ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ အကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ အကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ နမ္မတူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး ၏ “မိုင်းနှင့်ပေါက်ကွဲအား ပြင်းသော လက်နက်ခဲယမ်း”များကို လက်နက်ကိုင်များ တွင်ကျယ်စွာ အသုံးပြုနေမှု တို့ကြောင့် အပြစ်မဲ့ ပြည်သူများနှင့် သက်ရှိသက်မဲ့များ ပျက်စီးဆုံးရှုံးနေခြင်းနှင့် ပြည်သူလူထုတို့၏ ဘဝလုံခြုံမှု မရှိဘဲ ဖြစ်နေခြင်းတို့ကို သက်ဆိုင်ရာမှ မည်သို့ ကူညီပေးနေသည်၊ မိုင်းပေါက်ကွဲမှုများသော ဒေသများတွင် မိုင်းအန္တရာယ် ကာကွယ်နိုင်ရန် ပြည်သူများကို မည်သို့ စီစဉ် ဆောင်ရွက် ပေးနေသည်နှင့် မိုင်းနှင့် ပေါက်ကွဲအား ပြင်းသော လက်နက်များ အသုံးပြုမှု လျော့နည်း သွားစေရန် မည်သို့ စီမံဆောင်ရွက်ထားသည်တို့ကို သိရှိလိုခြင်း”ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် ထိခိုက်ခံရပြီး အသက်မသေ ကျန်ရစ်သူများအား ကယ်ဆယ်ခြင်း ရှေးဦးသူနာပြုစုခြင်း၊ ခွဲစိတ်ကုသပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတို့အား ကုသပေးခြင်း၊ ခြေတုလက်တု ပြုလုပ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC, DCA ကဲ့သို့ INGO, NGO များ ပူးပေါင်း၍ Victim Assistance အနေဖြင့် ဒေသအလိုက် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မိုင်းအသုံးပြုမှု တားမြစ်ခြင်းနှင့် ဖျက်ဆီးခြင်း ဆိုင်ရာ အပြည်ပြည်ဆိုင်ရာအစည်းအဝေးများသို့လည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်လျက် ရှိပြီး မိုင်းအသုံးပြုမှု  တားဆီးပိတ်ပင်ရေးနှင့်  ပတ်သက်သော နည်းပညာများ၊ နိုင်ငံတကာ၏ အတွေ့အကြုံများကို ရယူလျက်ရှိပါတယ်။

၃။    မိုင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသော ဂျီနီဗာမြို့ အခြေစိုက် အဖွဲ့အစည်း တစ်ခု ဖြစ်သည့် Foundation Suisse de Deminage (FSD) ၏ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံတွင် မိုင်းရှင်းလင်းရေး အသိပညာပေးရေးနှင့် မိုင်းအန္တရာယ် အသိပညာပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါတယ်။ ထို့အပြင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း၍ မိုင်းအသိပညာပေး ဆောင်ရွက်မှုဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ UNICEF နှင့် ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ(၂၇)ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့မှ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါတယ်။  မြန်မာ့တပ်မတော်အနေဖြင့်လည်း မိုင်းများကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်၍ စစ်ဆင်ရေးများတွင် အကန့်အသတ်ဖြင့်သာ အသုံးပြုလျက်ရှိပါကြောင်း၊ စစ်ဆင်ရေး ဒေသရှေ့တန်းစခန်းများတွင် လုံခြုံရေးအတွက်သာ မိုင်းများအား စနစ်တကျ မှတ်ပုံတင်၍ အသုံးပြုပြီး စခန်းမှ စွန့်ခွာသောအခါ အဆိုပါမိုင်းများအား စနစ်တကျ ပြန်လည် ဖော်ယူ ရပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခဒေသများတွင် နိုင်ငံတော်စက်ရုံများ၊ တံတားများနှင့် ဓာတ်အားလိုင်း တာဝါတိုင်များအား နှောင့်ယှက်ဖျက်ဆီးမှုမှ ကာကွယ်ရန် အတွက် တပ်အင်အားဖြင့် လုံခြုံရေးမဆောင်ရွက်နိုင်သော နေရာများတွင်သာ အကာအကွယ် မိုင်းများအား စနစ်တကျခင်း၍ ခြံစည်းရိုးခတ်ကာ မိုင်းသတိပေး ဆိုင်းဘုတ်များ တပ်ဆင်၍ ဆောင်ရွက်လျက်ရှိပါတယ်။

၄။      မြန်မာနိုင်ငံသည် ဂျီနီဗာသဘောတူညီချက်ကို လက်မှတ်ရေးထိုးသော နိုင်ငံ ဖြစ်သည်နှင့်အညီ ၎င်းသဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည့် အချက်များကို လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။ Fourth Geneva Convention တွင် စစ်ဆင်ရေးနယ်မြေ များ၌ အရပ်သားများကို ကာကွယ်စောင့်ရှောက်ပေးရမည်ဆိုသော အချက် ပါဝင်ပါတယ်။ ဆေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တိုက်ပွဲများကြောင့် ထိခိုက် ဒဏ်ရာ ရရှိလာသော လူနာများကို ပြုစုစောင့်ရှောက် ကုသမှုများပေးလျက်ရှိပါတယ်။

၅။    စစ်ဆင်ရေးနယ်မြေအတွင်း မိုင်းထိသော အရပ်သားများကို ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက မိမိတို့ စစ်သည်များနှင့်မခြား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက် ရှိပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအတိုင်း အဆင့် (၅)ဆင့် ဆောင်ရွက်ပါတယ်။
       (က)   တပ်ရင်းဆေးမှူးများက ဆောင်ရွက်ပေးခြင်း။     ရှေ့တန်း စစ်မြေပြင်တွင် မိုင်းထိသော အရပ်သားများကို တပ်ရင်းဆေးမှူးများက ကြည့်ရှုကာ ၎င်းတို့၏ ဒဏ်ရာ အခြေအနေအပေါ်မူတည်၍ အနာကို ဆေးကြောသန့်စင်ပေးခြင်း၊အသက်ကယ် ကုသ ပေးမှုများဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက ခွဲစိတ်ဖြတ်တောက်ပေးခြင်းများ ဆောင်ရွက် ပေးကာ ဆေးရုံပြောင်းရွှေ့ရန်လိုအပ်ပါက ပြည့်စုံ လုံလောက်သော ကုသမှုမှတ်တမ်း များနှင့်အတူ ဗျူဟာဆေးတပ်ဖွဲ့၊ သို့မဟုတ် တပ်မဆေးတပ်ဖွဲ့ရှိရာ နေရာသို့ တပ်မတော်၏ အစီအစဉ်ဖြင့် အချိန်မီ လွှဲပြောင်း ကုသစေပါတယ်။

       ( ခ )    ဗျူဟာဆေးတပ်ဖွဲ့များက ဆောင်ရွက်ပေးခြင်း။    မိမိတို့ ထံသို့ ရောက်ရှိ လာသော မိုင်းထိ အရပ်သားလူနာများကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးပြီး လိုအပ်ပါက ခွဲစိတ်ဖြတ်တောက် ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ဆေးရုံ ပြောင်းပေးရန် လိုအပ်သူများကို တပ်မတော်၏ အစီအစဉ်ဖြင့် ရှေ့တန်းတပ်မဆေးတပ်ဖွဲ့ ရှိရာ သို့မဟုတ် တပ်မတော်ဆေးရုံများရှိရာသို့ ပို့ဆောင်ကုသပေးပါတယ်။

      ( ဂ )   တပ်မဆေးတပ်ဖွဲ့များက ဆောင်ရွက်ပေးခြင်း။    မိမိတို့ ထံသို့ ရောက်ရှိ လာသော မိုင်းထိ အရပ်သားလူနာများကို လိုအပ်သော ခွဲစိတ်ကုသပေးမှုများ ဆောင်ရွက် ပြီးနောက် ဆေးရုံပြောင်းရွှေ့ ကုသပေးရန် လိုအပ်သော လူနာများကို တပ်မတော်ဆေးရုံ များတွင် အခမဲ့ ကုသပေးနိုင်ရန်အတွက် တပ်မတော်အစီအစဉ်ဖြင့် လွှဲပြောင်းကုသ ပေးပါတယ်။

     (ဃ)   တပ်မတော်ဆေးရုံများတွင် ဆောင်ရွက်ပေးခြင်း။ တပ်မတော် ဆေးရုံ များတွင် လိုအပ်သော ဆေးဝါးကုသမှုများကို အခမဲ့ကုသပေးပြီး ခြေတု၊လက်တု တပ်ဆင်ရန် လိုအပ်သော သူများကို ခြေတု၊ လက်တုတပ်ဆင်ခြင်းအတွက် လိုအပ်သော ပြင်ဆင်ဆောင်ရွက်မှုများကို ဆောင်ရွက်ရန် တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည် သန်စွမ်းရေးဆေးရုံ(ခုတင်-၃၀၀)သို့ စေလွှတ်ကုသစေပါတယ်။

     ( င )    ခြေတု၊လက်တုများ တပ်ဆင်ဆောင်ရွက်ပေးခြင်း။    တပ်မတော် ကိုယ်လက် အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ (ခုတင်-၃၀၀)တွင် လိုအပ်သော တိုင်းထွာမှုများ ပြုလုပ်ပြီး ခြေတု၊လက်တုများကိုတပ်ဆင်ပေးကာ နာလန်ထသည်အထိ ကုသပေးပြီး ၎င်းတို့၏ မူလဒေသသို့ ပြန်လည်စေလွှတ်ပေးပါတယ်။

၆။    တပ်မတော်အနေဖြင့် လက်နက်ကိုင်သောင်းကျန်းသူများရှိသော ဒေသများရှိ ဒေသခံ ပြည်သူလူထုမှ လာရောက်သတင်းပို့ပါက စစ်မြေပြင်အင်ဂျင်နီယာ စစ်သည် များဖြင့် မိုင်းနှင့် မသင်္ကာဖွယ်ရာ/ပေါက်ကွဲစေတတ်သော ပစ္စည်းများကို အချိန်မရွေး သွားရောက်ရှင်းလင်းပေးခြင်း၊ ၎င်းဒေသများတွင် မိုင်းအန္တရာယ်ကို ကာကွယ်နိုင်ရန် အတွက် တပ်မတော်အနေဖြင့် မိုင်းအသိပညာပေးခြင်းနှင့် မိုင်းအန္တရာယ် ကင်းရှင်းစေရေး အတွက် ဗဟုသုတများ ပြည်သူလူထုမှ သိရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၇။    နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက်ရှိရာ တပ်မတော်မှလည်း ပါဝင်ဆွေးနွေးဆောင်ရွက်လျက် ရှိပါတယ်။ တပ်မတော် အနေဖြင့် ပြည်တွင်းတွင် ကျင်းပလျက်ရှိသော မိုင်းအန္တရာယ် အသိပညာပေး အထောက်အကူပြု အဖွဲ့၏ ဆွေးနွေးပွဲများနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးဗဟိုဌာန (MPC)၏ လက်အောက်ရှိ မြန်မာနိုင်ငံ၏ မိုင်းလုပ်ငန်းဗဟိုဌာန (MMAC)၏ မိုင်းရှင်းလင်းရေး ကိစ္စရပ်များ အကောင်အထည် ဖော်ရေးကိုလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်တွင်းတွင် ကျင်းပသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး အလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများသို့လည်း တက်ရောက်လျက် ရှိပါတယ်။ ယခုအခါ ကရင်ပြည်နယ် အတွင်း သုမွဲထမြစ်ဆုံနှင့် ဖာပွန်-ခေါပုတ်-နတ်တောင် -ဒါးကွင်း ဒေသ၌ လူသားချင်းစာနာမှု မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဒေသခံ ပြည်သူလူထုနှင့်အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်း တင်ပြ အပ်ပါတယ်။

၈။   အားလုံးကို ကျေးဇူးတင်ပါတယ်။