ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဗန်းမော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း ၏ “ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မင်းကုန်းရပ်ကွက်ရှိ မြေကွက်အမှတ် (၂၈)၊ ဦးပိုင်အမှတ်(၅၈)၊ ဧရိယာ (၀.၀၉၄)ဧကရှိ မြေကွက်ပေါ်တွင် ဆောက်လုပ်ခဲ့သော မြို့နယ် မော်တော်ယာဉ် အသင်းပိုင် အဆောက်အဦအား ဗန်းမော်မြို့နယ် မော်တော်ယာဉ် အသင်းအဖွဲ့ထံ ပြန်လည် ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့် ပေးအပ်ပါက မည်သည့် အချိန်၊ မည်သည့်နှစ်တွင် ပေးအပ်မည် ဖြစ်ပြီး၊ မပေးအပ်နိုင်ပါက အဘယ်ကြောင့် မပေးအပ် နိုင်သည်ကို သိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေနေရာတွင် အုတ်ညှပ် နှစ်ထပ်အဆောက်အဦ တစ်လုံး ဆောက်လုပ်ထားရှိပြီး အမှတ်(၂)စစ်ဘက်ရေးရာလုံခြုံရေးတပ်စု (ဗန်းမော်)၏ တပ်ပိုင်မြေဖြစ်ကြောင်း၊ တပ်ပိုင်မြေအထောက်အထားများအား စိစစ်ရာ မြေစာရင်းပုံစံ (၁၀၅/၁၀၆)အား အမှတ်(၂၁)ထောက်လှမ်းရေးတပ် အမည်ဖြင့် ရယူထားသည့် မြေနေရာဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ကာ ၁၉၉၇ ခုနှစ်တွင် အိုးအိမ်ဦးစီးဌာနမှ မြေစာရင်းဦးပိုင်မှတ်ပုံတင် စာရင်းစာအုပ်(၁-က)တွင် အမှတ်(၂၁)ထောက်လှမ်းရေးတပ် အမည်ပေါက်အဖြစ် မှတ်သားထားရှိပြီးဖြစ်သော မြေနေရာ ဖြစ်ပါတယ်။

၃။    အဆိုပါ မြေနေရာနှင့်အဆောက်အဦအား ၁၉၅၇ ခုနှစ်တွင် ခရိုင်ဝန်ရုံး၏ မြေအမှုတွဲ အမှတ်၊ ၂၁၅/ငါး(၅၆-၅၇)အရ ဥက္ကဋ္ဌ၊ မော်တော်ယာဉ်ရုံးအမည်ဖြင့် ၁၉၅၈ ခုနှစ်၊ ဇွန်လ(၁၀)ရက်မှ ၁၉၆၁ ခုနှစ်၊ ဇွန်လ(၃၀)ရက်အထိ (၃)နှစ်ခေတ္တမြေငှားလိုင်စင် ထုတ်ပေး ခဲ့ကြောင်း၊ ဥက္ကဋ္ဌ၊ မော်တော်ယာဉ်ရုံးအမည်ဖြင့် ပေးအပ်ခဲ့သည့် (၃)နှစ်လိုင်စင်သည် “အထက် မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၅၁ က (၁)(၂)အရ နှစ် ၃၀ ဂရန်မှအပ နှစ်တိုဂရန်၊ လိုင်စင်တို့ကို သက်တမ်းတိုးခွင့်မရှိကြောင်း” ပြဋ္ဌာန်းထားချက်အရ သက်တမ်းကုန်ဆုံးပါက လိုင်စင်၊ သို့မဟုတ် မြေငှားဂရန် အသစ်လျှောက်ထားရမည် ဖြစ်သော်လည်း လျှောက်ထား ခဲ့ခြင်းမရှိသဖြင့် (၃)နှစ်လိုင်စင်မှာ အလိုအလျောက်ပျက်ပြယ်ပြီး အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်း၊ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် အသင်းအဖွဲ့များ ဖျက်သိမ်းခဲ့သဖြင့် အဆိုပါမြေနှင့်အဆောက်အဦအား ပြည်သူပိုင် သိမ်းယူခဲ့ပြီး ဗန်းမော်မြို့နယ်၊ လုံခြုံရေးနှင့်အုပ်ချုပ်ရေး ကော်မတီရုံး(နလက)အဖြစ် အသုံးပြု ခဲ့ကြောင်း၊ ၎င်းနောက်မြို့နယ်ပြည်သူ့ကောင်စီလက်ထက်တွင် အဆိုပါမြေအား (၀.၀၉၄) ဧကမှ (၀.၁၄၄)ဧကအထိ မူလဧရိယာထက် (၀.၀၅)ဧက တိုးချဲ့ခဲ့ပြီး မြို့မြေအမှုတွဲအမှတ်၊ ၂၀၉/ ငါး(၇၅-၇၆)ဖြင့် မြို့နယ်တောင်သူလယ်သမားနှင့် အလုပ်သမားကောင်စီသို့ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ(၃၀)ရက်မှ ၁၉၈၅ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်အထိ နှစ်ရှည် မြေငှားဂရန်ထုတ်ပေးခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၄။    ၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်း၊ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်တွင် ဗန်းမော်မြို့နယ် အလုပ်သမားအစည်းအရုံးမှ တစ်ဆင့် မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သို့ အပ်နှံခဲ့ပြီး ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ မြို့နယ်အင်ဂျင်နီယာရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် မြို့မြေ အမှုတွဲအမှတ်၊၁၃/ငါးမ(၉၆/၉၇)ဖြင့် တောင်သူလယ်သမားနှင့် အလုပ်သမားကောင်စီ အမည်မှ အမှတ်(၂၁)ထောက်လှမ်းရေးတပ်အမည်သို့ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် အမှတ်(၂၁)ထောက်လှမ်းရေးတပ် ဖျက်သိမ်းချိန်တွင် အမှတ်(၂)စစ်ဘက်ရေးရာ လုံခြုံရေး တပ်စု (ဗန်းမော်)မှ ဆက်လက်ထိန်းသိမ်းထားရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၅။    အဆိုပါ မြေနေရာနှင့်အဆောက်အဦအား ၁၉၇၅ ခုနှစ် နောက်ပိုင်းမှစ၍ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများမှ အစိုးရဌာနအဖွဲ့အစည်းများသို့ ခေတ္တအသုံးပြုရန် လွှဲပြောင်း ပေးခဲ့မှုကြောင့် အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာဖြစ်ကြောင်း၊ ဗန်းမော် မြို့နယ် မော်တော်ယာဉ်အသင်းအား နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်တွင် ဗန်းမော်မြို့၊ အနောက်သာစည်ရပ်ကွက်၊ ဘီအိုစီလမ်းတွင် အလျား (၂၀)ပေ၊ အနံ (၆၀)ပေ ရှိ မြေနေရာသစ်အား အစားထိုးပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် လက်ရှိတွင် အဆောက်အဦဆောက်လုပ်၍ မော်တော်ယာဉ်လိုင်း ကြီးကြပ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

၆။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေနေရာသည် အမှတ်(၂၁) ထောက်လှမ်းရေးတပ် ဖျက်သိမ်းချိန် ၂၀၀၅ ခုနှစ်မှစတင်၍ အမှတ်(၂) စစ်ဘက်ရေးရာ လုံခြုံရေးတပ်စု (ဗန်းမော်)မှ ဥပဒေနှင့်အညီ ဆက်လက် လွှဲပြောင်းရယူခဲ့ပြီး စစ်ဘက်ရေးရာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောက်ရွက်နိုင်ရန် ယနေ့အထိ အသုံးပြုလျက်ရှိသည့် မြေနေရာဖြစ်ခြင်း၊ ယခုတိုင်ကြားသူများမှာ ယခင်မူလပိုင်ဆိုင်ခဲ့သည့် ပိုင်ရှင်များ မဟုတ်ဘဲ အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ခရိုင်မော်တော်ယာဉ် အဖွဲ့ဝင်များသာ ဖြစ်ခြင်း၊ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းမှ ယာဉ်အသင်းနေရာ အသစ်အား ဆောင်ရွက်ပေးပြီးဖြစ်သဖြင့် ခရိုင်မော်တော်ယာဉ်အသင်းမှာ မြေနေရာနှင့် အဆောက်အဦ ရှိပြီးဖြစ်ခြင်းတို့ကြောင့် အမှတ်(၂)စစ်ဘက်ရေးရာလုံခြုံရေးတပ်စု (ဗန်းမော်)မှ တပ်ပိုင်မြေ အဖြစ် ဆက်လက် ရယူ သွားမည်ဖြစ်ပါသဖြင့် ပြန်လည်ပေးအပ်နိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။

၇။    အားလုံးကို ကျေးဇူးတင်ပါတယ်။