ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမဲဆန္ဒနယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော် ၏ “လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့်ညီညွတ်ခြင်း ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဂ)တွင် “ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ နေထိုင်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ဆိုသည်” ဟုလည်းကောင်း၊ ပုဒ်မခွဲ(ဃ)တွင် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စရပ်များ လုံခြုံမှုကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားတစ်ဦး၏ နေအိမ်အဆောက်အဦ သို့မဟုတ် ပရိဝုဏ်နှင့်ပရိဝုဏ်အတွင်းရှိ အဆောက်အဦလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူ နှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုတို့ပါဝင်သည်” ဟု လည်းကောင်း ပြဋ္ဌာန်း ထားရှိသည်ကို တွေ့ရှိရပါတယ်။

၃။    ထို့အပြင် ၎င်းဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မခွဲ(ခ)အရ “မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော  သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းမပြုရ”  ဟု ပြဋ္ဌာန်းထားရှိပါတယ်။

၄။    လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ရပ်နားချိန်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာအခမ်းအနားများ တက်ရောက်ခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားသော အစည်းအဝေးများသို့ တက်ရောက်ခြင်း များမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စရပ်များသာ ဖြစ်ပါတယ်။ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ  နယ်မြေဒေသအတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့်ဒေသဖွံ့ဖြိုးရေး ထူးခြားမှုသတင်းများအား ရယူပြီး ဒေသတွင်းရှိ အရေးကြီးအဆောက်အဦများ နှင့် အရေးကြီးပုဂ္ဂိုလ်များအား မသမာသူများမှ ဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း မခံရစေရေးအတွက်လည်း ကြိုတင်သတင်းရယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များသို့ ပုဂ္ဂိုလ်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့်  စောင့်ကြည့် သတင်းရယူခြင်းမျိုး မဟုတ်ကြောင်း တွေ့ရှိရပါတယ်။

၆။    အဆိုပါ ကိစ္စရပ်များမှာလည်း တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ သာမက ပြည်သူလူထု၊ သတင်းမီဒီယာ အပါအဝင် အခြားသူများ အလွယ်တကူ တွေ့မြင် သိရှိနိုင်သည့် ကိစ္စရပ်များဖြစ်သည့်အပြင် ထိုကဲ့သို့ လူထုအား ပွင့်လင်းမြင်သာစွာ ထိတွေ့ဆောင်ရွက်မှုများမှာ လွှတ်တော်ကိုယ်စားလှယ်များ သာမက တပ်မတော် အပါအဝင် အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှာလည်း ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပိုင်သတင်းဌာနများတွင်လည်းကောင်း၊ အခြားပုဂ္ဂလိက သတင်းမီဒီယာများတွင်လည်းကောင်း၊ လူမှုကွန်ရက်များတွင်လည်းကောင်း ဖော်ပြ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့် ကိစ္စရပ်များဖြစ်ပါတယ်။

၇။    အကယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ လူထုအခြေပြုဆောင်ရွက်မှုများ နှင့်အစိုးရအဖွဲ့အစည်းများ၏ ဖိတ်ကြားမှုကြောင့် အစည်းအဝေးတက်ရောက်မှုများအား သတင်းရယူမှုကို ဥပဒေနှင့် ညီညွတ်မှုမရှိဟု သတ်မှတ်လိုက်မည်ဆိုပါက တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များသာမက အခြားသတင်းရယူသူအားလုံးပါ အကျုံးဝင် သက်ရောက်သွားနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါတယ်။

၈။    ထိုကဲ့သို့ လူထုအကြားတွင်ဖြစ်စေ၊ တရားဝင်အခမ်းအနားများတွင်ဖြစ်စေ အစိုးရအဖွဲ့အစည်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ လှုပ်ရှားဆောင်ရွက်မှုများမှာ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် သတင်းရယူနိုင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် နည်းလမ်းများစွာ ရှိနေနိုင်ပါတယ်။ ထိုအခြေအနေတွင် တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းရယူမှုအား ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်း ဖြစ်သည်ဟု မဆိုနိုင်ဘဲ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ ဆောင်ရွက်မှု၊ ပြောကြားမှုများအပေါ် မမှန်မကန်လုပ်ကြံဖန်တီး၍ သတင်းမှားများ ဖန်တီးပြုလုပ်ခြင်း ခံရမှသာ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

၉။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ ပုဂ္ဂိုလ်ဆိုင်ရာ နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းပြုလုပ်မှသာ သတင်းရရှိနိုင်သည့် ကိစ္စရပ်များမဟုတ်ဘဲ လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့်ကိစ္စရပ် ဖြစ်သောကြောင့် အလွယ်တကူ သတင်းရရှိနိုင်သည့် ကိစ္စရပ်များဖြစ်သည့်အတွက် ၎င်းကိစ္စရပ်အပေါ် သတင်းရယူခြင်းမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအား ဆန့်ကျင် ချိုးဖောက်သည်ဟု ဆိုနိုင်မည် မဟုတ်ပါကြောင်း နှင့် အများပြည်သူနှင့်အတူ ပွင့်လင်းမြင်သာစွာ သတင်း ရယူခြင်းသာ ဖြစ်ပါတယ်။

၁၀။    အားလုံးကို ကျေးဇူးတင်ပါတယ်။