ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ “မြန်မာ့ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် လုံခြုံရေးအင်အား တိုးမြှင့်ပေးခြင်း နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များ တိုးမြှင့်ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    တပ်မတော်(ရေ)အနေဖြင့် မြန်မာ့ပင်လယ်နှင့် ကမ်းရိုးတန်းတစ်လျှောက် စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်ရာနေရာများသို့ လူသားချင်းစာနာထောက်ထားမှု ကူညီပေးရေးစသည့်လုပ်ငန်းတာဝန်များကို စစ်ရေယာဉ်များဖြင့် သက်ဆိုင်ရာ ရေပြင် ဧရိယာများအလိုက် ဆောင်ရွက်လျက်ရှိပါတယ်။

၃။    ထိုသို့ ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ ပြည်တွင်း ငါးခိုးလှေ ၉၄ စီး ၊ ပြည်ပငါးခိုးလှေ ၈၃ စီး ၊ ငါးမိုင်းခွဲလှေ ၃၉ စီး၊ မှောင်ခိုလှေ ၃၀ စီး၊ စည်းကမ်းပျက်ငါးဖမ်းလှေ ၁၀၀စီး ၊ မူးယစ်ဆေးဝါးသယ်ဆောင် လှေ ၇၇ စီး ၊ သစ်ခိုးလှေ ၂၆၀ စီး၊ လူမှောင်ခိုလှေ ၁၇စီး၊ တရားမဝင် ဆီတင်လှေ ၅ စီး၊ ကျွဲ/နွား/ဆိတ်မှောင်ခိုလှေ ၅၄ စီး၊ တရားမဝင် စက်တပ်/လက်ခတ်လှေ ၇ စီး၊ စုစုပေါင်း ၇၆၆ စီးတို့အား မြန်မာနိုင်ငံသားတရားခံ ၃၆၇၇ ဦး ၊ နိုင်ငံခြားသားတရားခံ ၁၅၉၈ ဦး၊ စုစုပေါင်း ၅၂၇၅ ဦးတို့နှင့်အတူ ဖမ်းဆီးပေးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတန်ဖိုးငွေမှာ ကျပ်ဘီလီယံ ၂၂၀ ကျော် ဖြစ်ပါတယ်။

၄။    မြန်မာ့ပင်လယ်ပြင်သည် ဧရိယာ ၁၄၄၉၁၂.၉၄၆၇ စတုရန်းရေမိုင် ကျယ်ဝန်းပြီး ကမ်းရိုးတန်းအရှည်မှာ ၁၂၆၀.၀၅၆ ရေမိုင် ရှည်လျား၍ တပ်မတော်(ရေ)အနေဖြင့် စစ်ရေယာဉ်များဖြင့် စောင့်ကြပ်ကြည့်ရှုထောက်လှမ်းခြင်းအပြင် အရေးကြီးအချက်အချာ ရေလမ်းကြောင်းများတွင် ကမ်းရိုးတန်းစောင့်ကြည့်ရေဒါ(Coast Watcher Radar)များ တပ်ဆင်ခြင်းဖြင့်လည်းကောင်း၊ တပ်မတော်(လေ)နှင့်ပူးပေါင်း၍ ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ်(Maritime Patrol Aircraft-MPA) များဖြင့် ကင်းလှည့်ခြင်း ဖြင့်လည်းကောင်း၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြန်မာ့ရေပြင်ပိုင်နက်အတွင်း ဖြတ်သန်း သွားလာလျက်ရှိသော ရေယာဉ်များကို စစ်ရေယာဉ်များဖြင့်လည်းကောင်း စောင့်ကြပ် ကြည့်ရှုထောက်လှမ်းလျက်ရှိပါတယ်။

၅။    တပ်မတော်(ရေ)အနေဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၌ ကမ်းရိုးတန်း စောင့်ကြည့်ရေဒါ (Coast Watcher Radar)များ တပ်ဆင်ခြင်းများ ဆောင်ရွက်လျက် ရှိရာ အရေးကြီးအချက်အချာ ရေလမ်းကြောင်းနေရာများတွင် တပ်ဆင်ခဲ့ပြီးဖြစ်သော်လည်း ကမ်းရိုးတန်းတစ်ခုလုံးကို ခြုံငုံမိစေရန် ရေဒါများဆက်လက်တပ်ဆင်နိုင်ရေး ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ကမ်းရိုးတန်းစောင့်ကြည့်ရေဒါမှ ရေဒါပုံရိပ်များ ဖမ်းယူရရှိသော်လည်း ရေယာဉ်များ၌ တပ်ဆင်ထားသည့် အလိုအလျောက် ရေယာဉ်စိစစ်ခွဲခြားသည့် စနစ် (Automatic Identification System-AIS)၊ ရေယာဉ်စောင့်ကြည့်ရေးစနစ် (Vessel Monitoring System-VMS)များဖြင့် ရန်သူ/မိတ်ဆွေ ခွဲခြားခြင်းဆောင်ရွက်ရပြီး အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်(International Maritime Organization  - IMO)၏ စံသတ်မှတ်ချက်အရ တန်ချိန် ၃၀၀ အထက်ရှိ ရေယာဉ်များတွင် အလိုအလျောက် ရေယာဉ်စိစစ်ခွဲခြားသည့်စနစ်(AIS) တပ်ဆင်ခြင်းဖြင့်လည်းကောင်း၊ တန်ချိန် ၃၀၀ အောက် ရှိသော ရေယာဉ်များတွင် ရေယာဉ်စောင့်ကြည့်ရေးစနစ်(VMS) ကဲ့သို့ စနစ်များတပ်ဆင် ခြင်းဖြင့်လည်းကောင်း၊ ရေယာဉ်ငယ်များမှ ထုတ်လွှင့်သည့် Transponder များ တပ်ဆင်ခြင်းတို့ဖြင့် စောင့်ကြည့်စိစစ်ခွဲခြားခြင်း ဆောင်ရွက်လေ့ရှိပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ရေယာဉ်စောင့်ကြည့်ရေးစနစ် (VMS) တပ်ဆင်အကောင်အထည် မဖော်နိုင်သေးသည့်အတွက် တပ်မတော်(ရေ)ကမ်းရိုးတန်း စောင့်ကြည့်ရေဒါများအနေဖြင့် တန်ချိန် ၃၀၀ အထက် ရေယာဉ်များကို ရန်သူ/မိတ်ဆွေ စိစစ်ခွဲခြားနိုင်သော်လည်း တန်ချိန် ၃၀၀ အောက်ရေယာဉ်များဖြစ်သည့် ငါးဖမ်းရေယာဉ်များနှင့်အခြားရေယာဉ်များအား ရေဒါပုံရိပ် ဖမ်းယူရရှိသော်လည်း ရန်သူ/မိတ်ဆွေ စိစစ် ခွဲခြားနိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါတယ်။

၆။    မြန်မာ့ပင်လယ်ပြင်သည် ဧရိယာ ၁၄၄၉၁၂.၉၄၆၇ စတုရန်းရေမိုင် ကျယ်ဝန်းပြီး ကမ်းရိုးတန်းအရှည် ၁၂၆၀ ရေမိုင်ကျော် ရှည်လျားသော မြန်မာ့ပင်လယ်ပြင်အား လုံခြုံစိတ်ချစွာကာကွယ်နိုင်ရန် တပ်မတော်(ရေ)နှင့် အခြားရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သော မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနစသည့်ဌာနများ ပူးပေါင်း၍ ရေကြောင်းလုံခြုံရေးအား တိုးမြှင့်ဆောင်ရွက် သွားရမည်ဖြစ်ပြီး ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ အဓိက ဆောင်ရွက်ရသည့် ကမ်းခြေစောင့်တပ်ဖွဲ့အား နိုင်ငံတကာနည်းတူ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါတယ်။

၇။    ကမ်းခြေစောင့်တပ်ဖွဲ့များအနေဖြင့် မြန်မာ့ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ်ဓားပြရန်ကာကွယ်ရေး၊ ကုန်သွယ်ရေကြောင်းလမ်းများ၊ ရေယာဉ်နှင့် ဆိပ်ကမ်းများ ဘေးကင်းလုံခြုံရေး၊ ရေကြောင်းမတော်တဆမှုများ စုံစမ်းစစ်ဆေးရေး၊ ပင်လယ်ပြင်ရှိ စွမ်းအင်သယံဇာတနှင့်ငါးလုပ်ငန်းစသည့် ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ရေထုညစ်ညမ်းမှုကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ ရေကြောင်း နယ်နိမိတ်စောင့်ကြပ်ကြည့်ရှုရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် သွားလာနေသော အပန်းဖြေ စက်တပ်ရွက်လှေခရီးစဉ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသော ကျွန်းများရှိ အပန်းဖြေပြည်သူများနှင့် ရေလုပ်သားများ၏လုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး နှင့်ကူညီစောင့်ရှောက်ပေးရေး စသည်တို့ကို အဓိကဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းထားခြင်းမရှိသေး၍ ၎င်းတာဝန်ဝတ္တရား များကို တပ်မတော်(ရေ)မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။

၈။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၏ ပုဒ်မ-၃၃၈တွင် “ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်” ၊ ပုဒ်မ-၃၃၉ တွင် “ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်ကဦးဆောင် ရမည်”ဟု ပြဋ္ဌာန်းထားရှိသည့်အတွက် မြန်မာ့တပ်မတော်အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး တပ်မတော်၏ ကွပ်ကဲမှု အောက်တွင်ထားရှိ၍ အထက်အပိုဒ်(စ)ပါ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူပြီး ဖွဲ့စည်းတာဝန်ပေးအပ်ရေး ဆောင်ရွက် လျက်ရှိပါတယ်။

၉။    ကမ်းခြေစောင့်တပ်ဖွဲ့အား ဖွဲ့စည်းပြီးပါက တပ်မတော်(ရေ)၏ ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန စသည့် ရေကြောင်း ဆိုင်ရာ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူကိုယ်စားလှယ်များပါဝင်သော Integrated Command Centre(ICC) တစ်ခု ဖွဲ့စည်းတည်ထောင်၍ တပ်မတော်(ရေ)မှ ဦးဆောင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား သတင်းအချက်အလက်များ ရယူဖလှယ်ကာ အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်တုံ့ပြန်ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်အား ပိုမို လုံခြုံစိတ်ချစွာ ကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်ပါတယ်။
၁၀။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်ပတ်သက်၍ ကမ်းခြေစောင့် တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိသေးမီ ရေယာဉ် ဝင်/ထွက် သွားလာမှု များပြားရှုပ်ထွေးပြီး ထောက်လှမ်းစောင့်ကြည့် စိစစ်ခွဲခြားရန် ခက်ခဲသည့် ရေလမ်းကြောင်းများအား တပ်မတော်(ရေ) အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ မြန်မာ့ပင်လယ်ပြင် ရေကြောင်းလုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

၁၁။    အားလုံးကို ကျေးဇူးတင်ပါတယ်။