"ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ "

 

"ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ "

ညောင်ရမ်းခေတ် အမျိုးသမီးစာဆိုရှင် တောင်တွင်းရှင်ငြိမ်းမယ်စပ်ဆိုသော အိုင်ချင်း ကဗျာများမှ "စစ်မှာတမူ " ဟူသော အိုင်ချင်းကဗျာတွင် အိုင်ချင်းတို့၏ မူအတိုင်း"ချစ်တဲ့ သူငယ်လေ၊သူငယ်ချင်းကောင်း ယောက်မတို့လေ" ဟူသော အာလုပ်စကားအဖွဲ့ဖြင့် စတင်ရေးဖွဲ့သည်။ထိုကဗျာထဲတွင် ချစ်သူမယ်လေးက စစ်ထွက်သွားမည့် သူ၏ချစ်သူ မောင်အကြောင်းကို -   "သူများမောင်မှာ

    စစ်သံကြားလျှင် နာဖျားဥပါယ်ခို  ကြတယ်။
    နှမလေး မယ်တို့မောင်မှာ
    စစ်သံကြားလျှင်  ရွှေဓားပိုက်ကာ
    အိုးစားဖက်ကို လိုက်လို့ရှာသည်
    ရိက္ခာကနည်း  မိုးကသည်းနှင့်

    သင်းတွဲကိုကူးပါလိမ့်မလားတော်။"ဟု သူတစ်ပါး၏ မောင်နှင့်မတူသော သတ္တိရှိသော ချစ်သူမောင်ဖြစ်ကြောင်း ရေးဖွဲ့ထားသည်။တိုင်းပြည်၏ ရန်စွယ်ကို နှိမ်နင်းရန် သတ္တိရှိစွာ စစ်မှုထမ်းလိုသည့် လူငယ်တစ်ယောက်အကြောင်းကို ချစ်သူမယ်လေးက ပြန်လည် ပြောပြပုံနှင့် ရေးဖွဲ့ထားခြင်းဖြစ်သည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင် မကြာမီကအတည်ပြုပြဌာန်းလိုက်သော ပြည်သူ့စစ်မှု ထမ်းဥပဒေကို ကြားသိ ဖတ်ရှုလိုက်ကြမည်ဖြစ်သည်။ထိုဥပဒေကို အတည်ပြုပြဋ္ဌာန်းမှုနှင့် ပတ်သက်၍ ပြည်ပမီဒီယာအချို့၏ လှုံ့ဆော်ဝါဒဖြန့်မှုကြောင့် ပြည်သူများအကြားတွင် အတွေးလွဲ အမြင်လွဲများ အနည်းနှင့်အများဖြစ်ခဲ့ကြသည်။အကယ်စင်စစ် ဤဥပဒေသည် ယခုမှ လတ်တလောပေါ်ပင် အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေတစ်ရပ် မဟုတ်ပေ။ပြည်သူ့ စစ်မှုထမ်း အက်ဥပဒေသည် ၁၉၅၉ ခုနှစ်ကတည်းက ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ တွင် ဥပဒေအမှတ်(၂၇/၂၀၁၀) ဖြင့် ထိုဥပဒေကို ပြင်ဆင်သတ်မှတ်အတည်ပြုခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်းဖြစ် သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ကျွန်တော်တို့၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမကျဆုံးမီ လွန်ခဲ့သော ၇၇-နှစ်လောက်ကတည်းက မျှော်မှန်းချက် မိန့်ခွန်းကိုတင်ပြလိုသည်။ထိုမိန့်ခွန်းကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃-ရက်နေ့တွင် ရန်ကုန် မြို့တော်ခန်းမအပြင်ဘက်၌ ပြည်သူလူထုကို နောက်ဆုံးပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်၏ မိန့်ခွန်းမှာ "ဗမာပြည်လွတ်လပ်ရေးရတဲ့အခါမှာ ဗမာပြည်ကိုကာကွယ်ရမဲ့ တာဝန်ဟာ ကျွန်တော်တို့ တာဝန်ဖြစ်လာမယ်။ အရင်တုန်းကလို အေးအေးဆေးဆေး နေလို့မဖြစ်တော့ဘူး။ကျွန်တော်တို့ တိုင်းပြည်အစိုးရလုပ်တဲ့လူတွေက တိုင်းပြည် ကာကွယ်ဘို့အတွက် ဗမာပြည်မှာ စစ်သားတွေ လျော့နည်းတယ်ဆိုရင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့လူတွေမှန်သမျှ ကျန်းမာတဲ့ လူမှန်ရင် စစ်ထဲမဝင်မနေရ၊ စစ်မှုမထမ်းမနေရဆိုပြီး စံနစ်နဲ့ ဖြစ်လာလိမ့်မယ်။တိုက်ချင်၊ မတိုက်ချင်ဝင်တိုက်ရမှာဘဲ။ အဲဒါဟာ လွတ်လပ်ရေးရတဲ့အခါဖြစ်မဲ့တာဝန်မျိုးဘဲ " ( သတ်ပုံ မူရင်းအတိုင်း) ဟူ၍ ဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေယခုမှ ပေါ်ပေါက်လာသော ဥပဒေအသစ်အဖြစ် မမှတ်ယူကြရန်နှင့် ဗိုလ်ချုပ်ကိုယ်တိုင်လမ်းပြခဲ့သော ဥပဒေဖြစ်ကြောင်း သိရှိစေလို၍ ဖြစ်ပါသည်။

တစ်ဖန် ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ကမ္ဘာတွင် မြန်မာနိုင်ငံတစ်ခုတည်း ကျင့်သုံး သော ဥပဒေမဟုတ်ကြောင်း သိစေချင်ပါသည်။ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် မိမိတို့နိုင်ငံနှင့်လိုက်လျောညီထွေရှိမည့် ကာကွယ်ရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက်ကြသည်။နိုင်ငံတစ်နိုင်ငံ၏ နယ်မြေတည်တံ့မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှု၊ အမျိုးသားလွတ်လပ်ရေး အဓွန့်ရှည်ခိုင်မြဲမှုနှင့် နိုင်ငံတော် လုံခြုံမှုအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု သတ်မှတ်ကြသည်။ထို့ကြောင့် နိုင်ငံသားတိုင်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှုထမ်းခြင်းကို အမျိုးသား ရေးတာဝန် အဖြစ် ထမ်းဆောင်ရန် ဥပဒေများပြဋ္ဌာန်း အကောင်အထည်ဖော်ခဲ့သည်။

ယခုလက်ရှိကာလတွင် ဂျာမနီ၊သြစတြေလျ၊ အီရန်၊မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန် နှင့်တူကီယံ စသည့် နိုင်ငံများတွင် စစ်မှုမထမ်းမနေရ ဥပဒေကိုပြဌန်း၍ မိမိတို့၏ နိုင်ငံတော်ကာကွယ်ရေး အစီအစဉ်များကို ဥပဒေနှင့်အညီ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ဆွစ်ဇာလန်နိုင်ငံတွင် အသက် ၂ဝ မှ ၅ဝ အတွင်းရှိ ကျန်းမာသန်စွမ်းသော နိုင်ငံသားတိုင်း စစ်မှုထမ်းကြရသည်။ အရာရှိဖြစ်ပါက အသက် ၅၅နှစ်အထိ စစ်မှုထမ်းကြရသည်။ ထို့အပြင် အသက် ၁၈ နှစ်ပြည့်ပြီးသော လူငယ်တိုင်း စစ်မှုထမ်းရန် စာရင်းပေး သွင်းကြရသည်။ ဆွစ်ဇာလန် တပ်မတော်သည် နိုင်ငံသားတိုင်းပါဝင်သော နိုင်ငံသား တပ်မတော် (Citizen Army) ဖြစ်သည်။နိုင်ငံသားတပ်မတော်သည် အမြဲတမ်းတပ်မတော် မဟုတ်ဘဲ လေ့ကျင့်ရေး တပ်မကြီးတစ်ခုအဖြစ် ထားရှိခြင်းဖြစ်သည်။အစ္စရေးနိုင်ငံသည် စစ်မှုထမ်း ဥပဒေကို ၁၉၄၉ ခုနှစ် ဩဂုတ်လတွင် ပြဋ္ဌာန်းခဲ့ပြီး အမြဲတမ်းတပ်မတော်အဖြစ် တည်ထောင်ခဲ့ သည်။အသက် ၁၈ နှစ်မှ ၂၆ နှစ်အတွင်းရှိ အမျိုးသားများသည် နှစ်နှစ်နှင့် ခြောက်လ တာဝန်ထမ်းဆောင်ရပြီး ၂၇ နှစ်နှင့် ၂၉ နှစ်အတွင်းရှိ အမျိုးသားများသည် နှစ်နှစ်စစ်မှု ထမ်းရသည်။အမျိုးသမီးများသည် အသက် ၁၈ နှစ်မှ အသက် ၂၀ အတွင်းစစ်မှုထမ်းရပြီး ယင်းအသက်အရွယ်များထက် စော၍ အိမ်ထောင်ပြုခဲ့လျှင်လည်း စစ်မှုထမ်းရန် ဆင့်ခေါ် ခံရသည်။ကမ္ဘာ့နိုင်ငံများ၏ စစ်မှုထမ်း ဥပဒေနှင့် ဆောင်ရွက်ပုံကိုတင်ပြရသည်မှာ ကမ္ဘာတွင် မြန်မာတစ်နိုင်ငံတည်း ယခုမှထ၍ စစ်မှုထမ်း ဥပဒေကျင့်သုံးရန် အဆန်းထွင်ခြင်းမဟုတ်ကြောင်း သိရှိစေလို၍ ဖြစ်ပါသည်။

၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းသော ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဌာန်းချက် ပုဒ်မ ၃၈၅ တွင် "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ် ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက် ရေးသည် နိုင်ငံသားတိုင်းတာဝန်ဖြစ်သည်ဟူ၍လည်းကောင်း၊ပုဒ်မ ၃၈၆ တွင် နိုင်ငံသား တိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြရန်နှင့် နိုင်ငံတော် ကာကွယ် ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟူ၍လည်းကောင်း ပြဌာန်းထားပါသည်။မြန်မာ နိုင်ငံ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် အခန်း(၈)ခန်း ပါရှိသည်။အခန်း( ၁)တွင် အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်၊အခန်း(၂)တွင် ပြည်သူ့စစ်မှု ထမ်းရန် ကာလ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ အခန်း(၄)တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ အခန်း(၅)တွင် စစ်စည်းရုံးခြင်း ၊အခန်း(၆)တွင် ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုခြင်း၊ အခန်း (၇)တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များ ၊ အခန်း(၈)တွင် အထွေထွေ ဟူ၍ ဖော်ပြထားသည်။ ဥပဒေ အခန်း( ၁)တွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ်မပြည့်သေးသူများ၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသူ နိုင်ငံသားတိုင်းကို စစ်မှုထမ်းရ မည့် အသက်အရွယ် အဖြစ် ပြဌာန်းထားသည်။စစ်မှုထမ်းရမည့်ကာလမှာ သာမန်အားဖြင့် ၂၄ လ (နှစ်နှစ်) ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များသည် ၃၆ လ (သုံးနှစ်)တာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့က ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ပါသည်။ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်ဝင်စေခြင်းဖြင့် မြန်မာနိုင်ငံသားတို့သည် အမှန်တကယ် လိုက်နာ ကျင့်သုံးလာနိုင်ရန်နှင့် နိုင်ငံသားတိုင်း၏ သာမန် တာဝန်ဝတ္တရားများအဖြစ် ခံယူလာကြရန် ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်ကြည့်လျှင် မျိုးချစ်စိတ်ရှိသော နိုင်ငံသားများသည် စစ်မှုထမ်းရန် အထူးတလည် ဖိတ်ခေါ်စရာမလိုဘဲ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) သို့ အလုံးအရင်းဝင်ရောက်ထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ် သည်။လူငယ်လူရွယ်များသာမက အသက် ၅၀ ကျော်အရွယ် လူကြီးများပင် ပါဝင်ခဲ့ကြ သဖြင့် အင်အား ၁၀၀ ကျော် ၂၀၀ ခန့်ရှိလာသော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် မော်လမြိုင်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်းများအပါအဝင် စစ်ကြောင်းကြီးများဖြင့် ချီတက်ဝင်ရောက်လာသောအခါ မြို့ရွာအသီးသီးမှ ထပ်မံဝင်ရောက်လာသော အင်အား များဖြင့် ခြောက်လ ခုနစ်လအတွင်းမှာပင် အင်အား ငါးသောင်းခန့်ရှိလာခဲ့သည်။ ဆိုလိုသည်မှာ အမျိုး စစ် အမျိုးချစ်သူတိုင်းသည် စစ်မှုထမ်းရန် ဝန်မလေးဘဲ စိတ်အားထက်သန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အစဉ်အလာရှိသည်ဆိုခြင်းပင်။

ထို့ကြောင့် နိုင်ငံသားတို့သည် မိမိတို့ ရှင်သန်နေထိုင်ရာ အမိနိုင်ငံတော်၏ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်သည် နိုင်ငံသားတိုင်းတွင်ရှိသည်ကို လက်ခံကျင့်သုံးကြရပေမည်။နိုင်ငံလုံခြုံရေးနှင့် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်များကို အနာဂတ်မျိုးဆက်သစ်များသို့ ရေရှည်အစဉ် အဆက် လက်ဆင့်ကမ်း သွားကြရမည်ဖြစ်သည်။ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်စေ ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် အဓိက စစ်တိုက်ရန် ဆိုသည်ထက် နိုင်ငံ ၏ လုံခြုံရေး၊ ကာကွယ်ရေးတာဝန်များကို မည်သို့သော အတွေးအမြင်များနှင့် ထမ်း ဆောင်ရမည်၊ လုံခြုံရေး ကာကွယ်ရေး အသိပညာ အတတ်ပညာများသည် ပြည်သူ တိုင်း သိရှိကျွမ်းဝင်ပြီး ထိုအသိပညာ အတတ်ပညာများဖြင့် မည်သို့ ကြိုးပမ်း ထမ်း ဆောင် မည်ဟူသော ခံယူချက်နှင့် အတွေ့အကြုံများ ရရှိသွားစေရန်ဖြစ်ပါသည်။သို့ဖြစ်၍ မြန်မာ နိုင်ငံသားတို့သည် အရေးကြီးလျှင် သွေးစည်းကြသည်။အရေးကြုံလျှင် သွေးဆုံကြသည် နှင့်အညီ နိုင်ငံသားတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်သင်းတစ်ဖွဲ့အတွက် မဟုတ်ဘဲ နိုင်ငံသားအားလုံး၏ မှီတင်းနေထိုင်ရာ အမိနိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ရေရှည် လုံခြုံရေး၊တည်တံ့ခိုင်မြဲရေးကို ဖော်ဆောင်နိုင်မည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို လေးစား လိုက်နာသင့်ကြောင်း ဖော်ပြလိုက်ရပေသည်။

ညွန့်ဝင်း(နတ်တလင်း)