ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ “လှိုင်မြို့နယ်၊ မြို့နယ်အားကစားရုံအား မြို့နယ်နေ ပြည်သူများ ပြန်လည်အသုံးပြုခွင့်ရရှိရေး ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ ” ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

၂။     လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ လှိုင်အားကစားရုံသည် လှိုင်မြို့နယ်၊ မြေတိုင်း ရပ်ကွက်အမှတ်၊ ၂၅(ကမာရွတ်)၊ မြေကွက်အမှတ်၊(၁/င၊၅/က၊၆/ခ၊၇/က၊၈/ခ၊ ၉/က၊၉/ခ)တို့ရှိ မြေဧရိယာ ၁၃.၇၅၄ ဧကပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အဆိုပါ မြေနှင့် အားကစားရုံအား ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်စွဲပါစာအမှတ်၊ မခ/မသ/၂၀ အယ်လ် ၉၁/(၂၁၁၀)ဖြင့် အမိန့်ပြန်တမ်းထုတ်ပြန်၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ပါတယ်။  

၃။  အဆိုပါ လှိုင်အားကစားရုံတွင် တပ်မတော်အားကစားသမားများ အဆင့်အတန်း ပိုမိုမြင့်မားရေးအတွက် စနစ်တကျ လေ့ကျင့်မွေးမြူနိုင်စေရန်၊ တပ်မတော်အတွင်းမှ နိုင်ငံတော်အတွက် အားထားရမည့် ထူးချွန်အားကစားသမားများ ထွက်ပေါ်လာစေရန် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း အားကစားပြိုင်ပွဲများနှင့် အခြားအဆင့်မြင့် တပ်မတော်အားကစား ပြိုင်ပွဲများ ကျင်းပနိုင်စေရန် စသည့် ရည်ရွယ်ချက် ၃ ချက် ဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့်အပြင် အခါအားလျော်စွာ အရပ်ဘက် အားကစားပြိုင်ပွဲများ ကျင်းပခွင့်ကိုလည်း ခွင့်ပြုပေးထားလျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ အနေဖြင့်လည်း လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကျင်းပရေး အတွက် တစ်ခုတည်းသော မိုးလုံလေလုံအားကစားကွင်း နေရာအဖြစ် အသုံးပြုလျက် ရှိပါတယ်။

၄။   သို့ဖြစ်ပါ၍ လှိုင်အားကစားရုံ အပါအဝင် မြေဧရိယာ ၁၃.၇၅၄ ဧကသည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ခြင်း၊ လက်ရှိတွင်လည်း အဆိုပါ အားကစားရုံတွင် တပ်မတော်နှင့် ဒေသတွင်းမှ လူငယ်များအား နိုင်ငံတော်အတွက် ထူးချွန်သောအားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိခြင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များအနေဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကျင်းပရေးအတွက် တစ်ခုတည်းသော မိုးလုံ လေလုံအားကစားကွင်း နေရာအဖြစ် အသုံးပြုလျက်ရှိခြင်းတို့ကြောင့် ပြန်လည် ပေးအပ်နိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်။

၅။    အားလုံးကို ကျေးဇူးတင်ပါတယ်။