ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပြည်ထောင်စုဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပြည်ထောင်စုဝန်ကြီး (ဖြေကြားခြင်း)

- လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။

ကိုယ်စားလှယ်တော်ကြီးများအားလုံး ''ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ'' လို့ ဦးစွာ မေတ္တာပို့သအပ်ပါတယ်။
ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ ''ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံတို့တွင် KIA ၊ MNDAA ၊ TNLA ပူးပေါင်း အဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်းနှင့်အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည် ဘဝ ရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာ အာဏာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း'' အရေးကြီးအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်အနေနဲ့ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

အဆိုမှာ တင်ပြထားတဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ဖြစ်စဉ် ဖြစ်ပွားရာ နေရာများမှာ ကချင် ပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့မှာ ပါဝင်ခြင်းမရှိတဲ့ ရှမ်းပြည်နယ် အစိုးရရဲ့ အုပ်ချုပ်မှုနယ်မြေ အတွင်းမှာ တည်ရှိနေကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ယခုဖြစ်စဉ်မှာ စတင်တိုက်ခိုက် ခဲ့တဲ့ KIA အဖွဲ့ဟာဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်မထိုးရသေးတဲ့အဖွဲ့ဖြစ်ပါတယ်။ MNDAA ၊ TNLA နှင့် AA တို့ကတော့ ယခင်တပ်မတော်အစိုးရလက်ထက်နှင့် ယင်းမတိုင်မီ အစိုးရလက်ထက် များမှာ စတင် ပေါ်ပေါက်ခဲ့တာ မဟုတ်ကြောင်း ဦးစွာတင်ပြလိုပါတယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့ဟာ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီ နည်းလမ်းအရ ရွေးချယ်တင်မြှောက်ခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ စတင် ပေါ်ပေါက်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့များဖြစ်ပါတယ်။ ဒီအဖွဲ့ ၃ဖွဲ့ဟာ သမိုင်းကြောင်းနဲ့ ချီပြီး ပေါ်ပေါက်လာတဲ့ အဖွဲ့များမဟုတ်တဲ့အပြင် ဒီမိုကရေစီနည်းအရ ဖြစ်သင့် ဖြစ်ထိုက်တဲ့ မိမိတို့ရဲ့လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများမှတစ်ဆင့် တင်ပြဆောင်ရွက် နိုင်ခွင့်ကို လစ်လျူရှုပြီး နိုင်ငံတော်ကို၊ တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်ကို လက်နက်စွဲကိုင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေပဲဖြစ်ပါတယ်။ ဒီ ၃ ဖွဲ့ အနေနဲ့ လက်နက်ကိုင် နည်းလမ်းကို အပြီးတိုင် ချုပ်ငြိမ်းစေရန် ဆန္ဒပြုကြောင်းနှင့် ဒေသတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ဆိုင်ရာတို့ကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်မည် ဆိုပါက NCA အရ ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲများမှာ ပါဝင်ဆွေးနွေးခွင့်ပြုမည် ဖြစ်ကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှ အဆိုပြုခဲ့သော်လည်း ယင်းတို့အနေနဲ့ လက်သင့်မခံလိုကြောင်း၊ လက်နက်ကိုင်လမ်းစဉ် ကိုသာ ဆုပ်ကိုင်ထားလိုကြောင်း ယခု ဖြစ်စဉ်အရ အထင်အရှား တွေ့ရှိရမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။

ယခု ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိတဲ့ မုံးကိုး-ဖောင်းဆိုင် ဒေသဟာ ၁၉၆၈ ခုနှစ်မှာ ဗကပများက အခြေခံနယ်မြေအဖြစ် စတင်တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ဒေသဖြစ်တာ ကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရပြီးသား နယ်မြေ၊ အများပြည်သူတို့ လွတ်လပ် အေးချမ်းစွာ ကုန်စည်ကူးသန်းရောင်းဝယ်ရာ နယ်မြေကို ယခုကဲ့သို့ အလစ်အငိုက် စတင်တိုက်ခိုက်ခဲ့ခြင်းဟာ ရှမ်းပြည်နယ်အစိုးရ၏ အုပ်ချုပ်မှု နယ်မြေ အတွင်း အခြေခံနယ်မြေ တည်ဆောက်ရန် အလိုဆိုးဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ကွက် ဖော်လာခြင်းပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရကိုလည်း နိုင်ငံရေး၊ စီးပွားရေးများ အကြပ်အတည်း ဖြစ်စေရုံမျှမက ပြည်ပဆက်ဆံရေးပါ မပြေလည်မှုဖြစ်အောင် ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဟာ နိုင်ငံတော်ကို အကြပ်အတည်းဖြစ်ပေါ်စေပြီး ယင်းတို့အနေဖြင့် NCA လက်မှတ် မထိုးပဲ၊ လက်နက်ကိုလည်း မစွန့်ပဲ၊ နိုင်ငံရေးတွေ့ဆုံပွဲများ တက်ရောက် ခွင့်ရရှိရေးကို အကြပ်ကိုင်တောင်းဆိုလာသည့် သဘောမျိုးဖြစ်နေပါတယ်။ ယခုကဲ့သို့ KIA ၊ MNDAA ၊ TNLA နှင့် AA တို့ရဲ့ တိုက်ခိုက်မှုကြောင့် အဓိက နစ်နာဆုံးရှုံးရသည်မှာ ပြည်သူလူထုပဲဖြစ်ပါတယ်။ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးစေပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်မှုများကိုပါ ခံစားရစေလျက်ရှိပါတယ်။ မူဆယ်မြို့ပေါ်ရှိ ယာယီ ကယ်ဆယ်ရေး စခန်း(၅) ခုမှာ တိုက်ပွဲရှောင် လူဦးရေ (၃၂ဝဝ) အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှာလည်း တိုက်ပွဲရှောင်ပြည်သူ (၂ဝ,ဝဝဝ) နီးပါးအထိရှိကြောင်း ကြားသိ ရပါတယ်။ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံကို နေ့စဉ် ယာဉ်အစီးပေါင်း ၄ဝဝဝ အထိ ကုန်စည်များ လွတ်လပ်စွာ သယ်ဆောင်ရောင်းဝယ် ဖောက်ကားလျက်ရှိရာမှ ယခုအခါယာဉ်အစီးရေ ၂ဝဝ ခန့်သာ သွားလာနိုင်တော့တဲ့အတွက် ကုန်စည်စီးဆင်းမှုကို များစွာလျော့နည်း ထိခိုက် ပျက်စီးစေပြီး၊ အများပြည်သူရဲ့ အကျိုးစီးပွားများ ထိခိုက်နစ်နာစေလျက် ရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယင်းအဖွဲ့ ၄ ဖွဲ့က တပ်မတော်စခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ကျည်များ တစ်ဖက်နိုင်ငံအတွင်း ကျော်လွန်ကျရောက်အောင် ပစ်ခတ်ခဲ့ခြင်းမှာလည်း ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်အောင် တမင်ကြံရွယ်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။

နိုဝင်ဘာလ ၂ဝ ရက်မှ ၃ဝ ရက်အထိ အဆိုပါ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ မိမိစခန်းများ တိုက်ခိုက်ခံရမှု (၃၁)ကြိမ်၊ ချီတက်စဉ် တိုက်ခိုက်ခံရမှုအကြိမ် (၂ဝ)၊ နယ်မြေရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားမှု အကြိမ် (၅ဝ)၊ မိုင်းဖြင့် တိုက်ခိုက်ခံရမှု (၉) ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်သား အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ တပ်မတော် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၉ နှင့် ၃၄၁ တို့အရ ပြည်ထောင်စုကြီးကို ပြည်တွင်းရန်များမှ ကာကွယ်ခြင်း၊ ပြည်ထောင်စုသားများ ဘေးအန္တရာယ်ကျရောက်၍ ကူညီဆောင်ရွက်ခြင်း တာဝန်တို့ထမ်းဆောင်ရာမှကျဆုံး၊ ထိခိုက်ဒဏ်ရာရတာ ဖြစ်သည့် အလျောက် အထူးအထွေ မတင်ပြလိုသော်လည်းပဲ ဤကာလအတွင်းမှာပင် စစ်ရေး ပစ်မှတ် မဟုတ်တဲ့ လမ်း၊ တံတားဖျက်ဆီးခံရမှု (၇)ကြိမ်၊ လမ်းကြောင်းပိတ်ဆို့မှု(၇) ကြိမ်၊ မြို့ရွာများနှောင့်ယှက်ပစ်ခတ်ခံရမှု (၇)ကြိမ်၊ မြို့ရွာများတွင် မိုင်းထောင် ဖောက်ခွဲမှု(၇)ကြိမ်၊ အရပ်သားနှင့်ဝန်ထမ်းများဖမ်းဆီးသတ်ဖြတ်ခံရမှု(၄)ကြိမ် ဖြစ်ပွား ခဲ့ပြီး အပြစ်မဲ့အရပ်သူ၊ အရပ်သားများအနေနဲ့ အမျိုးသမီး ၃ ဦးအပါအဝင် ၁ဝ ဦး သေဆုံးကာ အမျိုးသမီး ၁၁ ဦး အပါအဝင် ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အရပ်သားပိုင်ယာဉ် ၆ စီး ဖျက်ဆီးခံရကာ စုစုပေါင်းတန်ဖိုးငွေ ကျပ် သိန်း ငါးထောင်ကျော် ဆုံးရှုံးခဲ့ရပါတယ်။ ပြည်ထောင်စုလမ်းမကြီးမှာရှိတဲ့ တံတား ၆ စင်း ဖျက်ဆီးခံရပြီး ခန့်မှန်းငွေကျပ် သိန်းပေါင်း ၇၉ဝ ပျက်စီးဆုံးရှုံးခဲ့ရကာ လမ်းပန်း ဆက်သွယ်ရေး နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။

သို့ဖြစ်ပါ၍ ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားများအား အကြောင်းမဲ့ သေကြေ ဒဏ်ရာ ရစေခြင်း၊ စစ်ဘက် ပစ်မှတ်မဟုတ်သော အခြေခံအဆောက်အဦများ၊ ယာဉ်များ ဖျက်ဆီးခြင်း၊ ပြည်သူတို့၏ စီးပွားဥစ္စာပျက်စီးစေခြင်းတို့ကြောင့် KIA ၊ MNDAA ၊ TNLA နှင့် AA အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် လွှတ်တော်မှ သတ်မှတ် သင့်သည်ဟု ယူဆပါကြောင်း တင်ပြလိုပါတယ်။ ဒါ့အပြင် KIA ၊ MNDAA ၊ TNLA နှင့် AA အဖွဲ့များဟာ အကြမ်းဖက်မှုကို ကျူးလွန်တာဖြစ်တဲ့အတွက် ယင်းအဖွဲ့များကို NGO များ၊ INGO များက လူသားချင်း စာနာထောက်ထားခြင်းခေါင်းစဉ်နဲ့ ထောက်ပံ့နေမှုများ ရပ်ဆိုင်းစေရန်ကိုလည်း လွှတ်တော်မှ တိုက်တွန်းသင့်သည်ဟု ယူဆပါကြောင်း တင်ပြလိုပါတယ်။ တပ်မတော်အနေနဲ့ကတော့ သမ္မတကြီး ဦးထင်ကျော်ခေါင်းဆောင်တဲ့ နိုင်ငံတော် အကြီးအကဲများရဲ့လမ်းညွှန်မှုနဲ့အညီ အစိုးရအဖွဲ့၏ ရည်မှန်းချက်ဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးတို့ မထိခိုက်စေရန်အလို့ငှာ တပ်အင်အားကို အနည်းဆုံးသာ အသုံးပြုပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိနေပါတယ်။ ယခု လက်ရှိ မုံးကိုးမှာ KIA ၊ MNDAA ၊ TNLA နှင့် AA တို့က ဒေသန္တရ သာလွန် အင်အားကို အသုံးပြုပြီး စခန်းသိမ်းတိုက်ပွဲ အကြိမ်ကြိမ် ဆင်နွှဲနေခြင်း ကိုလည်း စစ်ပွဲဆိုင်ရာ ဥပဒေ၏ အရေးကြီးသော အခြေခံဥပဒေသ တစ်ခုဖြစ်သည့် အချိုးအစားညီမျှမှု အခြေခံသဘောတရားနှင့်အညီ အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းရာ စစ်ရေးရည်မှန်းချက်များကိုသာ တိုက်ခိုက်ခဲ့ပြီး ဆက်စပ်နေတဲ့ အရပ်ဘက် အဆောက်အဦများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

 

{youtube}https://www.youtube.com/watch?v=LeHcHy6zNOI{/youtube}