ဒုတိယအကြိမ် အမျိူးသားလွှတ်တော် အဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် အမျိူးသားလွှတ်တော် အဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။  မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း၏ “ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာတွင် နေထိုင်သော ဒေသခံတောင်သူ(၄၆)ဦး၏ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုး လုပ်ကိုင်ခဲ့သည့် ယာမြေများအားလုံး ဆုံးရှုံးသွားရပြီး ဒေသခံ ရွာသူရွာသားများ၏ဘဝ အတိဒုက္ခ ရောက်ရှိနေကာ ပြန်လည် စိုက်ပျိုးလုပ်ကိုင်ရန် အတွက် မြေယာများ ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေနေရာသည် အမှတ်(၇၀၀၅)သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်း၏ တပ်ပိုင်မြေအတွင်းပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ်၊ မေလ ၁၇ ရက်စွဲပါ စာအမှတ်၊ပထရ/၂-၃(၆၄၆)/ထောက် ၂ ဖြင့် မြေပေးမိန့် ရရှိပြီး ဖြစ်ပါတယ်။    လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်း၌ တောင်သူ ၄၆ ဦးမှ ၎င်းတို့စိုက်ပျိုး လုပ်ကိုင်ခဲ့သည့် တောင်ယာမြေများမှာ ၂၀၀ ဧကဟု ဖော်ပြထားသော်လည်း မြေပြင် ကွင်းဆင်း စစ်ဆေးချက်များအရ ၁၅၈.၅ ဧကသာရှိပြီး ၎င်းမြေနေရာများသည် တပ်နယ် ဂေါက်ကွင်းမြေနှင့် သံချပ်ကာယာဉ်များ မောင်းနှင်လေ့ကျင့်ခြင်း၊ အမြောက်လေ့ကျင့် ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက်ရှိသော မြေနေရာများဖြစ်ပါတယ်။

၃။ လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းပါ တောင်သူ ၄၆ ဦး တိုင်ကြားတင်ပြသည့် မြေနေရာများသည် ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်မှုမရှိခြင်း၊ အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၏ တပ်ပိုင်မြေအတွင်းပါဝင်ပြီး တပ်နယ် ဂေါက်ကွင်းမြေနှင့် သံချပ်ကာယာဉ်များ မောင်းနှင်လေ့ကျင့်ခြင်း၊ အမြောက်လေ့ကျင့် ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် မြေနေရာများဖြစ်ခြင်းတို့ကြောင့် လုံခြုံရေးအရ စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်းကို တိုင်ကြားသူ တောင်သူ ၄၆ ဦးအနက် ခရီးလွန် နေသဖြင့် လာရောက်နိုင်ခြင်းမရှိသည့် တောင်သူ ၃ ဦးမှအပ ကျန်တောင်သူ ၄၃ ဦးအား ခေါ်ယူအသိပေးပြီး ဖြစ်ပါတယ်။

၄။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ မြေနေရာများသည် အမှတ် (၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၏ တပ်ပိုင်မြေအတွင်းပါဝင်ပြီး ပြည်ထဲရေးဝန်ကြီး ဌာန၏ မြေပေးမိန့်ရရှိပြီးဖြစ်ခြင်း၊ တပ်နယ်ဂေါက်ကွင်းမြေနှင့် သံချပ်ကာယာဉ်များ မောင်းနှင် လေ့ကျင့်ခြင်း၊ အမြောက်လေ့ကျင့်ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် မြေနေရာ များဖြစ်ခြင်း တို့ကြောင့် လုံခြုံရေးအရ စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

၅။    အားလုံးကို ကျေးဇူးတင်ပါတယ်။