ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၏“သံတွဲမြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာသားများထံမှ ၂၀၀၀ ပြည့်နှစ်က သိမ်းယူခဲ့သည့် အိမ်ရာမြေနှင့် ဥယျာဉ်မြေ(၃၅.၅၃)ဧကကို သိမ်းဆည်းစဉ်က အကြောင်းပြခဲ့သည့်အတိုင်း အသုံးမပြုခဲ့သည့်အတွက် ပြန်လည်သိမ်းဆည်းသင့်သော်လည်း၊ ဟိုတယ်ကြီးများ ဆောက်လုပ်အသုံးပြုလျက်ရှိရာ ထိုမြေများကို မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ရန် မဖြစ်နိုင်ခြင်းကြောင့် ခေတ်ကာလနှင့်လျော်ညီသော နစ်နာကြေးများကို မူလပိုင်ရှင်များသို့ ပေးသင့်သည်မှာ မှန်ပါသလား၊ ထိုက်သင့်သည့် နစ်နာကြေးများကို ပေးမည်ဆိုပါက မည်သည့်အချိန်တွင် မည်သည့်အစီအစဉ်များဖြင့် ပေးပါမည်ကိုသိလိုခြင်း”ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

   ၂။    လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင်ပါရှိသော မြေနေရာသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ ကွင်းအမှတ်( ၂၀၁ ၊ ၂၀၂ )ကွမ်းခြံကွင်းရှိ မြေ (၃၅.၅၃) ဧကဖြစ်ပြီး တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ( ၉ ) ရက်စွဲပါ စာအမှတ်၊ ၂၀၀/၂-၄/ဦး၁ ဖြင့် မြေဧရိယာ( ၃၀.၆၅ ) ဧကအား လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ် ၊ သြဂုတ်လ( ၉ ) ရက်စွဲပါ စာအမှတ်၊ ၂၀၀/၂-၅ / ဦး၁ဖြင့် မြေဧရိယာ( ၄.၈၈ ) ဧကအားလည်းကောင်း၊ မြေပေးအမိန့်များ အသီးသီးရရှိခဲ့ပြီး ဖြစ်ပါတယ်။

၃။    မြေသိမ်းဆည်းခဲ့စဉ် ဦးပိုင်ပေါက် တောင်သူများအတွက် မြေလျော်ကြေးငွေများနှင့် ကွင်းအမှတ်(၂၀၁)ရှိ မြေ (၈.၄၅) ဧကတွင် ( ၆၀ x ၄၀ )ပေ အိမ်ခြံမြေကွက်များအား အစားထိုးချမှတ်ပေးခဲ့သော်လည်း တောင်သူ( ၃၇ ) ဦးတို့မှ လျော်ကြေးငွေနှင့် နေအိမ် ခြံမြေကွက်များထုတ်ယူခဲ့ပြီး ကျန်တောင်သူ( ၂၉ )ဦးတို့အနေဖြင့် ထုတ်ယူခြင်းမရှိသဖြင့် အဆိုပါလျော်ကြေးငွေများအား မြန်မာ့စီးပွားရေးဘဏ်သို့ ပြန်လည်အပ်နှံပေးခဲ့ပြီး ဖြစ်ပါတယ်။

၄။    အဆိုပါမြေ ( ၃၅.၅၃ ) ဧကအား ၂၀၀၇ ခုနှစ်၊ သြဂုတ်လ( ၈ ) ရက်တွင် ကျင်းပ ပြုလုပ်သော ကုန်သွယ်မှုမူဝါဒကောင်စီ၏ (၂၅/၂၀၀၇)ကြိမ်မြောက် အစည်းအဝေးမှ အောက်ဖော်ပြပါကုမ္ပဏီများသို့ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရန် မြေနေရာ ငှားရမ်း ခွင့်ပြုပေးခဲ့ပြီး ငှားရမ်းခရရှိငွေများအား နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၀၇ ခုနှစ်မှစတင်၍ ပေးသွင်းလျက်ရှိပါတယ်-
        ( က )    မင်းဇာနည်ကုမ္ပဏီ    မြေ ၆.၆၁ ဧက။
        ( ခ  )    ဧဒင်အုပ်စုကုမ္ပဏီ    မြေ ၆.၆၁ ဧက။
        ( ဂ  )    ဖော်ကျွန်းကုမ္ပဏီ    မြေ ၅.၆၅ ဧက။
        ( ဃ)    မိုင်နာမြန်မာကုမ္ပဏီ    မြေ ၁၁.၃၀ ဧက။
        ( င  )    အမေးဇင်းကုမ္ပဏီ    မြေ ၄.၄၃ ဧက။
        ( စ  )    ကုမ္ပဏီကြားရှိလမ်းမြေ    မြေ ၀.၅၅ ဧက။
        ( ဆ)    အများပြည်သူအသုံးပြုရန်ချန်ထား    မြေ ၀.၃၈ ဧက။
        (ဇ  )    စုစုပေါင်း    မြေ ၃၅.၅၃ ဧက။

၅။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေ( ၃၅.၅၃ )ဧကအား သိမ်းဆည်း ခဲ့ရာတွင် ဦးပိုင်ပေါက် တောင်သူများအတွက် လျော်ကြေးငွေများနှင့် အစားထိုး မြေကွက်များ ပြန်လည်ပေးအပ်ခဲ့သော်လည်း တောင်သူ( ၃၇ )ဦးသာ ထုတ်ယူခဲ့ပြီး ကျန်တောင်သူ( ၂၉ )ဦးမှာ လာရောက်ထုတ်ယူခဲ့ခြင်း မရှိသဖြင့် နိုင်ငံတော်ဘဏ္ဍာအဖြစ် ပြန်လည် ပေးသွင်းခဲ့သည်မှာ( ၁၀ )နှစ်ခန့် ကြာမြင့်ပြီ ဖြစ်ခြင်းကြောင့် လျော်ကြေးငွေများ ထပ်မံပေးလျော်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

၆။    အားလုံးကို ကျေးဇူးတင်ပါတယ်။