ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။  မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ တန့်ယန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့် မေးမြန်းသည့် “တန့်ယန်း မြို့နယ်၊ မန်ကတ်ကျေးရွာ အုပ်စုအတွင်းရှိ မခီနူရွာ၊ မက်ခံရွာ၊ လွယ်လုံရွာ၊ ဟိုဆော့ရွာ၊ နားဆောင်ကျေးရွာများရှိ တောင်သူများ ဘိုးဘွားလက်ထက်မှ စ၍ ဓားမဦးချ စိုက်ပျိုးလုပ်ကိုင်လာသော တောင်ယာစိုက်ခင်းများ သိမ်းဆည်းခံရမှုအား သက်ဆိုင်ရာမှ မည်သို့ ဖြေရှင်းဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    အမှတ်(၈)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ မန်ကတ်ကျေးရွာ၏ အနောက်မြောက်ဘက်၊ ကွင်းအမှတ်(ကွင်းပြင်ပ)ရှိ မြေလွတ် မြေလပ်များကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၀- ၆ - ၂၀၀၉ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၅/ဦး ၁ ဖြင့် မြေသိမ်းဆည်းရေး အမိန့် ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ တပ်မြေအဖြစ် သိမ်းဆည်းစဉ် မြေလွတ်မြေလပ်များသာ ဖြစ်ပြီး ဦးပိုင်အမည်ပေါက် တောင်ယာများ၊ နှစ်ရှည်သီးနှံပင်/ နှစ်တို သီးနှံပင်များ  စိုက်ပျိုးထားခြင်း၊   ယာယီတဲ /  အိမ် /  ပျဉ်ထောင်အိမ်များ  မပါရှိကြောင်းနှင့်အများပြည်သူ အသုံးပြုလျက်ရှိသည့် သုဿန်မြေ မပါရှိကြောင်း စိစစ် တွေ့ရှိရပါတယ်။

၃။    မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တန့်ယန်းမြို့၏ ကွင်းဆင်းစိစစ်ရေးအဖွဲ့မှ ၉-၁၁-၂၀၁၉ ရက်စွဲပါ မြေပြင်ကွင်းဆင်းစိစစ် တင်ပြချက်အရ ယခင်စိုက်ထူထားသည့် နယ်နိမိတ်မှတ်တိုင်များအား ရွှေ့ပြောင်း၍ မူလအမိန့်ကြော်ငြာစာပါ ညွှန်းရပ်များအတိုင်း ပြန်လည်စိုက်ထူထားသည့်အတွက် စိစစ်တွေ့ရှိချက် မြေဧရိယာသည် ပိုသုံးမြေမရှိဘဲ အမိန့်ကြော်ငြာစာပါ ဧက အတိုင်းသာရှိကြောင်း၊ ကျေးရွာ ၅ ရွာမှ တိုင်ကြားသူ တောင်သူ ၃၉ ဦး၏ တိုင်ကြားသည့် ယာမြေနှင့် လက်ဖက်ခြံမြေ ၆၆၂.၅ ဧကအနက် တပ်ပိုင်မြေ အတွင်း ၃၁၀ ဧကသာ ပါဝင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

၄။    တိုင်ကြားသူ ဦးစိုင်းဆန်ဘနှင့် ဦးစိုင်းအုန်း တို့ ၂ ဦး၏ ထွက်ဆို ချက်များအရ ယခင်က တပ်ပိုင်မြေတွင် လူမှုရေးအရ ခွင့်ပြုချက်ဖြင့် တစ်ရွာလုံး အခမဲ့ တောင်ယာများ စိုက်ပျိုးခဲ့ကြကြောင်း၊ ယခင် ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး လှမောင်တင် မှ ရွာသူရွာသားများအား အခက်အခဲ တွေ့နိုင်သည့် အတွက် လူမှုရေးအရ တပ်ပိုင်မြေအတွင်း အခမဲ့စိုက်ပျိုးခွင့်ပေးထား၍ တစ်ရွာလုံး စိုက်ပျိုးခဲ့ကြကြောင်း၊ တပ်ပိုင်မြေတွင် ၂၀၁၈ ခုနှစ်အထိ အခမဲ့ စိုက်ပျိုးခွင့် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်၍ စိုက်ပျိုးခွင့် မရတော့ကြောင်း၊ ကျောင်းမှ တာဝန်ရှိသူများ ခွင့်ပြုပါက မိသားစု စီးပွားရေးအခက်အခဲအရ တပ်ပိုင်မြေတွင် ယခင်စိုက်ပျိုးရန် သတ်မှတ်ပေးထားသော နေရာများတွင် ပြန်လည် စိုက်ပျိုးလုပ်ကိုင် လိုပါကြောင်း၊ မြေနေရာအသစ်များတွင် တိုးချဲ့ စိုက်ပျိုးခြင်းများ မပြုလုပ်ဘဲ ကျောင်းမှ သတ်မှတ်ပေးထားသော ဧရိယာတွင်ပြန်လည် စိုက်ပျိုးလုပ်ကိုင်လိုပါကြောင်း ထွက်ဆို ခဲ့သည်ကို စိစစ် တွေ့ရှိ ရပါတယ်။

၅။  တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသည့် မြေများတွင် အရပ်သား များအား သီးစားချထားခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းများ မရှိကြောင်းနှင့် တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းဖြစ်သည့်အတွက် တပ်ပိုင်မြေ အတွင်း လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ လက်တွေ့ဆောင်ရွက်လျက် ရှိသည့်အတွက် အမှန်တကယ်လိုအပ်သော နေရာများဖြစ်ကြောင်း စိစစ် တွေ့ရှိရပါတယ်။

၆။    သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ တန့်ယန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့် ၏ ကြယ်ပွင့်ပြ မေးခွန်းနှင့်စပ်လျဉ်း၍ အမှတ်(၈)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၏ တပ်ပိုင်မြေသည် သိမ်းဆည်းစဉ် မြေလွတ်မြေလပ်များသာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ တပ်မြေသိမ်းဆည်းရေးအမိန့်များ ရရှိပြီးဖြစ်ခြင်း၊ လေ့ကျင့်ရေး သင်တန်းကျောင်း ဖြစ်သည့်အတွက် လေ့ကျင့်ရေးဆိုင်ရာများ ဆောင်ရွက်ရန် အမှန်တကယ် လိုအပ်သောမြေများဖြစ်ခြင်း၊ တိုင်ကြားသူများအနေဖြင့် ယခင်အခမဲ့ စိုက်ပျိုး လုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ ယခုလက်ရှိအချိန်တွင် တပ်ပိုင်မြေအတွင်း ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်ခွင့် မရရှိတော့သဖြင့် ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ ရယူလိုမှုဖြင့် တင်ပြတိုင်ကြားခြင်းသာ ဖြစ်ခြင်းတို့ကြောင့် တပ်ပိုင်မြေ အတွင်း ပါဝင်နေသည့် မြေများအား ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

၇။    အားလုံးကို ကျေးဇူးတင်ပါတယ်။