တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် (၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်)

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်)

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခဲ့သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။

၂။    သို့ဖြစ်ပါ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာ၀ရ ငြိမ်းချမ်းရေး အောင်မြင်စေရန် ဆွေးနွေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တပ်မတော်နှင့်တွေ့ဆုံ ဆွေးနွေးရန်လိုအပ်ပါက ဆက်လက်ဆွေးနွေးနိုင်ရေး၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးနိုင်ရေး၊ လက်မှတ်မရေးထိုး ရသေးသည့် အဖွဲ့များအနေဖြင့်လည်း လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေး နိုင်ရေး၊ ထာ၀ရငြိမ်းချမ်းရေးအောင်မြင်ပြီးမြောက်သည်အထိ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက်  နိုင်ငံတော်မှအကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော် အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး