ဒုတိယအကြိမ် အမျိူးသားလွှတ်တော် အဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် အမျိူးသားလွှတ်တော် အဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ၏ “ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သိမ်းဆည်းခံ လယ်ယာ မြေများအတွက် ထိုက်သင့်သောလျော်ကြေးရရှိရေး၊ မြေလပ်၊ မြေလွတ်များအား စိစစ်ပြီး ပြည်သူများလက်ဝယ်သို့ ပြန်လည်ပေးအပ်ရေးနှင့် အမ်းမြို့နယ်အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ထားမှုတို့ကို ပြည်သူများအား ရှင်းလင်းစွာ ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။   အမ်းမြို့နယ်အတွင်း၌ တပ်ရင်း/တပ်ဖွဲ့(၁၆)ခုရှိပြီး တပ်ပိုင်မြေအဖြစ် မြေဧရိယာ (၃၂၇၈.၅၄)ဧက၊ တပ်ဧရိယာပြင်ပ စိုက်ပျိုး/မွေးမြူရေးမြေ(၃၈၃၅.၂၇၅)ဧက၊ စုစုပေါင်း (၇၁၁၃.၈၁၅)ဧကအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းထားခြင်း ဖြစ်ပါတယ်။တပ်ရင်း/တပ်ဖွဲ့များမှ သိမ်းဆည်းထားသည့် တပ်ပိုင်မြေများမှာ တပ်၏ အရွယ်အစားနှင့် ကိုက်ညှိပြီး မဖြစ်မနေလိုအပ်သော အနည်းဆုံးမြေဧရိယာကိုသာ သိမ်းဆည်းထားခြင်းဖြစ်ပါကြောင်းနှင့် လုံခြုံရေးနှင့်လေ့ကျင့်ရေးအတွက် သိမ်းဆည်း ထားသောမြေများတွင်ပါရှိသည့် လယ်မြေများတွင် တပ်မိသားစုအတွက် တပ်ရင်း/ တပ်ဖွဲ့များမှ ကိုယ်တိုင် စပါးစိုက်ပျိုး လုပ်ကိုင်လျက်ရှိပါတယ်။

၃။   စိုက်ပျိုး/မွေးမြူရေးအတွက် ရယူထားသည့် တပ်ဧရိယာပြင်ပမြေ (၃၈၃၅.၂၇၅) ဧက အနက် တပ်မှ လုပ်ကိုင်နိုင်ခြင်းမရှိသော မြေဧရိယာ(၁၉၂၁.၉၂)ဧကအား ပြည်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်သို့ ပြန်လည် စွန့်လွှတ်အပ်နှံပေးပြီး ဖြစ်ပါတယ်။ ကျန်ရှိသောမြေများတွင် တပ်ရင်းမှ လူအင်အား၊ ရင်းနှီးမတည်ငွေများ စိုက်ထုတ်၍ ရာဘာစိုက်ပျိုးခြင်း၊ ပုစွန်မွေးမြူခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါတယ်။

၄။   သို့ဖြစ်ပါ၍ အမ်းမြို့နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များ၏ တပ်ပိုင်မြေများအတွက် အနည်းဆုံး မြေဧရိယာကိုသာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းထားခြင်း၊ တပ်ဧရိယာပြင်ပ စိုက်ပျိုး/မွေးမြူရေးအတွက် သိမ်းဆည်းထားသော မြေဧရိယာများထဲမှ (၁၉၂၁.၉၂)ဧကအား ပြန်လည်စွန့်လွှတ် ပေးထားပြီးဖြစ်ခြင်း၊ ကျန်ရှိသောမြေများတွင် တပ်ရင်း/တပ်ဖွဲ့များမှ လူအင်အား၊ ရင်းနှီးမတည်ငွေများ စိုက်ထုတ်၍ ရာဘာစိုက်ပျိုးခြင်း၊ ပုစွန်မွေးမြူခြင်းများ ဆောင်ရွက်လျက်ရှိပြီး အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကိုသာ လုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့ခြင်းများကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် လျော်ကြေး ငွေများ ပေးချေနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

၅။     အားလုံးကို ကျေးဇူးတင်ပါတယ်။