ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင် ၏“ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင် ကျေးရွာမှ လယ်သမား (၁၈)ဦးပိုင် လယ်ယာမြေနှင့် စားကျက်မြေ (၁၀၈.၄၀)ဧကအား စစ်တွေအခြေစိုက် ခြေလျင်တပ်ရင်း ၂၇၀ မှ သိမ်းဆည်းထားခြင်းကို မူလပိုင်ရှင် လယ်သမား များထံသို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/ မရှိ ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    လွှတ်တော်ကိုယ်စားလှယ် မေးခွန်းပါ မြေနေရာသည်အမှတ်(၂၇၀)ခြေလျင် တပ်ရင်း၏ တပ်ဟောင်းမြေနေရာ (တပ်ပြင်ပမြေ) ၂၇၇.၃၇ ဧကအတွင်းပါဝင်ပြီး လက်ရှိ တပ်ရင်း ဖွင့်လှစ်ထားသည့် မြေနေရာနှင့် (၁.၅)မိုင်ခန့်ကွာဝေးပါကြောင်း၊ စတင်သိမ်းဆည်းစဉ် ဦးပိုင်ပေါက် တောင်သူ (၁၀၈)ဦး၏ ဦးပိုင်ပေါက်မြေ (၂၃၈.၈၇)ဧကအား ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၉၉၆ ခုနှစ်၊ ဇွန်လ (၂၈)ရက်စွဲပါ စာအမှတ်၊ ၁၁/၁၂/အခ (၃)ဖြင့် လည်းကောင်း၊ အခမဲ့လွှဲပြောင်း ရရှိမြေ (၃၈.၅၀)ဧကအား ၁၉၉၆ ခုနှစ်၊ ဇွန်လ (၂၈) ရက်စွဲပါ စာအမှတ်၊ ၁၂/၁၁/အခ(၃)ဖြင့် လည်းကောင်း ပြည်ထဲရေးအမိန့်များ ရရှိပြီး ဖြစ်ပါကြောင်း၊ မြေသိမ်းဆည်းခြင်းအပေါ် သဘောတူကြောင်း ထောက်ခံချက်ကိုလည်း ရခိုင်ပြည်နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၂) ရက်စွဲပါ စာအမှတ်၊ ၁၃/၁-၃/ပဝတ (ရခိုင်) ဖြင့် ရရှိထားပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်

၃။    အဆိုပါတပ်ပိုင်မြေ (၂၇၇.၃၇)ဧကအနက်မှ မြေ (၄၀)ဧကအား အစိုးရနည်းပညာ တက္ကသိုလ်(စစ်တွေမြို့)သို့လည်းကောင်း၊ မြေ(၅.၂၇)ဧကအား စစ်တွေ-ကျောက်တော် မီးရထားလမ်း ဖောက်လုပ်ရာတွင်လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့သဖြင့် လက်ရှိ တပ်ပိုင်မြေသည်(၂၃၂.၁၀) ဧကသာ ကျန်ရှိတော့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် မေးခွန်းပါ လယ်သမား (၁၈)ဦးပိုင် လယ်မြေနှင့် စားကျက်မြေ (၁၀၈.၄၀)ဧကအနက်မှ မြေ(၃၀) ဧကခန့်သည် အစိုးရနည်းပညာ တက္ကသိုလ် (စစ်တွေမြို့)သို့ လွှဲပြောင်းပေးခဲ့သည့် မြေ (၄၀) ဧကအတွင်း ပါဝင်လျက်ရှိပြီး အဆောက်အဦများ ဆောက်လုပ်ထားရှိပြီး ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၄။    တပ်ရင်းဌာနချုပ်အနေဖြင့် ကျန်ရှိသော တပ်ပိုင်မြေ(၂၃၂.၁၀)ဧကတွင် မည်သူ တစ်ဦး တစ်ယောက်ကိုမျှ သီးစားချထားခြင်းမရှိဘဲ တပ်ရင်းမိသားစု သက်သာချောင်ချိရေး အတွက် တပ်ရင်းမှ နှစ်စဉ်စပါးစိုက်ပျိုးခြင်းနှင့် ပုစွန်မွေးမြူခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက် ရှိကြောင်း စိစစ်တွေ့ရှိရ ပါတယ်။

၅။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေနေရာသည် အမှတ်(၂၇၀) ခြေလျင် တပ်ရင်း၏ မူလတပ်ဟောင်းမြေနေရာဖြစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်များရရှိပြီးဖြစ်ခြင်း၊ စတင် သိမ်းဆည်းစဉ်ကပင် သိမ်းဆည်းခံတောင်သူများမှ သဘောတူကြောင်း လက်မှတ်ရေးထိုး ထားရှိခြင်း၊ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သီးစားချထားခြင်းမရှိဘဲ တပ်မိသားစု သက်သာ ချောင်ချိရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။

၆။    အားလုံးကို ကျေးဇူးတင်ပါတယ်။