ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၏ “သံဖြူဇရပ်မြို့ရှိ ရွှေဖြူရတနာအမည်ရ တပ်ပိုင်ဂေါက်ကွင်းကို နိုင်ငံပိုင် အများပြည်သူ ဂေါက်သီး အားကစားကွင်းအဖြစ် စွန့်လွှတ်ပေးပါရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြ သွားမှာ ဖြစ်ပါတယ်။

၂။    လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ ဂေါက်ကွင်းနေရာသည် အမှတ်(၃၁) ခြေလျင်တပ်ရင်း(တပ်ဟောင်း) မြေဧရိယာအတွင်းပါဝင်ပြီး ၁၉၈၁ ခုနှစ်၌ သံဖြူဇရပ်မြို့နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝမ်းထိန်၊ အမှတ်(၃၁)ခြေလျင် တပ်ရင်း၊ တပ်ရင်းမှူးနှင့် ဒုတိယတပ်ရင်းမှူးတို့မှ ဦးစီး၍ ကျင်း ၉ ကျင်းပါ ဂေါက်ကွင်းအား ဖောက်လုပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၃။    အဆိုပါ ဂေါက်ကွင်းအား ၂၀၀၅ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘိုမှ ရွှေဖြူရတနာ ဂေါက်ကွင်းအဖြစ် အမည်ပေးခဲ့ပြီး ရန်ပုံငွေပိုင်ဆိုင်မှုအနေဖြင့် ငွေကျပ် ၆,၉၆၄,၆၀၀ ရှိကြောင်း၊ တစ်လဝင်ငွေကျပ် ၃၅၅,၀၀၀ ရရှိပြီး ထွက်ငွေအနေဖြင့် လစဉ် အလုပ်သမား ၅ ဦးအတွက် လစာငွေကျပ် ၂၈၀,၀၀၀ ပေးခြင်း၊ ကျန်ငွေများအား အခြား လိုအပ်သည့် ဂေါက်ကွင်း ပြုပြင်ခြင်းလုပ်ငန်းအတွက် အသုံးပြုလျက်ရှိကြောင်းနှင့် လက်ရှိ ဂေါက်ကွင်းဥက္ကဋ္ဌတာဝန်အား ဦးလှရွှေ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံကိန်း ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

၄။    အမှတ်(၃၁)ခြေလျင်တပ်ရင်း(တပ်ဟောင်း)၏ တပ်ပိုင်မြေဧရိယာ ၂၁၆.၄၄ ဧက အနက်မှ မြေဧရိယာ ၀.၆၉၁၁ ဧကအား သာသနာ့ဝတ္တကမြေအဖြစ် ပြန်လည်စွန့်လွှတ် ပေးခဲ့သဖြင့် လက်ရှိတပ်ပိုင်မြေဧရိယာ ၂၁၅.၇၄၈၉ ဧကသာ ကျန်ရှိကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်၏မေးခွန်းတွင် ဂေါက်ကွင်းမြေဧရိယာ ၉၅.၂၅ ဧက ဟု ဖော်ပြထားရှိ သော်လည်း မြေပြင်ကွင်းဆင်း စိစစ်ချက်အရ လက်ရှိရွှေဖြူရတနာဂေါက်ကွင်းအဖြစ် အသုံးပြုနေသည့် မြေဧရိယာမှာ ၇၉.၉၄ ဧကသာရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။
၅။    မြေပြင်ကွင်းဆင်း စိစစ်ချက်များအရ ဂေါက်ကွင်းရန်ပုံငွေ တိုးတက်ရရှိရေးအတွက် စီးပွားရေးလုပ်ငန်းများဖြစ်သော ဂေါက်ကွင်းလေ့ကျင့်ရေးကွင်းလုပ်ငန်း၊ ဂေါက်ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် ဂေါက်ရိုက်သူများ တည်းခိုရေး လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လိုသဖြင့် တင်ပြတောင်းခံခြင်းဖြစ်ကြောင်း စိစစ် တွေ့ရှိရပါတယ်။    

၆။    သို့ဖြစ်ပါ၍ အမှတ်(၃၁)ခြေလျင်တပ်ရင်း(တပ်ဟောင်း)၏ တပ်ပိုင်မြေဧရိယာ ၂၁၆.၄၄ ဧကအနက်မှ သာသနာ့ဝတ္တကမြေ ၀.၆၉၁၁ ဧကအား ပြန်လည်စွန့်လွှတ်ထားပြီး ဖြစ်ခြင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင်လည်း ဂေါက်ကွင်း အဖြစ် တည်ရှိခြင်းမရှိဘဲ တပ်ပိုင်မြေအဖြစ်သာတည်ရှိခြင်း၊ တပ်ပိုင်အဆောက်အဦများနှင့် နီးကပ်လျက်ရှိခြင်း၊ ဂေါက်ကွင်းအတွင်း စားသောက်ဆိုင်လုပ်ငန်းများနှင့် ဂေါက်ရိုက်သူများ တည်းခိုရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လာပါက တပ်ပိုင်မြေနှင့် တစ်ဝန်းတည်း တွင် တည်ရှိသောကြောင့် လုံခြုံရေးအရ မလိုလားအပ်သော ပြဿနာများဖြစ်ပွားလာ နိုင်ခြင်းနှင့် လုံခြုံရေးအရ အရေးကြီးသည့် မြေနေရာဖြစ်ခြင်းတို့ကြောင့် စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

၇။    အားလုံးကို ကျေးဇူးတင်ပါတယ်။