာကို ၁၀ ဦးနှုန်းနဲ့ အဓမ္မလူသစ်စုပါတယ်။ AA ထဲမဝင်ရင် ရွာကနေမောင်းထုတ်ပါတယ်။ ဝအဖွဲ့၊ မိုင်းလားအဖွဲ့၊ ဝမ်ဟိုင်းအဖွဲ့၊ ယွက်စစ်အဖွဲ့၊ MNSP မွန်အဖွဲ့၊ KNU အဖွဲ့တွေလည်း ထိုနည်းတူစွာပဲဆောင်ရွက်ကြပါတယ်။ PDF အကြမ်းဖက်တွေကတော့ သူတို့ထဲမဝင်ရင် ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေကြလို့ ပြည်သူအားလုံးကအော့နှလုံးနာနေကြရပါတယ်။အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံက လိုအပ်ချက်အရ ပြဋ္ဌာန်းထားတဲ့ဥပဒေကို အသက်သွင်းခဲ့တာကို ဆန့်ကျင်ဝေဖန်နေကြတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းတချို့ဟာ တရားမဝင်လက်နက်ကိုင်သောင်းကျန်းသူများရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကို မသိချင်ယောင်ဆောင်ပြီး ဥပဒေအရအစိုးရတစ်ရပ်ရဲ့ဆောင်ရွက်ချက်ကို ဝေဖန်ဆန့်ကျင်နေကြတာကိုလည်း အံ့အားသင့်ဖွယ် မြင်တွေ့ကြားသိနေရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်သိနိုင်ငံ့သားကောင်းလူငယ်တွေ စစ်မှုထမ်းဆောင်ရာမှာလည်း လူတိုင်းတိုက်ခိုက်ရေးတပ်ရင်း/တပ်ဖွဲ့တွေကို သွားဖို့လိုအပ်တာမဟုတ်ဘဲ ကျွမ်းကျင်ရာပညာရပ်တွေအလိုက် တာဝန်ပေးအပ်မှာဖြစ်လို့ အခြားလက်ရုံးတပ်ဖွဲ့များကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ စစ်မှုထမ်းဆောင်ရမယ့်လူငယ်တွေဟာ တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး၊ အခြားပြည်သူတွေအနေနဲ့လည်း ပြည်သူ့စစ်မှုထမ်းစနစ်ကို လေ့လာခွင့်ရမှာဖြစ်တာကြောင့် အထူးသင့်လျော်တယ်လို့လည်း ယူဆမိပါတယ်။ နည်းဥပဒေတွေ အတည်တကျထွက်လာရင်တော့ ဒီအချက်တွေ ရှင်းရှင်းလင်းလင်းပါဝင်လာမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ပြည်ဖျက်မီဒီညာတွေ၊ အကြမ်းဖက်သမားတွေနဲ့ သောင်းကျန်းသူတွေလှုံ့ဆော်နေတဲ့ မဟုတ်မမှန်တဲ့သတင်းတွေကို နားမယောင်မိကြဖို့လိုပါတယ်။ ဒီအဖွဲ့တွေဟာ ပြည်သူတွေ နိုင်ငံတော်ကာကွယ်ရေးပညာတွေ တတ်မြောက်ပြီး၊ ဥပဒေနည်းလမ်းတကျ စစ်မှုထမ်းဆောင်လာကြမှာကို အင်မတန်ကြောက်ရွံ့နေကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ကြမည့် လူငယ်များဟာ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြတဲ့ နိုင်ငံ့သားကောင်းများအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နိုင်မှာဖြစ်သလို စစ်မှုထမ်းဆောင်စဉ်ကာလအတွင်းတစ်ကိုယ်ရည်စည်းကမ်းကောင်းမွန်လာခြင်း၊ ပင်ကိုယ်အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ရင့်ကျက်မှုပိုမိုရှိလာပြီး မိမိကိုယ်ကိုယုံကြည်မှု၊ ဇွဲလုံ့လရှိမှုနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ တိုးတက်ရရှိလာမှာ ဧကန်မလွဲဖြစ်ပါတယ်။

ဒါ့အပြင်စစ်မှုထမ်းခြင်းမှ ရရှိလာမယ့် အတွေ့အကြုံနဲ့ အသိပညာများကြောင့် အနာဂတ်လူငယ်များရဲ့ ဘဝရပ်တည်မှုကို များစွာ အထောက်အကူပေးနိုင်မှာဖြစ်လို့ ကိုယ်ပိုင်လုပ်ငန်းခွင်နယ်ပယ်မှာလည်း ရင်ဆိုင်ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများစွာကို ဖြေရှင်းနိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းမှုများလည်း ရရှိစေမှာ ဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်က ပြည်သူတွေအများစု သို့မဟုတ် ရပ်ရွာအလိုက် အချိုးညီမျှစွာ စစ်မှုထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် အရပ်ဘက်နဲ့ စစ်ဘက်အကြား အပြန်အလှန်ယုံကြည်နားလည်မှုတွေ တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ စစ်မှုမထမ်းမနေရစနစ်တွေကို အရပ်ဘက်နဲ့ စစ်ဘက်အကြားက လူမှုပေါင်းကူးတံတား (Civil-military Social Bridge) လို့လည်း တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ပြည်သူ့စစ်မှုထမ်းဥပဒေအကောင်အထည်ပေါ်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ကာကွယ်ရေးနဲ့လုံခြုံရေးအသိရှိတဲ့ နိုင်ငံသားများ ပိုမိုများပြားလာမှာဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ဖြစ်တည်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ရေရှည်အာမခံနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံပြိုကွဲဖို့ နည်းလမ်းပေါင်းစုံက ထိုးနှက်နေတဲ့ နိုင်ငံတစ်ချို့အနေနဲ့ မြန်မာနိုင်ငံက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝေဖန်ရေးလုပ်နေတာဟာ သူတို့ရဲ့စိတ်ရင်းအမှန်ကို လှစ်ပြနေတာနဲ့တူနေပါတယ်။

အမှန်စင်စစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို အိမ်နီးချင်းနိုင်ငံများသာမက ဒေသတွင်းနိုင်ငံအများအပြားမှာ ကျင့်သုံးနေသလို ကမ္ဘာ့အင်အားကြီးနိုင်ငံများမှာလည်း နိုင်ငံ့ကာကွယ်ရေးစွမ်းပကားမြင့်မားစေရေး မဖြစ်မနေကျင့်သုံးလျက်ရှိပါသည်။ သတ်မှတ်ကာလအတိုင်း စစ်မှုထမ်းဆောင်ပြီးပါက ကျား/မ မရွေးလူငယ်များအနေဖြင့် သင့်တင့်မျှတစွာစဉ်းစားချင့်ချိန်နိုင်ခြင်း၊ စည်းကမ်းစနစ်တကျရှိလာခြင်း၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိလာခြင်း၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာပြီး တပ်မတော်အပေါ် နားလည်ယုံကြည်မှုများ ပိုမိုတိုးတက်လာစေမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့၂၀၁၀ ပြည့်နှစ်ကတည်းကအတည်ပြုပြဋ္ဌာန်းထားတဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကို ကမ္ဘာ့အင်အားကြီးနိုင်ငံများအားပြိုင်မှုကြားမှာမိမိတို့နိုင်ငံအနေနဲ့ ပထဝီနိုင်ငံရေးအရ အချက်အချာကျကျ တည်ရှိမှုကြောင့် ကာကွယ်ရေးစွမ်းပကားမြင့်မားရန်လိုအပ်မှု၊ကျင့်သုံးနေတဲ့ပြည်သူ့စစ်မဟာဗျူဟာကိုဟန်ချက်ညီပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်နေမှု၊ ပြည်သူလူထုရဲ့မျိုးချစ်စိတ်ဓာတ်၊ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုရှင်သန်မြင့်မားလာစေရေးနဲ့ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်စေရေးတို့အတွက် ရေရှည်မျှော်တွေးပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၁၀ ရက်နေ့မှာ စတင်အသက်သွင်းလိုက်ရခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသက်ဝင်လာတဲ့ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ကမ္ဘာ့နိုင်ငံတချို့ကျင့်သုံးနေတဲ့ အမျိုးသား၊အမျိုးသမီးအားလုံး ခြွင်းချက်မရှိစစ်မှုထမ်းရမည့် (Mandatory Conscription) မျိုးမဟုတ်သလို၊ အကြမ်းဖက်သမားတွေနဲ့ သောင်းကျန်းသူတွေ ပြုလုပ်နေသလို အတင်းအဓမ္မလူသစ်စုဆောင်းခြင်းမျိုးမဟုတ်ဘဲ မိမိနိုင်ငံရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးအခြေအနေတွေပေါ်မှာသာ မူတည်ပြီးသင့်တင့်လျောက်ပတ်တဲ့အင်အားကိုသာ တာဝန်ထမ်းဆောင်ရမယ့် De Jure or Combination ပုံစံမျိုးပြည်သူ့စစ်မှုထမ်းဥပဒေဖြစ်တယ်ဆိုတဲ့အကြောင်း ပြည်သူအများသိရှိနိုင်အောင် ရေးသားတင်ပြလိုက်ရပါတယ်။

မင်းခန့်