ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းဇော် ၏“ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ မိုးကြိုးဆာဖျူရစ်အက်စစ် စက်ရုံလည်ပတ်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဆိုးရွားစွာ အန္တရာယ် ဖြစ်စေ၍ ဒေသခံ ပြည်သူများမှ စက်ရုံကို လွတ်ကင်းရာ နေရာသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုထားမှုအပေါ် အဆိုပါ စက်ရုံကို ပြောင်းရွှေ့ပေးရန်  အစီအစဉ် ရှိ/မရှိ”ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံ (ဆားလင်းကြီး) အား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ NORINCO ကုမ္ပဏီနှင့် ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်တွင် စာချုပ်ချုပ်ဆို၍ ၂၀၀၆ ခုနှစ်၊ မေလ (၁၅)ရက်တွင် စတင် တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ ဧပြီလ (၂၀)ရက်မှ စတင်လည်ပတ်ဆောင်ရွက်ခဲ့ပြီး တစ်ရက်လျှင် ဆာလ်ဖျူရစ်အက်စစ် တန် (၅၀)ထုတ်လုပ်နိုင်သည့် အမေရိကန်ဒေါ်လာ (၅)သန်းဖြင့် ရင်းနှီးမြှုပ်နှံထားရှိသော စက်ရုံဖြစ်ပါတယ်။

၃။    စက်ရုံမှ ထုတ်လုပ်သော ဆာလ်ဖျူရစ်အက်စစ်များအား လက်ပံတောင်းတောင်၊ စပယ်တောင်နှင့် ကြေးစင်တောင်တို့၌ ကြေးထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ရရှိသော အကျိုးအမြတ် (၅၁) ရာခိုင်နှုန်းအား နိုင်ငံတော်မှ ရရှိခံစားနေခြင်းဖြစ်သဖြင့် စက်ရုံသည် နိုင်ငံတော်စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် စက်ရုံဖြစ်ပါတယ်။

၄။    စက်ရုံတည်ဆောက်မှု Design အရ Double Conversion (3+2 Stage)နှင့်  Double Absorption စနစ်မှာ လက်ရှိကမ္ဘာပေါ်တွင် နောက်ဆုံးအသုံးပြု ဆောင်ရွက် နေသော နည်းပညာဖြစ်ပြီး ၉၉.၉၅ ရာခိုင်နှုန်းအထိ ဆာလ်ဖျူရစ်အက်စစ် ထုတ်လုပ် နိုင်ပါတယ်။ ပြင်ပလေထုသို့ SO2 နှင့် SO3 Gas များအား ခေါင်းတိုင်မှ တိုက်ရိုက် စွန့်ပစ်ခြင်းမပြုလုပ်ဘဲ  နိုင်ငံတကာစံချိန်စံညွှန်းဖြစ်သည့် 150 ppm ထက် မများ စေရန်အတွက် Efficiency ပိုမိုကောင်းမွန်သည့် Tail gas treatment unit အား USD 178,000 ဖြင့် ပြည်ပမှ ဝယ်ယူတပ်ဆင်အသုံးပြုလျက်ရှိပြီး SO2 နှင့် SO3 ပါဝင်မှုများကို Treatment ပြုလုပ်ပြီးမှသာ လေထုထဲသို့ စွန့်ပစ်သည့် စနစ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

၅။    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့မှ စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါ စုံစမ်းစစ်ဆေးရေး အစီရင် ခံစာ၏ အကြံပြုချက်တွင် ပါဝင်သည့် ပုဂ္ဂလိက စက်မှုမှတ်ပုံတင်နိုင်ရန် လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်နေစဉ် ကာလအတွင်း စက်ရုံလည်ပတ်ရန် ခွင့်ပြုချက်အား စက်မှုဝန်ကြီးဌာနသို့ နှစ်စဉ် ခွင့်ပြုချက် ရယူဆောင်ရွက်လျက် ရှိပါတယ်။

၆။    စက်ရုံ၏ ထုတ်လုပ်မှုနည်းလမ်းများ၊ နည်းပညာပိုင်းဆိုင်ရာများမှာ လက်ရှိ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် နောက်ဆုံးနည်းပညာများဖြင့် လည်ပတ်လျက် ရှိသောကြောင့် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ အောက်ဖော်ပြပါ ISO လက်မှတ်(၃)စောင်အား ရရှိထားပြီး ဖြစ်ပါတယ်-
        ( က )    ISO 9001:2015 (Quality Management System)။
        ( ခ  )    ISO 14001:2015 (Environmental Management System)။
        ( ဂ  )    OHSAS 18001:2007 (Occupation Health & Safety Management System)။

၇။    စက်ရုံအနေဖြင့် လစဉ်တိုင်းတာရရှိသည့် အောက်ဖော်ပြပါ Result များကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လစဉ် တင်ပြ ဆောင်ရွက်လျက်ရှိပါတယ်-
        ( က )    စက်ရုံ၏ DCS System တွင် မူလတပ်ဆင်ပါရှိသော SO2 Analyzer များဖြင့် ထိန်းချုပ်ခန်းမှလည်းကောင်း၊ WHO စံနှုန်းများနှင့်အညီ လေထုအတွင်းရှိ SO2 ပမာဏ 20 µg/m3 (24 hour means)ထက် မများစေရေးအတွက် Portable Air Monitoring Machine Haz-scanner (Model-EPAS) ဖြင့် လည်းကောင်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေး၍ တိုင်းတာရရှိသည့် Result များ။
        ( ခ  )    စက်ရုံ၏ စွန့်ပစ်ရေအား pH 6 to pH 9 အကြား ရရှိစေရန်အတွက် ဓာတ်ပြယ်အောင် ပြုလုပ်ပြီးမှသာ စွန့်ပစ်ရေ စုဆောင်းကန်အတွင်းသို့ သီးခြား စွန့်ပစ်လျက်ရှိပြီး စွန့်ပစ်အစိုင်အခဲများအား စက်ရုံအတွင်းတွင် HDPE အစ ခင်းထားသည့် အလျား ၁၅၀ ပေ၊ အနံ ၁၀၀ပေ ၊ အနက် ၆ ပေ ရှိ စွန့်ပစ်ကန်အတွင်းသို့ စနစ်တကျ ထုပ်ပိုး၍ စွန့်ပစ်လျက်ရှိရာ အဆိုပါ စွန့်ပစ်ကန်များအနီးရှိ မြေသားနှင့်စက်ရုံ၏ အရပ်လေးမျက်နှာမှ မြေနမူနာ များကို မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းသို့ လစဉ်ပေးပို့ စစ်ဆေး၍ တိုင်းတာရရှိသည့် Result များ။

၈။    စက်ရုံအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုများ ဆန်းစစ်နိုင်ရေး Environmental & Social Impact Assessment –ESIA Report အားပြုစု တင်ပြ နိုင်ရန်အတွက် ကနေဒါနိုင်ငံတွင် အခြေစိုက်၍ စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရုံးခွဲများဖွင့်လှစ်ထားရှိသည့် Green Environmental , Health , Safety & Social Consultancy Co., Ltd. နှင့် ၂၀၁၄ ခုနှစ်၊ဖေဖော်ဝါရီလ (၁၉) ရက်တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး ၎င်းကုမ္ပဏီမှ ပညာရှင်များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများသည် စက်ရုံနှင့်ပတ်ဝန်းကျင် ကျေးရွာများသို့ လက်တွေ့ ကွင်းဆင်း လေ့လာစစ်ဆေး တိုင်းတာမှုများ ဆောင်ရွက်ခဲ့ပြီး  ၂၀၁၄ ခုနှစ် ၊ ဇူလိုင်လ(၂၀)ရက်တွင် ESIA Report အား ပြုစုရေးသားကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ သဘောထား မှတ်ချက်(၄၂)ချက် ပြန်ကြားခဲ့ခြင်းအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအား ထပ်မံ၍ တင်ပြဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။

၉။    စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ စက်ရုံသို့ လာရောက်စစ်ဆေးစဉ် ဒေသခံ များ၏ သတင်းပို့မှုအရ အက်စစ်ငွေ့ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယ ရှိသည့် ကလေးငယ် (၄)ဦးကို ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ကုန် ကလေးဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်တွင် အထူးကုဆရာဝန် ကြီးများဖြင့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ရာ အက်စစ်ငွေ့ကြောင့် ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်၌ ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာတွင် သတင်းထုတ်ပြန်ချက် (၁၂/၂၀၁၂) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

၁၀။    လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆောင်သော ပညာရှင်များ ပါဝင်သည့်အဖွဲ့နှင့် Third Party အဖွဲ့အစည်းဖြစ်သည့်  LIVE Environmental Assessment Group မှ ပညာရှင်များပါဝင်သော ပူးပေါင်း အဖွဲ့များသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်မှ (၃၀)ရက် အထိ ကျေးရွာ ဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းခြင်း၊ ဒေသခံပြည်သူများနှင့် စက်ရုံရှိ ဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်း၊ လိုအပ်သည့် ကုသမှုများပေးခြင်းများကို ဆောင်ရွက်ခဲ့သည့် အပြင် လေထုတိုင်းတာရေးကိရိယာများဖြင့် စစ်ဆေးတိုင်းတာခြင်း၊ ရေနမူနာများ ရယူစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက် Health Impact Assessment Report အား ရေးသားပြုစုခဲ့သော အစီရင်ခံစာအရ စက်ရုံမှ ထွက်ရှိသော အခိုးအငွေ့၊ အမှုန်၊ ဆာလ်ဖာဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့စသည်များကြောင့် ကျန်းမာရေးထိခိုက် ယိုယွင်းခြင်းများ မတွေ့ရှိရပါကြောင်း ဖော်ပြထား ရှိပါတယ်။

၁၁။    စက်ရုံအနေဖြင့် ကံကုန်းကျေးရွာရှိ ဒေသခံပြည်သူများ၏ သောက်သုံးရေ အဆင်ပြေစေနိုင်ရေးအတွက် ၂၀၁၀ ပြည့်နှစ်မှစတင်ကာ ယမားချောင်းမှ ချောင်းရေ အား အဆင့်ဆင့် သန့်စင်ပြီး ဂါလံ (၈၀၀)ဆံ့ အုတ်ရေကန် (၃)လုံး၊ ရေငုတ်(၃)ခု ပြုလုပ်၍  သန့်စင်ရေဂါလံ(၃၀၀၀၀)အား (၂၄)နာရီ ဖြန့်ဖြူးပေးခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပြီး စက်ရုံ၏ဝန်ထမ်း (၉၀)ရာခိုင်နှုန်းသည် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူ/သားများဖြစ်ကြောင်း တွေ့ရှိရပါတယ်။

၁၂။    ထို့အပြင် လူမှုရေးဆိုင်ရာတာဝန်ခံမှု (Corporate Social Responsibility – CSR) လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်ရုံ၏ အသားတင်အမြတ်ငွေမှ (၂) ရာခိုင်နှုန်း အား CSR ရန်ပုံငွေအဖြစ် သတ်မှတ်၍ ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ၁၈,၀၀၀,၀၀၀ ကျပ်နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ၆၃,၆၆၁,၈၀၀ကျပ် တို့ကို ရန်ပုံငွေအဖြစ် စီမံဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် နှစ်စဉ် စက်ရုံ၏ အသားတင် အမြတ်ငွေမှ (၂)ရာခိုင်နှုန်းကိုလည်း CSR ရန်ပုံငွေအဖြစ် ထားရှိသုံးစွဲနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိပါတယ်။

၁၃။    သို့ဖြစ်ပါ၍ မိုးကြိုး ဆာလ်ဖျူရစ်အက်စစ် စက်ရုံသည် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ လည်ပတ်ထုတ်လုပ်လျက်ရှိသောကြောင့် နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်(၃)စောင် ရရှိထားပြီးဖြစ်ခြင်း၊ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့၏ အကြံပြုလမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိသော စက်ရုံဖြစ်ခြင်း၊ စက်ရုံ၏ အသားတင်အမြတ်ငွေမှ (၂)ရာခိုင်နှုန်းအား ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် CSR ရန်ပုံငွေအဖြစ် ထားရှိ ဆောင်ရွက်လျက်ရှိခြင်း၊ စက်ရုံနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရွာသူ/သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းရရှိစေသော စက်ရုံဖြစ်ခြင်း၊ စက်ရုံလည်ပတ်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်အန္တရာယ်ဖြစ်ပွားမှု မရှိနိုင်ခြင်းနှင့် စက်ရုံမှထုတ်လုပ်သော ဆာလ်ဖျူရစ်အက်စစ်များအား လက်ပံတောင်း တောင်၊ စပယ်တောင်နှင့်ကြေးစင်တောင် တို့မှ ကြေးထုတ်လုပ်ရာတွင် အသုံးပြုခြင်း ဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ အကျိုးအမြတ်(၅၁)ရာခိုင်နှုန်းအား နိုင်ငံတော်မှ ရရှိခံစားနေခြင်း စသည့်အကြောင်းများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံတော်အတွက် အကျိုးပြုသော စက်ရုံဖြစ်သည့်အတွက် ရွှေ့ပြောင်းပေးရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

၁၄။    အားလုံးကို ကျေးဇူးတင်ပါတယ်။