နိုင်ငံတော်ကိုကာကွယ်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုထောက်ခံကြိုဆိုကြပါစို့

 

နိုင်ငံတော်ကိုကာကွယ်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုထောက်ခံကြိုဆိုကြပါစို့

လူကြီးသူမများပြောလေ့ပြောထရှိသည့် မြန်မာဆိုရိုးစကားတစ်ခုရှိ၏။ ယင်းမှာ “ မုန့်ဆီကြော်ကဘယ်နားမှန်းမသိသေး၊ နှုတ်ခမ်းနာနဲ့တည့်ပါ့မလား” ဟူ၍ဖြစ်၏။ အခြားစကားပုံတစ်ခုမှာ “ စစ်မရောက်ခင် မြှားကုန်” ဟူ၍ဖြစ်၏။ အကြောင်းချင်းရာတစ်ခုကိုသေချာဂဃနဏမသိသေးဘဲအများပြောစကားနားယောင်၍ စိုးရိမ်ပူပန် တတ်သော၊ ဆင်ခြေပေးလေ့ရှိတတ်သော၊ စောဒကတက်လေ့ရှိသော ကျွန်ုပ်တို့ မြန်မာအများစုကိုရည်ညွှန်းထားသည်ဟုထင်ပါသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၁၀ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့်အမိန့်ကိုထုတ်ပြန်ကြေငြာခဲ့ရာပြည်သူလူထုအတွင်းစိုးရိမ်စိတ်များ၊ ဝေဖန်မှုများဖြင့် မြင့်တက်ခဲ့ပါသည်။ အဆိုပါဥပဒေနှင့် စပ်လျဉ်း၍ အစိုးရတာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအမေးအဖြေကဏ္ဍများကိုနိုင်ငံပိုင်မီဒီယာများကကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ဖော်ပြပေးလျက်ရှိရာအမျိုးသားရေးအမြင်ရှိသူပြည်သူလူထုမှာယင်းဥပေဒေကိုထောက်ခံကြိုဆိုကြသော်လည်းပြည်သူအချို့မှာပြည်ဖျက်မီဒီယာများ၏  လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ချိနေသောသတင်းတု၊ သတင်းမှားများ၊ မဟုတ်မမှတ်ဝါဒဖြန့်ချိမှုများအောက်တွင် ယုံကြည်သက်ဝင်လျက်ရှိရာအမှန် တရားကဖိနပ်စီးနေစဉ်အတွင်းမုသားကကမ္ဘာပတ်ပြီးသကဲ့သို့ ဖြစ်နေပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် အများပြည်သူနှင့်သက်ဆိုင်သောဥပဒေတစ်ရပ် ဖြစ်ရာပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စရာမလိုဘဲနိုင်ငံနှင့်လူမျိုးအတွက် ကောင်းကျိုးရလာဒ်များကိုဆောင်ကြဉ်းပေးမည့် ဥပဒေဖြစ်ကြောင်းလေ့လာမိသမျှ သိရှိစေရန်အတွက် ဤဆောင်းပါးကိုရေးသားရခြင်းဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဌာန်းချက်များအရစစ်မှုထမ်းရမည့်အသက်အရွယ် နှင့် ပြည်သူစစ်မှုထမ်းရန်ကာလကိုအမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး၍ အသက်(၃၅)နှစ်မပြည့်သေးသောနိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး၍ အသက်(၂၇)နှစ်မပြည့်သေးသောနိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး၍ အသက် (၄၅)နှစ်မပြည့်သေးသောနိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ် လျှင် အသက်(၁၈)နှစ်ပြည့်ပြီး၍ အသက်(၃၅)နှစ်မပြည့်သေးသောနိုင်ငံသားကိုလည်းကောင်းသတ်မှတ်ထားပါသည်။

ပြည်သူ့စစ်မှုထမ်းရန်ကာလကိုစစ်မှုထမ်းရမည့် အသက်အရွယ် ရောက်ရှိသောနိုင်ငံသားတိုင်းကို ၂၄ထက်မပိုသော ကာလအပိုင်းအခြား၊စစ်မှုထမ်းရမည့် အသက် အရွယ်ရောက်ရှိသောနိုင်ငံသားများအနက်တပ်မတော်စစ်မှုလက်မှုပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများကို ၃၆လ ထက် မပိုသောကာလအပိုင်းအခြား၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင် သူများအား ၃၆လ ထက်မပိုသောကာလအပိုင်းအခြားဟူ၍ သတ်မှတ်ထားပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပေဒေဖြင့် အကျုံးဝင်သူ အမျိုးသား၆ဒသမ၃သန်း၊ အမျိုးသမီး၇ဒသမ၇သန်းရှိပြီး  အကျုံးဝင်သူတိုင်းကိုပြည်သူ့စစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ဘဲတစ်နှစ်လျှင်ပြည်သူ့ စစ်မှုထမ်းရန် အကျုံးဝင်သူဦးရေငါးသောင်းထက် ပို၍ခေါ်နိုင်စရာမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရခေါ်ယူထားသောနိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မည့်သူအားလုံးကိုအဆင့်အလိုက်၊ အရည်အချင်းအလိုက် လစာ၊ရိက္ခာ၊ခံစားခွင့်များကိုပေးရမှာဖြစ်ကြောင်း၊ လေ့ကျင့်မှုပိုင်းတွင် တတ်သင့်တတ်အပ်သောနိုင်ငံတော် ကာကွယ်ရေးပညာရပ်များကိုအချိန်ပေးသင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါကမိမိတို့ရပ်ရွာရှိလုံခြုံရေးဆိုင်ရာတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်စေဖို့ ရည်ရွယ်ပါကြောင်း၊ စစ်တိုက်ဖို့ဆိုတာထက် လုံခြုံရေး၊ ကာကွယ်ရေးအသိပညာများပြည်သူလူထုထံပျံ့နှံ့စေရန်၊ အနာဂတ်တွင်နိုင်ငံတော်ကာကွယ်ရေး

လုံခြုံရေးနှင့်ပတ်သက်၍ အသိပညာကြွယ်ဝသော၊ မိမိနိုင်ငံကိုအင်အားတောင့်တင်းစွာဖြင့်ကာကွယ်နိုင်ရန်အတွက်နိုင်ငံသားတိုင်းအားလုံးပါဝင်ဆောင်ရွက်နိုင်သောအခြေအနေရောက်ရှိစေရန်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥဒေကိုလက်ရှိအစိုးရလက်ထက်တွင်သာကျင့်သုံးဆောင်ရွက်သွားမည်မဟုတ်ဘဲလာမည့်ဒီမိုကရေစီအစိုးရလက်ထက်များတွင်လည်းဆောင်ရွက်နိုင်ရန် Long Time Plan ဖြင့် ရည်ရွယ်ပါကြောင်းစသည်ဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကပြောကြားထားရှိပါသည်။အဆိုပါပြောကြားချက်များတွင် ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရမည့်သူများအတွက် ရပိုင်ခွင့်များ၊ တာဝန်ထမ်းဆောင် ရမည့် အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏အနှစ်သာရများကိုတွေ့ရှိနိုင်မည် ဖြစ်ပါသည်။ အများပြည်သူများထင်ယောင်ထင်မှားဖြစ်နေကြသည့် အခုသေနတ်ကိုင်၊ ချက်ချင်းရှေ့တန်းထွက်ရမည် ဆိုသောသတင်းအတုများ၊ မြို့နယ်အချို့တွင် ပြည်သူ့ စစ်မှုထမ်းရန် ပေါ်တာဆွဲနေသည်ဆိုသည့် သတင်းအမှားများကိုနားမယောင်မိစေဖို့နှင့် နိုင်ငံတော်ပိုင်မီဒီယာများကပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် ရှင်းလင်းပြောကြားချက်များကိုသာလက်ခံယုံကြည်ကြရန် လိုအပ်မည်ဖြစ်ပါသည်။

အဆိုပါပြောကြားချက်တွင်  စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူကျောင်းသားကျောင်းသူများအနေဖြင့် အကျုံးဝင်သည့်တိုင်အောင် ပညာဆုံးခန်းတိုင်အောင်သင်ကြားနိုင်ကြောင်းဖော်ပြပါရှိရာမိဘများအနေဖြင့် မိမိတို့သားသမီးများအတွက် စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ယူနိုင်ကြောင်းသိရှိနိုင်မည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူမရှိသောမိအိုဖအိုများကိုပြုစုလုပ်ကျွေးနေရသူများလည်းပါဝင်နေရာအကျုံးဝင်သူများအနေဖြင့်လည်းစိုးရိမ်ပူပန်စရာမလိုဘဲမိမိတို့၏တာဝန်များ၊ လုပ်ငန်းဆောင်တာများကိုစိတ်အေးချမ်းသာစွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ကင်းလွတ်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ သာသနာ့ ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ( အိမ်ထောင်ပျက်သော်လည်းသားသမီးရှိသူအမျိုးသမီးများအပါအဝင်)၊ ကိုယ်လက်အင်္ဂါတစ်ခုခုအမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့ကပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော် သူဖြစ်ကြောင်းသတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကအမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည်ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း မှ ကင်းလွတ်ခွင့်ရမည်ဖြစ်ရာအဆိုပါအချက်များဖြင့် အကျုံးဝင်နေသူများသည်လည်းမဟုတ်မမှတ်လုပ်ကြံသတင်းများကြောင့် စိုးရိမ်သောကဖြစ်နေမှုများကိုအထိုက် အလျောက် ဖြေလျှော့နိုင်ပါသည်။

ပြည်သူ့စစ်မှုထမ်းဆောင်ဥပဒေဖြင့် အကျုံးဝင်၍ ဆင့်ခေါ်ခြင်းခံရပြီးတာဝန် ထမ်းဆောင်ရမည့်သူများအနေဖြင့်လည်းစစ်မရောက်ခင် မြှားမကုန်စေဖို့ အရေးကြီးပါသည်။ အလုပ်တစ်ခုကိုလက်တွေ့ကျင့်ကြံလိုက်နာလုပ်ဆောင်ကြည့်ပြီးမှသာယင်းအလုပ်၏ အကျိုး၊ အပြစ်များကိုသိရှိနိုင်မည်ဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်းဆောင်ရန် လေ့ကျင်သင်ကြားနေစဉ်ကာလများတွင်ပင် ပူးပေါင်းဆောင်ရွက်တတ်သည့် အသင်းအဖွဲ့စိတ်ဓာတ်များ၊ အလုပ်တစ်ခုကိုအချိန်နှင့်တစ်ပြေးညီစနစ်တကျလုပ်ဆောင် တတ်သည့် အလေ့အကျင့်ကောင်းများ၊ စည်းကမ်းစနစ်တကျ သင်ကြားလေ့ကျင့်ပေးမှုများကြောင့် လူငယ်လူရွယ်များတွင် ခန္တာကိုယ်နှင့်စိတ်ဓာတ်ကြံ့ခိုင်သန်မာမှုများ၊ အမိနိုင်ငံတော်ကြီးကိုချစ်မြတ်နိုးပြီးအမျိုးဘာသာသာသနာကိုမြတ်နိုးတန်ဖိုးထားတတ် စေမည့် အမျိုးသားရေးစိတ်ဓာတ်၊စရိုက်လက္ခဏာများကိုရရှိစေမည့် တန်ဖိုးမဖြတ်နိုင် သောအကျိုးကျေးဇူးများကိုရရှိစေနိုင်မှာဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ပြည်သူ့စစ်မှုထမ်းဥပေဒေသည် မိမိတို့တစ်နိုင်ငံတည်းပြဌာန်းဆောင်ရွက်နေခြင်းမဟုတ်ဘဲအိမ်နီးခြင်းငါးနိုင်ငံအနက် သုံးနိုင်ငံတွင်ရေးဆွဲပြဌာန်းထားပါသည်။ ဥပဒေပြဌာန်းထားသောသုံးနိုင်ငံအနက် လက်တွေ့ကျင်သုံးလုပ်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံ၊ အပြည့်အဝမဟုတ်သောလက်တွေ့လုပ်ဆောင်နေသည့်နိုင်ငံတစ်နိုင်ငံ၊ လက်တွေ့မလုပ်ဆောင်နိုင်သောနိုင်ငံတစ်နိုင်ငံဟူ၍ ရှိကြောင်းလေ့လာတွေ့ရှိရပါသည်။ ကျွန်ုပ်တို့နိုင်ငံသည် လူဦးရေထူထပ်များပြားသောနိုင်ငံကြီးများအလယ်တွင်တည်ရှိနေပြီးပထဝီနိုင်ငံရေးအရဒေသတွင်းအရေးပါသောနိုင်ငံတစ် နိုင်ငံဖြစ်နေခြင်း၊ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသောကမ္ဘာ့နိုင်ငံရေးအခြေအနေများအရပြည်သူ့စစ်မှုထမ်းဥပဒေကိုမဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ အမိမြန်မာနိုင်ငံတော်ကြီးကိုကာကွယ်ရန်အတွက် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်အရင်းခံ၍ တပ်မတော်တွင်းသို့ဝင်ရောက်ခဲ့ကြပြီးတိုင်းပြည်တာဝန်များကိုကျေပွန်စွာထမ်းဆောင်ရင်းအငြိမ်းစားယူသွားသောစစ်သားအိုကြီးများပြောလေ့ပြောထရှိသော “တစ်ခါစစ်သားဖြစ်ဖူးလျှင်ထာဝရစစ်သားပါဘဲ” ( Once a Soildier , always a soildier) ဟူသောစကားအတိုင်းယနေ့လူငယ်လူရွယ်များအနေဖြင့်လည်းနိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုသမိုင်းပေးတာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ကြစေဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုထောက်ခံကြိုဆိုကြပါစို့ဟုရေးသားလိုက်ရပေသည်။

ကျော်ဇောဦး(မောရှမ်းမြေ)