ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောနိုင်၏ “တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့် ယခင်ဗဟိုစျေးနေရာရှိ မြေကွက်လပ်၏ တစ်စိတ်တစ်ပိုင်းအား မြို့နယ်ခန်းမ မြေနေရာအဖြစ် အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပေးနိုင်ပါရန်နှင့် သက်ဆိုင်ရာ ဌာနအနေဖြင့် မည်သို့ စီစဉ်ထားသည်ကို သိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေနေရာသည် တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၈)၊ မြေကွက်အမှတ်(၃/၈၈)၊ သစ္စာလမ်းနှင့်ဝေဇယန္တာ လမ်းထောင့်ရှိ ယခင်ဗဟိုဈေး မြေနေရာရှိ မြေဧရိယာ ၅.၂၄၅ ဧကဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်စွဲပါ မှတ်တမ်းအရ ကာကွယ်ရေးဝန်ကြီးဌာနပိုင် အမည်ပေါက်မြေ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၃။   ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေ ၅.၂၄၅ ဧက၏ တစ်စိတ်တစ်ပိုင်းအား မြို့နယ်ခန်းမမြေအဖြစ် အသုံးပြုခွင့်ရရှိရေး တောင်းခံမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ကာကွယ်ရေးဝန်ကြီးဌာန အမည်ပေါက်မြေအဖြစ် မှတ်သားထားရှိပြီးဖြစ်ခြင်း၊ တပ်မတော်အတွက် အနာဂတ်စီမံချက်များဆောင်ရွက်ရန် လျာထားမြေနေရာ ဖြစ်ခြင်းတို့ကြောင့် ပြန်လည်ပေးအပ်နိုင်ခြင်း မရှိကြောင်း စိစစ် တွေ့ရှိရပါတယ်။

၄။   သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေနေရာသည် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေအဖြစ် အမည်ပေါက်ရရှိပြီးဖြစ်ခြင်း၊ တပ်မတော်အတွက် အနာဂတ် စီမံချက်များ ဆောင်ရွက်ရန် လျာထားမြေနေရာဖြစ်ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

၅။     အားလုံးကို ကျေးဇူးတင်ပါတယ်။