ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊မချမ်းဘောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနန်မွန်ထင် ၏ “ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူး ဒေသ များတွင် မြဝတီ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက် တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်၊ မရှိပါက အဘယ့်ကြောင့် တပ်ဆင်ဆောင်ရွက် ပေးနိုင်ခြင်း မရှိသည်ကို သိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ မချမ်းဘော၊ နောင်မွန်းနှင့်ခေါင်လန်ဖူးမြို့ တို့တွင် မြဝတီရုပ်မြင်သံကြား 40 Watt ရှိသည့် Digital ထပ်ဆင့်လွှင့်စက်များ တပ်ဆင်နိုင်ရန် အတွက် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူရေးဆောင်ရွက် ခဲ့ပါတယ်။ အဆိုပါ ထပ်ဆင့်လွှင့်စက်များအား ၂၀၁၆ ခုနှစ်၊ မေလ (၂၅)ရက်တွင် သက်ဆိုင်ရာမြို့ အသီးသီးသို့ စုပုံခဲ့ပြီးဖြစ်ပါတယ်။

၃။    ၎င်းမြို့ (၃)မြို့ရှိ ပြည်သူများ ဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနပိုင် MRTV Tower များတွင် တွဲဖက်တပ်ဆင်ခွင့် ရရှိရေးအတွက် ကာကွယ်ရေးဝန်ကြီး ဌာနမှ ပြန်ကြားရေးဝန်ကြီးဌာန သို့ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၉) ရက်တွင် ညှိနှိုင်း အကြောင်းကြားထားရှိပြီးဖြစ်ပါတယ်။

၄။    သို့ဖြစ်ပါ၍ အဆိုပါ မချမ်းဘော၊ နောင်မွန်းနှင့် ခေါင်လန်ဖူးမြို့များ၌ မြဝတီ ရုပ်မြင်သံကြား Digital ထပ်ဆင့်လွှင့် စက်များအား ပြန်ကြားရေးဝန်ကြီးဌာနမှ MRTV Tower များတွင် တွဲဖက်တပ်ဆင်ခွင့်ပေးမည်ဆိုပါက အမြန်ဆုံး တပ်ဆင် ထုတ်လွှင့် နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။

၅။    အားလုံးကို ကျေးဇူးတင်ပါတယ်။