ဒုတိယအကြိမ် အမျိူးသားလွှတ်တော် သတ္တမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် အမျိူးသားလွှတ်တော် သတ္တမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင် ၏ “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၇၇-အေ)၊ သာစည်တောင်ကွင်းတွင်ရှိသည့် မြေဧက (၇၃.၅၆) ဧကအား စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)မှ ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ ကျောက်တော်မြို့နယ်၊ မင်းသားတောင် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၇၇-အေ)၊ သာစည်တောင်ကွင်းရှိ မြေဧက ၇၃.၅၆ ဧက သည် ၁၉၉၈-၁၉၉၉ ခုနှစ်တွင် ယခင် အမှတ်(၁၀)ထောက်လှမ်းရေးတပ်မှ သိမ်းဆည်း ခဲ့သော မြေနေရာဖြစ်ပြီး စတင်သိမ်းဆည်းစဉ် ၎င်းမြေမှာ အစိုးရ၏စီမံခန့်ခွဲပိုင်ခွင့်ရှိသော စားကျက်မြေ များဖြစ်ပါသည်။ အဆိုပါမြေ ၇၃.၅၆ ဧက အား ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ၂၀၀၄ ခုနှစ်၊ ဧပြီလ ၁ ရက်စွဲပါ ရုံးအမိန့်အမှတ်၊၆၈/၂၀၀၄ အရ စားကျက်မြေ ပယ်ဖျက်ခွင့်ပြုမိန့်ရရှိခဲ့ပြီး မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ညွှန်ကြားချက် အရ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်) အမည်ဖြင့် ပြောင်းလဲမှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၃။    အဆိုပါမြေ ၇၃.၅၆ ဧက နှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)မှ လက်ရှိလုပ်ကိုင်လျက် ရှိသည့် မြေမှာ ၉၈.၅၀ ဧက ဖြစ်သဖြင့် မြေ ၂၄.၉၄ ဧက ပိုမိုလုပ်ကိုင်လျက်ရှိပြီး အဆိုပါ မြေမှာလည်း အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော စားကျက်မြေများဖြစ်ကြောင်း စိစစ်တွေ့ရှိ ရပါတယ်။

၄။    အဆိုပါ မြေ ၉၈.၅၀ ဧကအနက် စားကျက်မြေပယ်ဖျက်ခွင့်ပြုမိန့် ရရှိထားပြီး ဖြစ်သည့် ၇၃.၅၆ ဧကအား တပ်မှ ဆက်လက် လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ပြီး ပိုမို လုပ်ကိုင်ခဲ့သည့် စားကျက်မြေ ၂၄.၉၄ ဧကအား ဆက်လက် လုပ်ကိုင်ခြင်းမပြုတော့ဘဲ အစိုးရ၏စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် စားကျက်မြေအဖြစ်သာ ထားရှိသွားမှာ ဖြစ်ပါတယ်။

၅။    လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင် သီးစားခအနေဖြင့် ၁ လလျှင် လယ် ၁ ဧက အတွက် စပါး ၂၅ တင်းနှုန်းဖြင့် ငှားရမ်းလုပ်ကိုင်နေကြောင်း ဖော်ပြထားသော်လည်း သီးစား ချထားခြင်း မဟုတ်ဘဲ စပါးစတင်ထွန်ယက်စိုက်ပျိုးချိန်မှ ရိတ်သိမ်းပြီးချိန်အထိ ငှားရမ်းခငွေ ၃၀၀,၀၀၀ ကျပ်ဖြင့် အလုပ်သမား ၂ ဦး အား ငှားရမ်းလုပ်ကိုင်စေခဲ့ခြင်းသာ ဖြစ်ကြောင်း စိစစ်တွေ့ရှိ ရပါတယ်။

၆။    စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)အနေဖြင့် ယခင်က ကျောက်တော် မြို့နယ်အတွင်း၌ တပ်ပြင်ပမြေအဖြစ် တောင်ထောင်ကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၇၂၅)၊ ငါးသန်ဗူးကွင်း၊ ဦးပိုင်အမှတ်(၂၇၆)ရှိ မြေဧရိယာ ၁၄၀ ဧကနှင့်  မင်းသားတောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၇၇-အေ)၊ သာစည်တောင်ကွင်းရှိ မြေ ၇၃.၅၆ ဧက၊ စုစုပေါင်း ၂၁၃.၅၆ ဧကသာ ရှိခဲ့ပြီး ယခင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၏ မေးခွန်းပါ မြေဧရိယာမှာလည်း ၁၄၀ ဧကခန့်ဟု ဖော်ပြမေးမြန်းခဲ့သဖြင့်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ စွန့်လွှတ်အပ်နှံပြီးဖြစ်သည့် တောင်ထောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၂၅)၊ ငါးသန်ဗူးကွင်း၊ ဦးပိုင်အမှတ်(၂၇၆)ရှိ မြေ ၁၄၀ ဧကအား ဖြေကြား ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

၇။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ တပ်ဧရိယာပြင်ပ စိုက်ပျိုးမြေ ၇၃.၅၆ ဧကသည် စားကျက်မြေပယ်ဖျက်ခွင့်ပြုမိန့် ရရှိထားပြီးဖြစ်ခြင်း၊  စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)၏ အမည်ဖြင့် မှတ်ပုံတင်ရရှိထားပြီး ဖြစ်ခြင်းနှင့် တပ်မှ နှစ်စဉ်စပါးစိုက်ပျိုးလုပ်ကိုင်လျက်ရှိခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ပိုမိုလုပ်ကိုင်လျက်ရှိသည့် ၂၄.၉၄ ဧကအား ဆက်လက် လုပ်ကိုင်ခြင်းမပြုတော့ဘဲ အစိုးရ၏စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် စားကျက်မြေအဖြစ်သာ ထားရှိ သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

၈။    အားလုံးကို ကျေးဇူးတင်ပါတယ်။