ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ၊ ကျောက်တော်မဲဆန္ဒနယ် ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း၏ “တပ်ပိုင်မြေဧရိယာမဟုတ်သည့် မြေတချို့အား တပ်မတော်မှ လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြုနေမှုအား ပြန်လည်စိစစ်ပြီး ပြည်သူလက်ထဲ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ”  ကြယ်ပွင့်ပြ မေးခွန်း နှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေဧရိယာ ၄၇.၉၅ ဧကမှာ အမှတ်(၃၇၇)အမြောက်တပ်ရင်းအဖြစ် စတင်သိမ်းဆည်းရန်လျာထားသည့် မြေ ၃၄၈.၇၉ ဧကအတွင်းပါဝင်ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်စွဲပါ စာအမှတ်၊ ၃၀၀ / ၂-၅ / ဦး ၁ ဖြင့် အမှန်တကယ် အသုံးပြုရန် သိမ်းဆည်းရေးဆောင်ရွက်ရာ၌ ၎င်းမြေဧရိယာ ၄၇.၉၅ဧကအား ချန်လှပ်၍ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေလွတ်မြေရိုင်းဧရိယာ ၃၀၀.၈၄ ဧကကိုသာ သိမ်းဆည်းရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

၃။    အဆိုပါ မြေ ၄၇.၉၅ ဧကမှာ တပ်ပိုင်မြေ နှင့် နယ်နိမိတ်ထိစပ်လျက် ရှိသော်လည်း တပ်ပိုင်မြေအတွင်း ပါဝင်ခြင်းမရှိကြောင်းကို ဒေသခံတောင်သူများအား ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကွင်းဆင်းစစ်ဆေးစဉ် ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။လက်ရှိတွင်လည်း ဒေသခံတောင်သူများကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသော မြေနေရာများဖြစ်ပြီး တပ်ရင်းမှ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

၄။    အားလုံးကို ကျေးဇူးတင်ပါတယ်။