ဒုတိယအကြိမ် အမျိူးသားလွှတ်တော် နဝမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် အမျိူးသားလွှတ်တော် နဝမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ် ကြီးများခင်ဗျာ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။
၁။    ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင် ၏ “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာ အုပ်စု ကွင်းအမှတ်(၇၈၄-က)ပုံတောင်ကွင်း နှင့် (၇၈၇)ပုံတောင်မြောက်ကွင်းရှိ လယ်ယာ မြေများအား အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်ပိုင်မြေအဖြစ် သိမ်းဆည်း ထားမှုနှင့် လမ်းမတော်၊ ညောင်ပင်လှ၊ ပိန္နဲချောင်းကျေးရွာ၊ ကွင်းအမှတ် (၇၈၆-က)၊ (၇၈၆-ခ)၊ (၇၈၇) ကျောက်တော် တောင်ကွင်းနှင့် ပုံတောင် တောင်ကွင်းမှ ခမရ(၃၇၅)တပ်မြေ အဖြစ် သိမ်းယူခဲ့သည့် လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေများထဲမှ ပိုလျှံမြေ၊ စစ်တပ်နှင့် တစ်ဆက်တစ်စပ်တည်း မရှိသောမြေများကို ပြန်လည် စွန့်လွှတ်ပေးရန်နှင့် မစွန့်လွှတ် နိုင်သည့်မြေယာများကို လျော်ကြေးငွေ ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

၂။  ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်သမ္မတကြီးက “နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်များနှင့်အညီ အလေးထားလိုက်နာကာ စိစစ်ဆောင်ရွက်သွားကြရန် လိုအပ် ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင်များ အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒများကို ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက် ပေးကြရန် အထူးတာဝန်ရှိကြပါတယ်”လို့ လမ်းညွှန်မှုပြုသွားခဲ့ပါတယ်။

၃။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ သိမ်းဆည်းမြေယာများ ပြန်လည် စွန့်လွှတ်ပေးလျက်ရှိရာ နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒ/လမ်းညွှန်ချက်များနှင့်အညီ စွန့်လွှတ်အပ်နှံလျက်ရှိပါတယ်။ အဲဒီလိုစွန့်လွှတ်ရာမှာ တိုင်ကြားစာများအပေါ် စိစစ်ပြီး ပြန်လည်စွန့်လွှတ်ပေးခဲ့တာမျိုးရှိခဲ့သလို တိုင်ကြားခြင်းမရှိသော်လည်း တပ်မှအသုံးပြုရန် မလိုအပ်တဲ့မြေယာတွေကိုလည်း ပြန်လည် စွန့်လွှတ်အပ်နှံတာမျိုးလည်း ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်အထိ နိုင်ငံပိုင်သတင်းစာ များတွင် ကြေညာခဲ့သည့်စွန့်လွှတ်မြေ ၂၅၈၀၁၃.၅၉၉ ဧကအပြင် ယနေ့အထိ ၁၆၈၄၀.၅၁၁ ဧကကိုလည်း နိုင်ငံတော်သို့ ထပ်မံစွန့်လွှတ်အပ်နှံခဲ့ပြီး ဖြစ်ပါတယ်။ တပ်/ဌာနချုပ်များအနေနဲ့ တပ်ရဲ့လိုအပ်တဲ့မြေ၊ လုံခြုံရေးအရ ထိန်းသိမ်းထားရမယ့်မြေ၊ အနာဂတ်စီမံကိန်းဆောင်ရွက် ရမယ့်မြေ စတာတွေအနက် စိစစ်ပြီး စွန့်လွှတ်လို့ရနိုင်တဲ့မြေတွေကို စွန့်လွှတ်ပေးဖို့ ဆောင်ရွက် နေကြတာတွေရှိပါတယ်။

၄။    အမှတ်(၃၇၅)ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေနဲ့ ပတ်သက်လို့ တပ်ပိုင်မြေအဖြစ် ၂၆၄.၅၅ ဧကအဖြစ် မြေစာရင်းပုံစံ(၁၀၅)အရ တောင်မြေ ၁၄၉.၃၆ ဧကကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်စွဲပါစာအမှတ်၊ ၂၀၀/၂-၅/ဦး ၁ နှင့် ၂၀၀၁ ခုနှစ်၊ ဇွန်လ ၈ ရက်စွဲပါစာအမှတ်၊ ၂၀၀/၂-၄/ဦး ၁ တို့ဖြင့် မြေပေးမိန့်များ ရရှိပြီးဖြစ်ပါတယ်။ ဦးပိုင်ပေါက်လယ်မြေ ၁၁၅.၁၉ ဧကနဲ့ပတ်သက်လို့ အဲဒီအချိန်က ဦးပိုင်ပေါက်တောင်သူ ၄၀ ဦးတို့က နိုင်ငံတော်၏လိုအပ်ချက်အရ တပ်မြေသိမ်းဆည်းရန် ပေါ်ပေါက်လာသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် သဘောတူပါကြောင်းကို ကျောက်တော် မြို့နယ် မြေစာရင်းဦးစီးမှူးရှေ့တွင် ဝန်ခံကတိပြုလက်မှတ် ရေးထိုးထားကြပါတယ်။

၅။ အမှတ်(၃၇၅)ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေ ၂၆၄.၅၅ ဧကဆိုသော်လည်း တပ်ရဲ့အလယ်မှာ တောင်ကုန်းတွေရှိနေတဲ့အတွက် အဆောက်အဦများ ဆောက်လုပ်ရာမှာ နေရာကန့်သတ်မှုတွေရှိပါတယ်။ တပ်ရဲ့ ထပ်မံဆောက်လုပ်မယ့် အဆောက်အဦတွေနဲ့ လေ့ကျင့်ရေးကွင်းတွေ ဆောက်လုပ်ဖို့လည်း ရှိနေပါသေးတယ်။ အမှတ်(၃၇၅)ခြေမြန် တပ်ရင်းဟာ ကုလားတန်မြစ်ကိုဖြတ်ပြီး တည်ဆောက်ထားတဲ့ ကစ္စပနဒီတံတားကြီးနဲ့ နီးကပ်စွာတည်ရှိပြီး ရန်ကုန် - စစ်တွေ ကားလမ်းနှင့်နီးကပ်စွာ တည်ရှိနေတဲ့အတွက် လုံခြုံရေးအရ အရေးကြီးတဲ့နေရာမှာ တည်ရှိနေတာဖြစ်တာကြောင့် ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်း မရှိပါကြောင်းနဲ့ တပ်မြေသိမ်းဆည်းစဉ် ဦးပိုင်ပေါက်တောင်သူ ၄၀ ဦးအနေနဲ့ တပ်မြေသိမ်းဆည်းခြင်းကို သဘောတူကြောင်း ကတိဝန်ခံချက်များ လက်မှတ်ရေးထိုး ထားပြီးဖြစ်လို့ လျော်ကြေးငွေပေးလျော်နိုင်ခြင်း မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။

၆။   အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မြေသိမ်းဆည်းရာတွင် (တောင်မြေ ၁၈၈.၈၇ ဧက၊ မြေလွတ်မြေလပ် ၆၅.၇၅ ဧက၊ ကျွဲနွားသွားလမ်း ၂၅.၄၀ ဧက၊ ရေနုတ်မြောင်း ၈.၀၄ ဧက၊ သကြားစက်သွားလမ်းမြေ ၁၁.၉၃ ဧကနှင့် လယ်မြေ ၆၅၂.၈၇ ဧက၊ စုစုပေါင်း ၉၅၂.၈၆ ဧကအနက် တောင်မြေ ၁၈၈.၈၇ ဧက၊ မြေလွတ်မြေလပ် ၆၅.၇၅ ဧက၊ ကျွဲနွားသွားလမ်း ၂၅.၄၀ ဧက၊ ရေနုတ်မြောင်း ၈.၀၄ ဧကတို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်စွဲပါစာအမှတ်၊ ၁၂/၁၁/အခ(၃)ဖြင့် လည်းကောင်း၊ ဦးပိုင်ပေါက်လယ်ယာမြေ ၆၅၂.၈၇ ဧကအား  ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်စွဲပါစာအမှတ်၊ ၁၁/၁၁/အခ(၃)ဖြင့် လည်းကောင်း မြေပေးမိန့်များ ရရှိပြီး ဖြစ်ပါတယ်။

၇။   အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနေဖြင့် သိမ်းဆည်းမြေ ၉၅၂.၈၆ ဧကမှ အမှတ်(၉၀၈)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၏တပ်ခွဲ(၂)သို့ ၅၀.၆၃ ဧက၊ အမှတ်(၈) စစ်မြေပြင် ဆေးတပ်ရင်းသို့ ၄၇.၅၉ ဧက၊ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဆက်သွယ်ရေးတပ်ခွဲသို့ ၉၆.၅၅ ဧက ခွဲဝေပေးထားတဲ့အတွက် အမှတ်(၉)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တပ်ပိုင်မြေအဖြစ် ၇၅၈.၀၉ ဧကသာ ကျန်ရှိပါတယ်။ တပ်မြေသိမ်းဆည်း ရာမှာ ပါဝင်ခဲ့တဲ့ ဦးပိုင်ပေါက်လယ်ယာမြေ ၆၅၂.၈၇ ဧကအတွက် တောင်သူ ၂၀၁ ဦးထံသို့ မြေယာလျော်ကြေးငွေများလည်း ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

၈။    ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှ ၂၅ ရက်ထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစီးပြီး ရခိုင်ပြည်နယ်အတွင်း သိမ်းဆည်းခံမြေများနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ရာမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိ(ပထမတန်း) (စစ်ထောက်) ဒုတိယဗိုလ်မှူးကြီး ကျော်ဇံဦး တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေး မှာလည်း အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၃၇၅)ခြေမြန်တပ်ရင်းတို့နဲ့ ပတ်သက်ပြီး အခြေအနေ အသေးစိတ်ကို ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားပြီး ဖြစ်ပါတယ်။

၉။  အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟာ တောင်ဘက်မှာ ရန်ကုန်-စစ်တွေ ကားလမ်း၊ အမှတ်(၃၇၅)ခြေမြန်တပ်ရင်းတို့နဲ့ ဆက်စပ်လျက်ရှိပြီး အနောက်ဘက်တွင် ကုလားတန်မြစ်ရှိပြီး ကုလားတန်မြစ်နှင့် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကြားမှာ လမ်းမတော်ရပ်ကွက်၊ ညောင်ပင်လှရွာ၊ အမှတ်(၃၇၄)ခြေမြန်တပ်ရင်း၊ အမှတ်(၈၂၈) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၏ တပ်ဆွယ်များနှင့် ထိစပ်နေပါတယ်။ မြောက်ဘက်မှာက ကုလားတန်မြစ်ကြီးရှိနေပြီး ကုလားတန်မြစ်ကိုဖြတ်ပြီး ဆောက်လုပ်ထားတဲ့ ကစ္စပနဒီ မြစ်ကူးတံတားနဲ့လည်း နီးကပ်နေတဲ့အတွက် မြေအနေအထားအရ အရေးကြီးတဲ့ မြေနေရာမှာ ရှိနေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှာရှိနေတဲ့ အဆောက်အဦ တွေဟာ ပြီးပြည့်စုံတဲ့အနေအထား မရှိသေးပါဘူး။ ထပ်မံတိုးချဲ့ပြီး ဆောက်လုပ်ရမယ့် အဆောက် အဦတွေ ရှိနေပါသေးတယ်။ နှစ်စဉ် ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး ထပ်မံတိုးချဲ့ သွားဖို့လည်း ရှိနေပါတယ်။

၁၀။  သို့ဖြစ်ပါ၍ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ တပ်မြေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ မြေပေးမိန့်များ ရရှိပြီးဖြစ်ခြင်း၊ ဦးပိုင်ပေါက်လယ်ယာမြေများ အတွက် လျော်ကြေးငွေများ ပေးအပ်ခဲ့ပြီးဖြစ်ခြင်း၊ အနာဂတ်တွင် အဆောက်အဦများ တိုးချဲ့ ဆောက်လုပ်ရန်ရှိခြင်း၊ လုံခြုံရေးအရ အရေးကြီးမြေနေရာများဖြစ်ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် သိမ်းဆည်းမြေများအတွက် လျော်ကြေးငွေများ ပေးလျော်ပြီး ဖြစ်တဲ့အတွက် လျော်ကြေးငွေ ပေးလျော်နိုင်ခြင်း မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။

၁၁။     အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ