ဒုတိယအကြိမ် အမျိူးသားလွှတ်တော် စတုတ္တအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် အမျိူးသားလွှတ်တော် စတုတ္တအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်   ကိုယ်စားလှယ်  ဦးစိုင်းထွန်းအောင် ၏“ရှမ်းပြည်နယ် တောင်ပိုင်း၊  လွိုင်လင်ခရိုင်၊ လဲချား မြို့နယ်အတွင်းရှိ  အမှတ်(၅၁၅)ခြေမြန်တပ်ရင်း တပ်ပိုင်နယ်မြေအဖြစ် သိမ်းဆည်းရာတွင် ပါဝင်သွားသော လဲချားမြို့နယ်နှင့် ကျေးရွာအုပ်စု (၅)အုပ်စုချင်းဆက် ကျောက်ချောလမ်းနှင့် လမ်းနယ်မြများအား ကျေးလက်နေပြည်သူများသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။   အမှတ်(၅၁၅)ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေ ၈၃၃.၇၅ ဧကသည် မြေလွတ်၊ မြေလပ် အမျိုးအစားဖြစ်ပြီး တပ်ပိုင်မြေအဖြစ် အသုံးပြုရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၄ ခုနှစ်၊ ဇွန်လ ၉ ရက်စွဲပါ စာအမှတ်၊ ၁၂/၁၃/အခ(၄)ဖြင့် မြေပေးမိန့်များ ရရှိခဲ့ပြီး ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင်ပါရှိသော လမ်းနယ်မြေသည် အမှတ် (၅၁၅)ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေ ၈၃၃.၇၅ ဧကအတွင်း ပါဝင်ပြီး လဲချားမှ ဟိုနား/ဝမ်ဖိုင် ကျေးရွာအုပ်စုသို့ သွားသော မြေသားလမ်းသည် အကျယ် ၁၀ ပေ၊ အရှည် ၆၅၀၈ ပေ၊ မြေဧရိယာ ၁.၅ ဧကအပါ လမ်းမြေဧရိယာ ၁၄၀ ဧကနှင့် လဲချားမှ ဝမ်ယိမ်းကျေးရွာ အုပ်စုသို့ သွားသော ကျောက်ချောလမ်းသည် အကျယ် ၁၄ ပေ၊ အရှည် ၄၉၈၀ ပေ၊ မြေဧရိယာ ၁.၆ ဧကအပါ လမ်းမြေဧရိယာ ၄၄ ဧက၊ စုစုပေါင်း ၁၈၄ ဧက ပါဝင်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၃။   အဆိုပါ လမ်းနယ်မြေများအား ကျေးလက်နေဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ပုံမှန် ဆက်သွယ် သွားလာလျက်ရှိပြီး ယခင်အစဉ်အဆက်မှ ယနေ့အချိန်အထိ ဖြတ်သန်း သွားလာခွင့် ပြုပေးထားကြောင်း စိစစ်တွေ့ရှိရပါတယ်။သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင်ပါရှိသော လမ်းနယ်မြေ များသည် ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်များ ရရှိပြီးဖြစ်ခြင်း၊ ကျေးလက်နေ ပြည်သူများအား ယခင်အစဉ်အဆက်မှ ယနေ့အချိန်အထိ ဖြတ်သန်းသွားလာ ခွင့်ပြုထားခြင်းနှင့် တပ်ရင်းဌာနချုပ်၏ လုံခြုံရေး အခြေအနေများအရ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။

၄။   အားလုံးကို ကျေးဇူးတင်ပါတယ်။