ဒုတိယအကြိမ် အမျိူးသားလွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် အမျိူးသားလွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း “မြန်မာ့ဦးပိုင်ကုမ္ပဏီမှ သိမ်းယူထားပြီး မြဝတီဘဏ်ခွဲ ဖွင့်လှစ်ထားသော MAYO Marine Club အဆောက် အဦဟောင်းနှင့်မြေအား မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ် (Myanmar Seafarers Federation-MSF) သို့ ပြန်လည်လွှဲပြောင်းပေးရန် အစီ အစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ အဆောက်အဦဟောင်းနှင့် မြေသည် ရေတပ်ပင်မ တိုင်းတာရေးတပ်(နေရာဟောင်း)၏ တပ်ပိုင်မြေ (၁.၃၆)ဧကအတွင်း ပါဝင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်စွဲပါ စာအမှတ်၊ ရကစ / မြို့ပြ မြေရာ / မြေစီမံ / ၉၄ (၆၂၆) အရ “တပ်မြေ ကာကွယ်ရေးဌာန တပ်မတော်(ရေ)” အမည်ဖြင့် မြို့မြေစာရင်းတွင် မှတ်သားထား ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

၃။    အဆိုပါတပ်ပိုင်မြေ (၁.၃၆)ဧကအနက်မှ (၀.၀၈၁)ဧကအား တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်မိသားစုများသို့ သောက်သုံးရေ ဖြန့်ဝေပေးသည့် အဝီစိတွင်း၊ ရေတင်စက်၊ ရေသိုလှောင်ကန်များ ဆောက်လုပ်အသုံးပြုထားရှိပြီး ကျန်မြေ (၁.၂၇၉) ဧကအား မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ငှားရမ်း၍ လန်းပြီ ပင်လယ်ရေကြောင်းကုမ္ပဏီလီမိတက်(ရုံးချုပ်)အား ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်မှစ၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိ ရပါတယ်။
၄။    ယခုအခါ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် အဆောက်အဦအား မူလပုံစံ မပျက်ထားရှိပြီး ကုန်သွယ်မှုလုပ်ငန်းများဌာနကြီး၊ မြဝတီထရေးဒင်းလီမိတက် (ရုံးချုပ်)၊ ဝန်ဆောင်မှုလုပ်ငန်းများဌာနကြီး၊ လန်းပြီ ပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက် (ရုံးချုပ်)နှင့် မြဝတီဘဏ်လီမိတက် (ဗိုလ်အောင်ကျော်ဘဏ်ခွဲ)တို့အား ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။

၄။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ အဆောက်အဦဟောင်းနှင့် မြေနေရာသည် ရေတပ်ပင်မတိုင်းတာရေးတပ် (နေရာဟောင်း)၏ မြေနေရာဖြစ်ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ တပ်ပိုင်မြေအဖြစ် မှတ်သားထားရှိပြီး ဖြစ်ခြင်း၊ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်မှ ဘဏ်လုပ်ငန်းနှင့် ပင်လယ်ရေကြောင်း ဝန်ဆောင်မှုလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

၅။    အားလုံးကို ကျေးဇူးတင်ပါတယ်။