
၁။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်း ဆက်သအပ် ပါတယ်။ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ခွဲဝေသုံးစွဲမည့် ကျပ်(၃၆၄.၉၂၈) သန်း အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ရေး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
၂။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော အင်အားပြင်း ငလျင် လှုပ်ခတ်မှု(သဘာဝဘေးဒဏ်)ကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း / တပ်ဖွဲ့ (၁၁၂)တပ်တွင် အဆောက်အဦ(၅၇၁)လုံးနှင့် ဆက်စပ်လုပ်ငန်း(၂၄)ခု စုစုပေါင်း(၅၉၅)ခု ပျက်စီးမှုဖြစ်ပေါ် ခဲ့ပါတယ်။ ပျက်စီးမှုအသေးစိတ်အနေဖြင့် -
(က ) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၇) တပ်တွင် အဆောက်အဦ(၁၇)လုံး
( ခ ) နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၁၇)တပ်တွင် အဆောက်အဦ(၃၄)လုံး၊ မီး/ရေ/မိလ္လာဆက်စပ်လုပ်ငန်း (၂)ခု ပေါင်း(၃၆)ခု
( ဂ ) အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၁)တပ်တွင် အဆောက်အဦ(၂)လုံး
(ဃ ) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၃)တပ်တွင် အဆောက်အဦ(၇)လုံး
( င ) အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၉)တပ်တွင် အဆောက်အဦ(၂၈)လုံး၊ မီး/ ရေ/ မိလ္လာ ဆက်စပ်လုပ်ငန်း (၂) ခု ပေါင်း (၃၀)ခု
( စ ) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ (၄၇) တပ်တွင် အဆောက်အဦ(၃၀၂)လုံး၊ မီး/ရေ/မိလ္လာ ဆက်စပ်လုပ်ငန်း(၅)ခု ပေါင်း (၃၀၇)ခု
(ဆ ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့ (၁)တပ်တွင် အဆောက်အဦ(၂)လုံး
( ဇ ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့ (၂၇)တပ်တွင် အဆောက်အဦ(၁၇၉)လုံး၊ မီး/ ရေ/ မိလ္လာ ဆက်စပ်လုပ်ငန်း (၁၅)ခု၊ ပေါင်း(၁၉၄)ခု
( ဈ ) စုစုပေါင်းအနေဖြင့် တပ်ရင်း/တပ်ဖွဲ့(၁၁၂)တပ်တွင် အဆောက်အဦ(၅၇၁) လုံး နှင့် မီး/ရေ/မိလ္လာ ဆက်စပ်လုပ်ငန်း(၂၄)ခု ပေါင်း(၅၉၅)ခု ပျက်စီး ဆုံးရှုံး ခဲ့ပါတယ်။
၃။ သဘာ၀ဘေးဒဏ်ကြောင့် ပျက်စီးမှုများအား စစ်ဆေးရေးဘုတ်အဖွဲ့များဖြင့် စနစ်တကျစစ်ဆေးခဲ့ပြီး ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး နှင့် စစ်ထောက်ချုပ်ရုံးတို့မှ အသေးစိတ်စိစစ်တွက်ချက် တင်ပြစေခဲ့ရာ ခန့်မှန်းငွေကျပ်(၃၆၄.၉၂၈)သန်း ကုန်ကျမည်ဖြစ်ပါတယ်။ သုံးစွဲရန်လျာထားသည့် ကုန်ကျငွေ အသေးစိတ်မှာ -
(က) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)တွင် ပျက်စီးခဲ့သည့် တပ်ရင်း/တပ်ဖွဲ့ (၇)တပ် အတွက် ပြန်လည်ပြုပြင်မည့် ကုန်ကျငွေမှာ ကျပ် (၉.၈၃၉)သန်း
( ခ) နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် ပျက်စီးခဲ့သည့် တပ်ရင်း/တပ်ဖွဲ့ (၁၇) တပ် အတွက် ပြန်လည်ပြုပြင်မည့် ကုန်ကျငွေမှာ ကျပ်(၃၀.၂၈၁)သန်း
( ဂ) အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပျက်စီးခဲ့သည့် တပ်ရင်း/တပ်ဖွဲ့(၁) တပ်အတွက် ပြန်လည်ပြုပြင်မည့် ကုန်ကျငွေမှာ ကျပ်(၁.၂၁၈)သန်း
(ဃ) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပျက်စီးခဲ့သည့် တပ်ရင်း/ တပ်ဖွဲ့ (၃)တပ် အတွက် ပြန်လည်ပြုပြင်မည့် ကုန်ကျငွေမှာ ကျပ်(၂.၇၇၇)သန်း
( င) အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ပျက်စီးခဲ့သည့် တပ်ရင်း/တပ်ဖွဲ့ (၉)တပ် အတွက် ပြန်လည်ပြုပြင်မည့် ကုန်ကျငွေမှာ ကျပ်(၄၈.၂၆၄)သန်း
( စ) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်ပျက်စီးခဲ့သည့် တပ်ရင်း/တပ်ဖွဲ့ (၄၇)တပ် အတွက် ပြန်လည်ပြုပြင်မည့် ကုန်ကျငွေမှာ ကျပ် (၂၀၅.၉၀၇) သန်း
(ဆ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)တွင် ပျက်စီးခဲ့သည့် တပ်ရင်း/တပ်ဖွဲ့ (၁)တပ် အတွက် ပြန်လည်ပြုပြင်မည့် ကုန်ကျငွေမှာ ကျပ်(၀.၉၅၂)သန်း
( ဇ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)တွင် ပျက်စီးခဲ့သည့် တပ်ရင်း/တပ်ဖွဲ့ (၂၇)တပ် အတွက် ပြန်လည်ပြုပြင်မည့် ကုန်ကျငွေမှာ ကျပ်(၆၅.၆၉၁)သန်း တို့ဖြစ်ကြပါတယ်။
၄။ အဆိုပါသဘာ၀ဘေးဒဏ်ကြောင့် ပျက်စီးမှုများသည် ကြိုတင်မသိ မြင်နိုင်သော ရုတ်တရက်ဖြစ်ပေါ်ခဲ့သည့် သဘာ၀ဘေးဒဏ်အမျိုးအစားဖြစ်သောကြောင့် ဘဏ္ဍာငွေ လျာထားချက်မရှိသဖြင့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် ကျပ်(၃၆၄.၉၂၈)သန်း အား သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခွင့်ရရှိရေး တင်ပြဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက် (သောကြာ)နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၆/၂၀၁၆)အရ သဘောတူပြီးဖြစ်သဖြင့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ခွဲဝေသုံးစွဲမည့် ကျပ်(၃၆၄.၉၂၈)သန်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု နိုင်ပါရန် တင်ပြအပ်ပါသည်။
၅။ အားလုံးကိုကျေးဇူးတင်ပါတယ်။