ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။      မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ လင်းခေးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘသိန်း၏ “လင်းခေးမြို့နယ်ရှိ ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ ဗာဂျီးနီးယား ဆေးလုပ်ငန်း ဆောင်ရွက်ခဲ့သော မြေနေရာနှင့် အဆောက်အဦများအား မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ရန်နှင့် မူလပိုင်ရှင်များသို့ ပြန်လည် စွန့်လွှတ်ရန် သက်ဆိုင်ရာဝန်ကြီး ဌာန၏ ဆောင်ရွက်ပေးနိုင်မှုအခြေအနေကို သိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။      မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ရာနှုန်းပြည့် ထောက်မထားသော မြဝတီ ထရေးဒင်းလီမိတက်သည် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၇/၂၀၁၀ အရ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၊ ဗာဂျီးနီးယားဆေးလုပ်ငန်းစက်ရုံအောက်ရှိ ပခုက္ကူကုန်ထုတ်ဌာနခွဲ၊ မန္တလေးကုန်ထုတ်ဌာနခွဲတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်ထုတ်ဌာနစုများအလိုက် ဆေးပေါင်းစခန်း ၄၁ ခု၊ အေးဆေးစခန်း ၃ ခု၊ ဆက်စပ် အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများပါဝင်သည့် မြေနှင့် အခြားမြေလွတ်ဧရိယာ ၅၀၁.၂၆ ဧကအား စုစုပေါင်း တန်ဖိုးငွေကျပ် ၇,၄၁၁.၉၄၄ သန်းဖြင့် ဝယ်ယူခဲ့ပြီး ကျသင့် တန်ဖိုး ငွေများကို အကျေပေးချေပြီးဖြစ်၍ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၏ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃ ရက်စွဲပါ ရုံးအမိန့်အမှတ်၊ ၅၁၁/၂၀၁၀ အရ လွှဲပြောင်း/လက်ခံရေးအဖွဲ့ဖြင့် စနစ်တကျ လွှဲပြောင်း/လက်ခံခဲ့ပြီး ဖြစ်ပါတယ်။

၃။     ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း၌ ဗာဂျီးနီးယားဆေးပေါင်း စခန်း ၁၄ ခုရှိပြီး စုစုပေါင်းမြေဧရိယာမှာ ၁၆.၁၂၇ ဧက၊ မြေတန်ဖိုးငွေကျပ် ၁၆.၇၉၇ သန်း၊ အဆောက်အဦတန်ဖိုး ငွေကျပ် ၂၂၇.၁၆၆ သန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၃.၉၆၃ သန်း အား ယခင် အမှတ်(၁)စက်မှုဝန်ကြီးဌာနသို့ ပေးချေခဲ့ပြီးဖြစ်ပါတယ်။

၄။    မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ရာနှုန်းပြည့်ထောက်မထားသော မြဝတီ ထရေးဒင်းလီမိတက်အနေဖြင့် ၎င်းမြေများအား သိမ်းယူထားခြင်းမဟုတ်ဘဲ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ တရားဝင်ဝယ်ယူထားခဲ့ပြီး ကျသင့် တန်ဖိုးငွေများကိုလည်း ယခင် အမှတ်(၁)စက်မှုဝန်ကြီးဌာနသို့ အကျေပေးချေခဲ့ပြီး ဖြစ်ပါတယ်။

၅။ သို့ဖြစ်ပါ၍ အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန် လုပ်ငန်း၊ ဗာဂျီးနီးယားဆေးလုပ်ငန်းစက်ရုံ ကြီးကြပ်မှုအောက် မန္တလေးကုန်ထုတ်ဌာနခွဲ၊ လင်းခေးဌာနစုအောက်ရှိ ဗာဂျီးနီးယားဆေးပေါင်းစခန်းများနှင့် မြေနေရာအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ကျသင့် တန်ဖိုး ငွေများ ပေးချေဝယ်ယူထားရှိပြီးဖြစ်သည့်အတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

၆။     အားလုံးကို ကျေးဇူးတင်ပါတယ်။