ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ပြည်ထောင်စုဝန်ကြီး (ဖြေကြားခြင်း) 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ပြည်ထောင်စုဝန်ကြီး (ဖြေကြားခြင်း) 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-

ကိုယ်စားလှယ်တော်ကြီးများအားလုံး ကျန်းမာချမ်းသာ ကြပါစေ၊ ဘေးရန်ကင်းကြပါစေ၊ စိတ်ချမ်းသာမှုနှင့် ပြည့်စုံကြပါစေလို့ ဦးစွာမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် တင်သွင်းသည့် “မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား ရခိုင်ပြည်နယ် အတွင်း ယခုတလော တစ်ကျော့ပြန်ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီးAA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေး ပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဝင် အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

ယခုလို ရှင်းလင်းတင်ပြရာမှာ နိုင်ငံတော်အကြီးအကဲက ပြေပြေ ပြစ်ပြစ် ချိုချိုသာသာနှင့် သံတမန်ဆန်ဆန် တင်ပြပါလို့ လမ်းညွှန် မှာကြားလိုက်တာရှိပါတယ်။ သို့ပါသော်လည်း ကျွန်တော်ဟာ အမှုထမ်းသက် တစ်လျှောက်လုံး တပ်မတော် တာဝန် ထမ်းခဲ့ရတာမို့ စကားပြော မပြေပြစ်တာ၊ တင်းမာတာ၊ ကိုယ်စားလှယ်တော်ကြီးများ စိတ်ငြိုငြင်အောင် သုံးနှုန်းမိတာရှိရင် နားလည်ပါလို့ ကြိုတင်ပန်ကြား အပ်ပါတယ်။ 

စတင် တင်ပြလိုတာကတော့ အဆိုရှင်နှင့်တကွ အချို့သော လွှတ်တော် ကိုယ်စားလှယ်ကြီးများ အမှတ်မှားနေတာကို ပြင်ဆင် တင်ပြလိုပါတယ်။ ကျွန်တော်တို့ တပ်မတော်ဟာ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ရတဲ့ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရတဲ့ ပြည်ထောင်စုတပ်မတော် ဖြစ်ပါတယ်။ အတိတ်က ဗမာ့တပ်မတော် (Burma Army) မဟုတ်ဘူးဆိုတာ ဦးစွာရှင်းလင်း ပြောကြား လိုပါတယ်။ လူမျိုးတစ်မျိုးတည်းကိုသာ ကိုယ်စားပြုတဲ့ တပ်မတော် မဟုတ်တဲ့အတွက် ကျွန်တော်တို့ တပ်မတော်ကို ပြည်ထောင်စု တပ်မတော် (သို့မဟုတ်) တပ်မတော် ဟုသာ ခေါ်ဝေါ်သုံးစွဲရမှာ ဖြစ်ပါတယ်။ AA လက်နက်ကိုင်အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်းကို ၂၀၁၅ ခုနှစ်၊ မတ်လ(၂၉)ရက်က စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် AA လက်နက်ကိုင်အဖွဲ့အနေနဲ့ ယခင်တပ်မတော် အစိုးရလက်ထက်နှင့် ယင်းမတိုင်မီ အစိုးရများ လက်ထက်မှာ စတင်ပေါ်ပေါက် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ကြောင်း သတိပြုစေလိုပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ် တင်မြှောက်ခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ ပထမဆုံးအကြိမ် စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ယခုနောက်ဆုံး ဦးဝေစိန်အောင်ရဲ့ အရေးကြီးအဆို ထဲမှာပါတဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့ တစ်ကျော့ပြန် တိုက်ခိုက် လာခြင်းဟာ လက်ရှိအစိုးရအဖွဲ့ လက်ထက်မှာ တိုက်ခိုက် လာခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အဆိုရှင်နှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ရှုမြင်ရမည့် အမှန်တရားဟာ AA လက်နက်ကိုင်အဖွဲ့ တိုက်ခိုက် ခြင်းသည် နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်နေခြင်း ဖြစ်သည် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ဟုဆိုရာမှာ နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီး (၃)ရပ်ဖြစ်တဲ့ သမ္မတကြီး ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့၊တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များမှသည် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဆင့်ထိအားလုံး၊ နာယကကြီး မန်းဝင်းခိုင်သန်း ဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော်နဲ့ လွှတ်တော်များအားလုံး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တရားစီရင်ရေးအဖွဲ့ အားလုံးတို့ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၃၉)နှင့်အညီ နိုင်ငံတော်ကို ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်နေရသူများ ဖြစ်တဲ့အတွက် မြေပြင်မှာ နိုင်ငံတော်ကိုယ်စား တွန်းလှန် တိုက်ခိုက် နေရခြင်းပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ပြောရလျှင် AA လက်နက်ကိုင်အဖွဲ့ဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တိုက်ခိုက် နေခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ ဖြစ်သင့်ဖြစ်ထိုက်သော မိမိတို့ရဲ့ လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ တစ်ဆင့် တင်ပြ ဆောင်ရွက်ခွင့် ရရှိနေပြီ ဖြစ်ပါတယ်။ ထို့အပြင် လက်ရှိသမ္မတကြီးဦးထင်ကျော်ဦးစီးတဲ့ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးတို့ကို ဦးစားပေးဆောင်ရွက်နေသည်ကို အားလုံးလည်း သိရှိထားပြီး ဖြစ်ပါလျှက် ယခုကဲ့သို့ နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသည် မဖြစ်သင့် မဖြစ်ထိုက်သော ကိစ္စတစ်ရပ်သာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားလိုပါတယ်။ ယခုကဲ့သို့ ဒီမိုကရေစီစနစ်ကို လစ်လျူရှုပြီး နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်နေသော အဖွဲ့အစည်းမျိုးကို လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် လက်ခံအသိအမှတ် ပြုမည် ဆိုလျှင် မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အနာဂတ် အရေးဟာ ရင်လေးဖွယ်ဖြစ်လာနိုင်ပါတယ်။ ဒီမိုကရေစီ နည်းလမ်း အရ ဖြစ်သင့်ဖြစ်ထိုက်သော မိမိတို့ လိုအင်ဆန္ဒများကို လွတ်လွတ် လပ်လပ်တင်ပြခွင့် ရှိပါလျက် နိုင်ငံတော်အပေါ် ကျေနပ်မှု မရှိတိုင်း လူအုပ်စုတစ်စုက ယခုကဲ့သို့ လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းမျိုးကို အသိအမှတ် ပြုမည်ဆိုပါက ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးဟာ ရတက်မအေးဖွယ် ဖြစ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင် ရဲ့ အဆို ထဲမှာပါတဲ့ ပေါ်တာဆွဲခံရခြင်းနှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် ၁၉၉၀ပြည့်နှစ်မှာစပြီး နိုင်ငံတော်က ထုတ်ပြန်ခဲ့သည့် ကြေညာချက် အမှတ်၊(၁/၉၀)ကို တိကျစွာ လိုက်နာလျက်ရှိပါတယ်။ ပြည်ထောင်စု တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်များနဲ့ သဘာဝဘေး အန္တရာယ်များ ကျရောက်ချိန်မှာ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ကျောသား ရင်သား မခွဲခြားပဲ တိုင်းရင်းသား ပြည်သူလူထုများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာကို ကိုယ်စားလှယ်တော်ကြီးများ အသိပဲ ဖြစ်ပါတယ်။ ယခုနောက်ဆုံး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိတဲ့ ရခိုင်ပြည်နယ် ဟာ အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နေရာဖြစ်ပါတယ်။ တိုက်ပွဲများ စတင်ဖြစ်ပွားတဲ့ ကာလဟာလည်း သမ္မတကြီး ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့တာဝန်ယူပြီး ပထမဆုံး မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်ကာလမှာ AA လက်နက်ကိုင်အဖွဲ့က အလစ်အငိုက် စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ဒါ့ကြောင့် တိုက်ပွဲများရပ်ဆိုင်းဖို့ ဆိုတာ AA လက်နက်ကိုင် အဖွဲ့နဲ့သာ သက်ဆိုင်ပြီး ပြည်ထောင်စု တပ်မတော် အနေနဲ့ကတော့ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် လုံခြုံရေးအတွက် တုန့်ပြန်ဆောင်ရွက် နေရခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြား လိုပါတယ်။ ဒီနေရာမှာ AA လက်နက်ကိုင်အဖွဲ့ဝင်များကို ဒီလွှတ်တော်က တစ်ဆင့်အနည်းငယ် ပြောကြားလိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ကျရောက်ဆဲ ကျရောက်လတ္တံသော အမျိုးသားရေး အန္တရာယ်များကို မျက်ကွယ်ပြုပြီး တစ်နည်းအားဖြင့် အမျိုးသားရေး အန္တရာယ်များကို မသိကျိုးကျွံပြုပြီး တိုင်းရင်းသားများ အရေးကို ဦးစားပေး ကာကွယ် ဆောင်ရွက်နေတဲ့ ပြည်ထောင်စု တပ်မတော်ကို ယခုလို စတင် တိုက်ခိုက်ခြင်းဟာ အမျိုးသားရေး အန္တရာယ်ကို လက်ကမ်း ခေါ်နေတဲ့ အပြုအမူသာ ဖြစ်ကြောင်း ဆင်ခြင်သုံးသပ် နိုင်ကြဖို့ ပြောကြားလိုပါတယ်။ တကယ့် အမျိုးသားရေး ရန်သူများကို တွန်းလှန် တိုက်ခိုက်နေသည့် ပြည်ထောင်စု တပ်မတော်ကြီးကိုသာ အင်အား တောင့်တင်းအောင် အဘက်ဘက်က ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုကြောင်း ထပ်လောင်း ပြောကြား လိုပါတယ်။ သက်ဆိုင်သူများရဲ့ မိဘ ဆွေမျိုးများဟာ အစိုးရယန္တရားမှာ ပါဝင်ဆောင်ရွက်နေကြပြီ ဖြစ်သည့်အလျောက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ပြည်သူအများ ရွေးချယ် တင်မြှောက်တဲ့ နိုင်ငံတော် အစိုးရနှင့်အတူ အေးချမ်းစွာ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်း ပါကြောင်းလည်း သတင်းစကား ပါးလို ပါတယ်။ AA လက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်တိုက်ခိုက် ခဲ့ခြင်း ဖြစ်သော်လည်း ယခု သမ္မတကြီး ဦးထင်ကျော် လက်ထက် တွင်မှ ယခုကဲ့သို့ စစ်ပွဲများ ရပ်ရန် ဆန္ဒဖော်ထုတ်ခြင်း၊ အရေးကြီး အဆို တင်သွင်းခြင်းတို့သည် လက်ရှိ သမ္မတကြီး ဦးထင်ကျော် ဦးဆောင်သော ပြည်ထောင်စု အစိုးရကို နိုင်ငံရေးအကြပ်အတည်း တစ်ရပ်ဖြစ်ပေါ်စေရေးအတွက် ပုံဖော်ဖန်တီးရာ ရောက်နေကြောင်းလည်း တင်ပြလိုပါတယ်။

သို့ဖြစ်ပါ၍ နိုင်ငံတော်ရဲ့ အနာဂတ်အရေးနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကို လွှမ်းခြုံသုံးသပ်လျက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် ကို မေတ္တာရပ်ခံ လိုတာကတော့ ကိုယ်စားလှယ်တော်ကြီး တင်သွင်းထားသော အရေးကြီး အဆိုကို အဆိုရှင်အနေဖြင့် ပြန်လည်ရုပ်သိမ်းနိုင်ပါရန်နှင့် လွှတ်တော်မှလည်း ကျွန်တော်၏ ရှင်းလင်းတင်ပြချက်အား ဆင်ခြင် သုံးသပ်၍ သင့်လျော်သလို ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြ အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။