ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်း၏ “မိုင်းကိုင်မြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ စိုင်းလုံခမ်း၏ လယ်မြေ (၁.၃၈)ဧကနှင့် ပန်ကတ် အနောက်ကွင်းမှ ဦးစိုင်းဆိုင်(ခ)အိုက်စိုင်း၏ လယ်မြေ(၈.၅၆)ဧက တို့အား အမှတ်(၅၁၄) ခြေမြန်တပ်ရင်းမှ သိမ်းဆည်းခဲ့မှုအပေါ် ၎င်းတို့ ပိုင်ဆိုင် လုပ်ကိုင်ခဲ့သော သိမ်းဆည်းခံလယ်မြေများအတွက်  နစ်နာကြေးအားမည်ကဲ့သို့ စီစဉ်ထောက်ပံ့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်း တင်ပြ သွားမှာ ဖြစ်ပါတယ်။

၂။    လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ လယ်မြေ(၉.၉၄)ဧကသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်စွဲပါ စာအမှတ်၊ ၁၂/ ၁၃/ အခ (၄) ဖြင့် မြေပေးမိန့်ရရှိခဲ့ပြီး ဖြစ်သည့် အမှတ် (၅၁၄)ခြေမြန် တပ်ရင်း၏ တပ်ပိုင်မြေဧရိယာအတွင်း ပါဝင်ခြင်းမရှိပါကြောင်း ရှင်းလင်းတင်ပြအပ် ပါတယ်။

၃။    အားလုံးကို ကျေးဇူးတင်ပါတယ်။