ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၏ “မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မင်းဘူး-စလင်း လမ်းမကြီးနှင့် အမှတ်(၄)အထည်စက်ရုံ ၊ ဝါစိုက်ပျိုးရေးတပ်သို့ ဖောက်လုပ် ထားသော ကတ္တရာလမ်းအား မည်သည့်ဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်း ပြင်ဆင် ဆောင်ရွက်မည်နည်း၊ ပြင်ဆင်မည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်မည်ကို သိရှိလိုခြင်းကိစ္စ” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ မင်းဘူး-စလင်း လမ်းမကြီးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းဦးစီးဌာနမှ ယခင် ဖောက်လုပ်ခဲ့သည့် အလျား ၃၈ မိုင်ရှိ ကတ္တရာလမ်းအမျိုးအစား ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစ၍ မကွေးမြို့ရှိ ကောင်းမွန် ကုမ္ပဏီသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော လမ်းပိုင်းဖြစ်ပါတယ်။

၃။    မင်းဘူး-စလင်းလမ်းမကြီးမှ စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၄) အထည်စက်ရုံနှင့် တပ်မတော်ဝါစိုက်ပျိုးရေးတပ်သို့ ဖောက်လုပ်ထားသည့် တပ်အဝင်လမ်း အလျား ၃၁၆၈၀ ပေ၊ အကျယ် ၁၈ ပေအား ကတ္တရာလမ်း အဖြစ် ၂၀၁၃-၂၀၁၄ ခု ၊ ဘဏ္ဍာရေးနှစ်တွင် တပ်မတော်မှ တာဝန်ယူ ဖောက်လုပ်ခဲ့ပါတယ်။

၄။    တပ်မတော်ဝါစိုက်ပျိုးရေးတပ်အဝင်လမ်းပိုင်းတွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်၌ လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်၊ မုန်းချောင်းတံတား ဆောက်လုပ်ခဲ့စဉ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဝန်တင်ယာဉ်ကြီးများ ဖြတ်သန်းမှုနှင့် ဒေသဖွံ့ဖြိုးရေး လမ်းများ ဖောက်လုပ်စဉ် လုပ်ငန်းသုံးယာဉ်များ ဖြတ်သန်းသွားလာမှု တို့ကြောင့် အဆိုပါ တပ်အဝင်လမ်းတစ်လျှောက် နေရာများမှာ လမ်း၏ ခံနိုင်ဝန်အားအရ ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အလျား ၁၅၀၀ ပေ၊ အကျယ် ၁၈ ပေအား ကတ္တရာထပ်ပိုးလွှာ ခင်းရန်နှင့် အလျား ၂၄၅၀ ပေ၊ အကျယ် ၁၈ ပေအား အပေါက်ဖာထေးပြုပြင်ရန် လိုအပ်လျက်ရှိပါတယ်။

၅။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ မင်းဘူး-စလင်း လမ်းမကြီးမှာ တပ်မတော်မှ တာဝန်ယူထိန်းသိမ်းသော လမ်းမဟုတ်ကြောင်း နှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၄)အထည်စက်ရုံနှင့် တပ်မတော်ဝါ စိုက်ပျိုးရေး တပ်သို့ ဖောက်လုပ်ထားသော ကတ္တရာလမ်းအရှည် ၃၁၆၈၀ ပေ၊ အကျယ် ၁၈ ပေမှာ တပ်မတော်မှ တာဝန်ယူဖောက်လုပ် ထိန်းသိမ်းထားသော လမ်းဖြစ်ပြီး ပျက်စီးလျက်ရှိသည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း အလျား ၁၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ အပေါက်ဖာထေး ပြုပြင်ခြင်း အလျား ၂၄၅၀ ပေ၊ အကျယ် ၁၈ ပေ၊ စုစုပေါင်း အလျား ၃၉၅၀ ပေ၊ အကျယ် ၁၈ ပေအား ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြုပြင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။

၆။    အားလုံးကို ကျေးဇူးတင်ပါတယ်။