ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြင့်သိန်း၏ “ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက် ဖအောင်းရွာမရပ်အတွင်း ရန်ကုန်-မန္တလေးရထားလမ်း နှင့် မော်တော်ကားလမ်းကြားရှိ စုစုပေါင်းဧရိယာ(၇.၉၀၀၂)ဧကရှိသည့် ခမရ(၂၀)တပ်မှ တပ်မြေအဖြစ် အသုံးပြုခွင့်ရရှိထားသော မြေနေရာအတွင်းရှိ တပ်မှ အသုံးမပြုထားသည့် မြေနေရာများအား ညောင်လေးပင်မြို့ မော်တော်ယာဉ်ဝင်း ဆောက်လုပ်ရေးအတွက် စွန့်လွှတ် ပေးရန် အစီအစဉ်ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    အဆိုပါ မြေနေရာတွင် တပ်ရင်းမှ မိသားစုသက်သာချောင်ချိရေး လစဉ် ထောက်ပံ့ပေးနိုင်ရေးအတွက် မြေ ၃.၅ ဧကခန့်အား ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်းနှင့် ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း စိစစ် တွေ့ရှိရပါတယ်။

၃။    လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ မြေ ၇.၉၀၀၂ ဧကသည် တပ်ပိုင်မြေ ၄၅.၅၁၅၄ ဧကအတွင်းပါဝင်ပြီး မြေသိမ်းဆည်းရေးအမိန့်များရရှိပြီး ဖြစ်ခြင်း၊ အဆိုပါ မြေနေရာ၌ မိသားစုသက်သာချောင်ချိရေးအတွက် လစဉ် ထောက်ပံ့ ပေးနိုင်ရန် ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသဖြင့် မော်တော်ယာဉ်ဝင်း ဆောက်လုပ်အသုံးပြုနိုင်ရေးအတွက် တပ်ပိုင်မြေအဖြစ်မှ စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါ။

၄။    အားလုံးကို ကျေးဇူးတင်ပါတယ်။