ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း၏ “ကျောက်တော်မြို့နယ်ရှိ အုတ္တောင်ပြင်ကျေးရွာအနီး ပြိန်းချောင်း ဦးပိုင်အမှတ် ၆၅၉ကွင်းနှင့်ပတ်သက်ပြီး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များနှင့် မြေပြင်အခြေအနေ ကွာခြားချက်များကို ပြန်လည်စိစစ်ပေးနိုင်ခြင်း ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း၏ မေးခွန်းပါ လယ်မြေ ၁၃၂.၇၀ ဧက ၊ စားကျက်မြေ ၃၀ ဧကနှင့် ဥယျာဉ်ခြံမြေ ၉၀ ဧက၊ စုစုပေါင်း မြေဧရိယာ ၂၅၂.၇၀ ဧကသည် အမှတ်(၅၃၉)ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေအတွင်း ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်စွဲပါစာအမှတ်၊  ၂၀၀/ ၂-၅/ဦး၁ ဖြင့် မြေ ၃၀၀.၆၀ ဧကအား လည်းကောင်း၊ ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်စွဲပါစာအမှတ်၊ ၃၀၀/၂-၄/ ဦး၁ ဖြင့် မြေ ၁၄၇.၈၅ ဧက အားလည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်စွဲပါစာအမှတ်၊ ၃၀၀/၁-၈/ ဦး ၁ ဖြင့် မြေ ၁၄၆.၁၂ ဧကအားလည်းကောင်း စုစုပေါင်း ၅၉၄.၅၇ ဧက အား မြေပေးမိန့်များ အသီးသီး ရရှိပြီးဖြစ်ပါတယ်။

၃။    အဆိုပါ မြေဧရိယာအတွင်းမှ လယ်မြေ ၁၃၂.၇၀ ဧကအား လုပ်ထုံးလုပ်နည်း နှင့်အညီ နိုင်ငံတော်သို့ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်သဖြင့် လက်ရှိတပ်ပိုင်မြေ ၄၆၁.၈၇ ဧကသာ ကျန်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေများအနက် မြေ ၃၀.၁၂ ဧကအား တပ်ရင်းမှ ကိုယ်တိုင် စပါးစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ကျန်မြေများမှာ ကုန်းမြင့်များဖြစ်ကာ လုံခြုံရေးအရ စစ်ဗျူဟာအရေးကြီး မြေနေရာများဖြစ်ပါတယ်။ ကျောက်ထုတ်လုပ်နေမှုများမှာ တပ်ဧရိယာပြင်ပရှိ မြေနေရာများတွင် ဒေသခံပုဂ္ဂလိက လုပ်ငန်းရှင်များမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းသိရှိရပြီး တပ်ပိုင်မြေများအတွင်း ကျောက်ထုတ်လုပ် ရောင်းချမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

၄။    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ အုတ္တောင်ပြင်ကျေးရွာအနီး ပြိန်းချောင်း ဦးပိုင်အမှတ်(၆၅၉)ရှိ စားကျက်မြေ ၃၀ ဧက၊ ဥယျာဉ်ခြံမြေ ၉၀ ဧက၊ လယ်ယာမြေ ၁၃၂.၇၀ ဧက၊ စုစုပေါင်း ၂၅၂.၇၀ ဧကအား ဒေသခံတောင်သူများ၏ အခက်အခဲများကို စာနာသောအားဖြင့် တစ်စုံတစ်ရာ စဉ်းစားဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနထံသို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်စွဲပါစာဖြင့် တင်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၅။    အထက်ပါ တင်ပြစာနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါမြေများအား ပြန်လည်စွန့်လွှတ်အပ်နှံခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၈၇/၂၀၁၅ ဖြင့် မြေ ၁၃၂.၇၀ ဧက အား လည်းကောင်း၊ ၂၀၁၆ခုနှစ်၊  မေလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၃၅၉/၂၀၁၆ ဖြင့်   မြေ ၃၀ ဧကအားလည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၁၅၄၆/၂၀၁၆နှင့် ၁၅၄၇/၂၀၁၆ တို့ဖြင့် မြေ ၉၀ ဧကအား လည်းကောင်း နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းထံသို့ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ရက်စွဲပါစာအမှတ်၊ ၂ / ၅၀ ဗ-ခ (အုပ်ချုပ်ရေး) / ကကန ဖြင့် ပြန်ကြားခဲ့ပါတယ်။

၆။    လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြစာတွင် ကျောက်တော်မြို့နယ်၊ အုတ္တောင်ပြင် ကျေးရွာအနီး ပြိန်းချောင်း ဦးပိုင်အမှတ်(၆၅၉)ဟု ဖော်ပြထားသော်လည်း ကွင်းအမှတ် (၆၅၉)တွင် တပ်ပိုင်မြေအဖြစ် ရယူထားခြင်းမရှိဘဲ တပ်ပိုင်မြေ ၅၉၄.၅၇ ဧကသည် ကွင်းအမှတ်(၆၉၅)၌သာ ရှိသဖြင့် ကွင်းအမှတ် မှားယွင်း ဖော်ပြထားကြောင်းနှင့် စားကျက်မြေ ၃၀ ဧက၊ ဥယျာဉ်ခြံမြေ ၉၀ ဧကဟုဖော်ပြထားသော်လည်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြေရာဇဝင်စိစစ်ချက်အရ မူလမြေအမျိုးအစားမှာ စားကျက်မြေများသာဖြစ်သဖြင့် မြေအမျိုးအစား မှားယွင်း ဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါတယ်။

၇။    အထက်ပါ တင်ပြစာနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ်ပြီး ဖြစ်ကြောင်း ပြန်ကြားခဲ့ခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြစာတွင် လယ်မြေ ၁၃၂.၇၀ ဧက၊ စားကျက်မြေ ၃၀ ဧက၊ ဥယျာဉ်ခြံမြေ ၉၀ ဧက၊ စုစုပေါင်း ၂၅၂.၇၀ ဧကဟု ဖော်ပြထားပြီး အမှတ်(၅၃၉)မြေမြန်တပ်ရင်းမှ ပြန်လည်စွန့်လွှတ်ခဲ့ပြီး ဖြစ်သော မြေများမှာလည်း တပ်တွင်းမြေ ၁၃၂.၇၀ ဧကနှင့် တပ်ပြင်ပမြေ ၁၂၀ ဧက၊ စုစုပေါင်း ၂၅၂.၇၀ ဧကဖြစ်သဖြင့် မြေဧရိယာ တူညီနေသောကြောင့်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြစာတွင် ကွင်းအမှတ်နှင့် မြေအမျိုးအစားများ မှားယွင်း ဖော်ပြထားခြင်းနှင့် မြေ၏တည်နေရာအား ဖော်ပြထားသည့် ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ကွင်းအမည်များအား တိကျစွာဖော်ပြထားမှုမရှိခြင်း တို့ကြောင့်လည်းကောင်း ပြန်လည် စွန့်လွှတ်ပြီး ဖြစ်သည်ဟု ပြန်ကြားခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

၈။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေများအနက် ၁၃၂.၇၀ ဧကအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်စွန့်လွှတ်ပေးခဲ့ပြီးဖြစ်ခြင်း၊ ကျန်မြေနေရာသည် တပ်ရင်းအတွက် အမှန်တကယ်လိုအပ်သည့် မြေဧရိယာကိုသာ တိုင်းတာတွက်ချက် ရယူထားခြင်း၊ တပ်မှစတင်သိမ်းဆည်းစဉ် အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသော စားကျက်မြေများ ဖြစ်ပြီး အခမဲ့လွှဲပြောင်းပေးခဲ့ခြင်းတို့ကြောင့် ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်းနှင့် ကျောက်ထုတ်လုပ်နေမှုများမှာ တပ်ဧရိယာပြင်ပရှိ မြေနေရာများတွင် ဒေသခံပုဂ္ဂလိက လုပ်ငန်းရှင်းများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းသိရှိရပြီး တပ်ပိုင်မြေများအတွင်း ကျောက်ထုတ်လုပ် ရောင်းချမှုများ မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

၉။    အားလုံးကို ကျေးဇူးတင်ပါတယ်။