ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ( ၁၆ ) ကြိမ်‌မြောက် ပုံမှန်အစည်းအဝေး ပြည်ထောင်စုဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ( ၁၆ ) ကြိမ်‌မြောက် ပုံမှန်အစည်းအဝေး ပြည်ထောင်စုဝန်ကြီး (ဖြေကြားခြင်း)

ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာြခင်းနှင့် ပြည့်စုံကြပါစေ။ လတ်တလောကြုံတွေ့နေရတဲ့ COVID ဘေးမှလည်း ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
၁။    မေလ ၂၂ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့် မေးမြန်းထားတဲ့ အချက်များကို ပြန်လည်ရှင်းလင်း တင်ပြမှာ ဖြစ်ပါတယ်။ ပထမအချက်အနေဖြင့် သာမန်အသုံးစရိတ်လျာထားချက် ထက်ပိုမိုတောင်းခံခြင်း ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ အမှုထမ်းပို့ဆောင်ရေးခေါင်းစဉ်အောက်မှ ဖြည့်စွက်တောင်းခံငွေ ကျပ် ၂၁.၉၅၅ ဘီလီယံ နှင့် ပတ်သက်၍ ယင်းတောင်းခံငွေများတွင် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် စစ်ဆင်ရေးအထူးနေ့တွက်စရိတ် နှုန်းထား ပြောင်းလဲခြင်းကြောင့် ထပ်မံလိုအပ်ငွေကို ဖြည့်စွက်တောင်းခံခြင်း ပါဝင်ပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မေလ ၁ ရက် နေ့မှစ၍ တာဝန်ဖြင့် ခရီးသွားသည့် ဝန်ထမ်းများအတွက် ခရီးသွားနေ့တွက်စရိတ်နှုန်းကို ကျပ် ၃၀၀၀ မှ ကျပ် ၄၈၀၀ သို့ တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။

၂။    စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများအတွက် လိုအပ်သည့် ဒေသန္တရဝယ်ယူခြင်းများပြုလုပ်နိုင်ရန် ဝန်ထမ်းနေ့တွက်စရိတ်၏ ၂၅ ရာခိုင်နှုန်းကို စစ်ဆင်ရေးအထူးနေ့တွက်စရိတ်အဖြစ် သတ်မှတ်ပေးထားပြီး ဖြစ်ပါသဖြင့် ယခင် ကျပ် ၇၅၀ နှုန်း မှ ယခု နေ့တွက်စရိတ် ကျပ် ၄၈၀၀ ၏ ၂၅ ရာခိုင်နှုန်း ဖြစ်သော ကျပ် ၁၂၀၀ နှုန်း အဖြစ် တိုးမြှင့်ပေးအပ်နိုင်ရန်အတွက် အထက်ဖော်ပြပါငွေ လိုအပ်ခြင်း ဖြစ်ပါတယ်။

၃။    ဝန်ထမ်းများအတွက် နေ့တွက်စရိတ်ပြောင်းလဲသဖြင့် စစ်ဆင်ရေးအထူးနေ့တွက် စရိတ်နှုန်းထား တိုးမြှင့်နိုင်ရန်အလို့ငှာ ကာကွယ်ရေးဌာနကောင်စီအစည်းအဝေး၊ ပြည်ထောင်စု အစိုးရအဖွဲ့စီးပွားရေးရာကော်မတီအစည်းအဝေး၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတို့သို့ တစ်ဆင့်ပြီးတစ်ဆင့် တင်ပြခဲ့ရာ  ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၂ ရက် မှာ စစ်ဆင်ရေး အထူးနေ့တွက်စရိတ်ကို စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော စစ်မှုထမ်းများအတွက် ၁-၅-၂၀၁၉ ရက်မှစ၍ ကျပ် ၁၂၀၀ သို့ တိုးမြှင့်  သတ်မှတ်ခွင့်ပြုခဲ့ပါတယ်။

၄။    ခွင့်ပြုချက်ရသည့် ရက်စွဲမှာ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၂ ရက်ဖြစ်သဖြင့် မူလခန့်မှန်းခြေ ငွေစာရင်း (BE) တွင် တောင်းခံရန် မမီတော့သည့်အလျောက်၊ ဖြည့်စွက်တောင်းခံငွေအဖြစ် တင်ပြရခြင်းဖြစ်ပါတယ်။ ရုံးလုပ်ငန်းများ အချိန်မီပြီးစီးအောင် မဆောင်ရွက်နိုင်သဖြင့် ကျွန်တော်တို့ ရုံးမှာ အဓိကတာဝန်ရှိပါတယ်။ သို့ပါသော်လည်း နိုင်ငံတော်အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေး တာဝန်များကို အသက်စွန့်ထမ်းဆောင်နေကြရသော စစ်မှုထမ်းများရသင့်ရထိုက်သည့် ခံစားခွင့်များ မဆုံးရှုံးစေရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ မိမိတို့တောင်းခံငွေကို ဖြတ်တောက်ခြင်း မပြုပဲ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။

၅။    ဒုတိယအချက်အနေဖြင့် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များအတွက် ထပ်မံလိုအပ်ငွေ ကျပ်သန်း ၈၂.၇၀ တောင်းခံခြင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေဝင်းမြင့် ထောက်ပြထားသကဲ့သို့ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ အခွန်အကောက်ရငွေများကိုသာ တောင်းခံခြင်းဖြစ်ပါကြောင်းနှင့် တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ အသုံးစရိတ်ကို  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတအား တာဝန်ခံပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

၆။    တတိယအချက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေဝင်းမြင့် အဆိုပြုတဲ့ ဓာတ်ဆီ၊ စက်ဆီ တောင်းခံငွေမှ ကျပ်သန်းပေါင်း တစ်သောင်း လျော့ချခွင့်ပြုဖို့နဲ့၊ ခရီးစရိတ်နှင့် နေ့တွက်စရိတ်မှ ကျပ်သန်းတစ်ရာ လျော့ချဖို့ ကိစ္စများနှင့်ပတ်သက်၍ ယခုပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးနေသည့်အကြောင်းအရာဖြစ်သည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်းတွင် ဖြည့်စွက်တောင်းခံထားသောကိစ္စရပ်များ မဟုတ်သဖြင့် သီးခြားဖြေကြားခြင်း မပြုတော့ပါကြောင်း တင်ပြလိုပါတယ်။

၇။    စတုတ္ထအချက်အနေဖြင့် ပစ္စည်းပို့ဆောင်ရေးအတွက် ကျပ် ၁၂၉၆.၃၇ သန်း တောင်းခံခြင်းနှင့် ပတ်သက်၍ ယခုဘဏ္ဍာရေးနှစ်အတွင်း စစ်ဆင်ရေးဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဒေသများသို့ ရိက္ခာ၊ စက်သုံးဆီ၊ လေယာဉ်ဆီများနှင့် စစ်ဆင်ရေးအထောက်အကူပစ္စည်းများ ပို့ဆောင်ရာမှာ လိုအပ်သည့် ငှားရမ်းခများ ပေးချေရန် အတွက် ဖြစ်ပါတယ်။

၈။    လွှတ်တော်ကိုယ်စားလှယ်ကြီးက COVID ကြောင့် ခရီးသွားလာခြင်းမရှိနိုင်ဟု ဆိုသော်လည်းပဲ ကျွန်တော်တို့ရဲ့ စစ်သည်တော်များဟာ ဝေးလံခေါင်သီလှတဲ့ နယ်စပ်ဒေသတွေမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာနှင့် အစိုးရရဲ့အုပ်ချုပ်ရေးယန္တရား တည်မြဲခိုင်မာဖို့ နေ့စဉ်နှင့်အမျှ တိုင်းပြည်တာဝန်ကို သက်စွန့်ကြိုးပမ်းထမ်းဆောင်နေကြရတာဖြစ်ပါတယ်။ ကြုံကြိုက်လို့တင်ပြရရင် - AA အကြမ်းဖက် သောင်းကျန်းသူများတိုက်ခိုက်မှုနှင့် ကစ္ဆပနဒီမြစ်ရေကြောင်းကြပ်သည့် အခြေအနေများအရ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ တပ်မတော်ရဟတ်ယာဉ်များအသုံးပြု၍ ပို့ဆောင်ရေး ဆောင်ရွက် လျက်ရှိရာမှာ တပ်မတော်သားများအတွက်သာမက နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ငွေများ၊ အခြေခံပညာ အထက်တန်းစာမေးပွဲမေးခွန်းများ၊ အဖြေလွှာများစသဖြင့် နိုင်ငံတော်အတွက် လိုအပ်သော အထောက်အကူများ၊ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြလိုပါတယ်။

၉။    ဝန်ကြီးဌာနတစ်ခုမှာ ရဟတ်ယာဉ်ဝယ်ယူထားကြောင်း သိရတဲ့အတွက် ၎င်းရဟတ်ယာဉ်ကို သုံးကြည့်ပါလျှင် မည်မျှအထိကုန်ကျသည်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ လေ့လာ ကြည့်စေလိုပါတယ်။ လတ်တလောအနေနဲ့ ပလက်ဝဒေသမှာ ဒေသခံပြည်သူများ ရိက္ခာ မပြတ်တောက်စေရန် တပ်မတော်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ NGO များနှင့် WFP ကထောက်ပံ့ လှူဒါန်းတဲ့ ဆန်အိတ်၊ ဆေးဝါး၊ စားကုန်များကို တပ်မတော်မှ ယာဉ်များဖြင့် အောင်မြင်စွာ သယ်ယူပို့ဆောင်ပေးနေနိုင်ခဲ့တာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒါဟာ တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတွေမှာ နိုင်ငံတော် အစိုးရကို အားဖြည့်ဆောင်ရွက်ပေး နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တောင်းခံ ထားတဲ့ ပစ္စည်းပို့ဆောင်ရေးစရိတ်ကိုလည်း လျှော့ချခြင်းမပြုဖို့ ပန်ကြားလိုပါတယ်။

၁၀။    နောက်ဆုံးအချက်အနေဖြင့် ကာကွယ်ရေးငွေလုံးငွေရင်းမှ လက်ကျန်ငွေ အများကြီး ကျန်ရှိနေကြောင်း ပြောကြားတဲ့ကိစ္စဖြစ်ပါတယ်။ အဆိုပါငွေများဟာ မြေယာလျော်ကြေးများ ဖြစ်ပြီး တပ်ပိုင်မြေသိမ်းဆည်းခြင်းအတွက် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ စသည်တို့အတွက် ပေးလျော်နေခြင်းဖြစ်ပါတယ်။ ယင်းငွေများကို သက်ဆိုင်ရာကာယကံရှင်များထံ စိစစ် ပေးအပ်နေသည့်အတွက် ကျွန်တော်တို့ တောင်းခံထားတဲ့ငွေများကို လျော့ချမည်ဆိုပါက မြေယာ လျော်ကြေးရရှိမည့် အများပြည်သူလူထုကို ထိခိုက်နစ်နာစေမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယင်းငွေများကိုလည်း လျော့ချခြင်းမပြုသင့်ပါကြောင်း တင်ပြလိုပါတယ်။

၁၁။    အချုပ်အားဖြင့် တပ်မတော်အနေနဲ့ နိုင်ငံ့ဘဏ္ဍာဖြုန်းတီးခြင်းမရှိပါ။ နိုင်ငံတကာ တပ်မတော်များ မဆိုထားဘဲ၊ အိမ်နီးချင်းတပ်မတော်များနှင့် နှိုင်းယှဉ်လေ့လာကြည့်လျှင်ပင် ကွာခြားချက်ကို ကိုယ်စားလှယ်တော်ကြီးများ တွေ့ရှိရမှာဖြစ်ပါတယ်။ သူတစ်ပါးနိုင်ငံနှင့် နှိုင်းယှဉ်၍ မိမိတို့တပ်မတော်သားများ အားမငယ်စေရန်အတွက်သာ အဆင့်မီအောင် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်တွင် ခေတ်မီအဆင့်မြင့် အဆောက်အဦများ မတတ်နိုင်သေးသော်လည်း အမိုးအကာ လုံလုံခြုံခြုံအောက်တွင် ကျန်းကျန်း မာမာနေထိုင်စားသောက်နိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား၍ ကြိုးစားဆောင်ရွက်ပေး လျက်ရှိပါတယ်။

၁၂။    နိုင်ငံတော်အစိုးရ၏ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း တတ်နိုင်သမျှ အစွမ်းကုန်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် ကျွန်တော်တင်ပြခဲ့သည်များကို ထောက်ချင့်၍ နားလည်စာနာပေးနိုင်ကြပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။