တို့တိုင်းပြည် တို့လူမျိုး တို့အချုပ်အခြာအာဏာ တို့ကာကွယ်ရမည်

 

“. . . ပြည်ထောင်စုကိုအသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။ တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တစ်တွေ ထမ်းဆောင်ပါရှိလေ တို့တာဝန်ပေ အဖိုးတန်မြေ။”

ဒီသီချင်းလေးကို ကျွန်တော်တို့ငယ်ငယ်တုန်းကတည်းက ကျောင်းတက် တိုင်း နိုင်ငံတော်အလံရှေ့မှာ ရဲမာန် ဝင့်ကြွားစွာ သီဆိုခဲ့ဖူးသည်။ ကျောင်း နေဖူးသူ အားလုံးလည်း သီဆိုဖူးကြမည်ဟုထင်သည်။ ကျွန်တော့်သား ပထမတန်းကျောင်းသားတောင်မှ ဒီသီချင်းကိုအလွတ်ရသည်။ အဓိပ္ပာယ် ကိုလည်းသိသည်။ ဒီသီချင်းက ကျွန်တော်တို့အားလုံးအတွက် အဓိပ္ပာယ်များ စွာကို ဆောင်ကြဉ်းပေးသော သီချင်းဟု ပြောလျှင်မှားမည်မထင်ပေ။ မိမိတို့မြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့်နေထိုင်လာကြသည့် အချုပ်အခြာ အာဏာပိုင် လွတ်လပ် သောနိုင်ငံဖြစ်သည်။ ဒီနိုင်ငံကို ကျွန်တော်တို့ဘိုးဘွားများဆီက လက်ဆင့်ကမ်းအမွေ ရရှိခဲ့ကြခြင်းလည်းဖြစ်သည်။ ဘိုးဘွားအမွေကို နောင်လာနောက်သားတို့က ထိန်းသိမ်းစောင့် ရှောက်ရမည်ဖြစ်သည်။ ထိုတာဝန် မည်သူ့တွင်ရှိသနည်းဟုဆိုလာလျှင် ယောက်ျား မိန်းမ မရွေးအရွယ်ရောက်ပြီးသူ နိုင်ငံသား တိုင်းတွင် တာဝန်ရှိသည်။     

ကျွန်တော်တို့မြန်မာနိုင်ငံက သူ့ကျွန်ဘဝကိုရောက်ရသည်မှာ မျိုးချစ်စိတ် မရှိလို့မဟုတ်။ စည်းလုံးညီညွတ်မှု ပျက်ပြားလို့သာ ရောက်ခဲ့ရခြင်းဖြစ်သည်။ မျိုးချစ် စိတ်ကတော့ ဒီနိုင်ငံကိုချစ်သည့် နိုင်ငံသား တိုင်းလိုလိုတွင်ရှိစမြဲဖြစ်သည်။ သို့သော် စည်းလုံးညီညွတ်မှုမရှိဘဲ နယ်ချဲ့ကို ကိုယ့်နည်းကိုယ့်ဟန်နှင့်သာ တွန်းလှန်ခဲ့ကြသည့်အတွက် အချိန်တို အတွင်းအောင်မြင်မှုမရခဲ့ခြင်းဖြစ်သည်။

မျိုးချစ်စိတ်ကိုရှေ့တန်းတင်ကာ စည်းလုံးညီညွတ်မှုသာရှိမည်ဆိုလျှင် အောင်မြင်မှုကိုမလွဲဧကန်ရနိုင်ကြောင်း မြန်မာနိုင်ငံ၏ လွတ်လပ်ရေး သမိုင်းကြောင်းတွင် ရဲဘော်သုံးကျိပ်က အကောင်းဆုံးဥပမာပေးပြသ သွားပြီးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကို ထိရောက်စွာကာကွယ်ဖို့အတွက် မျိုးချစ်စိတ်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် တပ်မတော်တစ်ရပ် လိုအပ်သည် ကိုလည်း ရှင်းရှင်းလင်းလင်းသိမြင်ခဲ့ပြီးဖြစ်သည်။ ရဲဘော်သုံးကျိပ်၏ ဦးစီးဦးဆောင်ပြုမှုဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော်ပေါ်ပေါက် လာခြင်းက မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ အဓိကအကြောင်းရင်းပင်ဖြစ်သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် လစာနှင့်စရိတ် မဆိုစလောက်လေး နှင့် ပါဝင်အမှုထမ်းလိုသူ အများအပြားရှိသည်။ ထိုသူများမှာ ကျွန်တော်တို့၏ ဘိုးဘွားများ ပင်ဖြစ်သည်။ သူတို့တွင်ရည်ရွယ်ချက်တစ်ခု တည်းရှိသည်။ သူတို့၏သားစဉ်မြေးမြစ် များအား လွတ်လပ်သောမြန်မာနိုင်ငံကြီးကို အမွေအဖြစ်ပေးခဲ့ လိုခြင်းဖြစ်သည်။ ကျွန်တော်တို့ဘိုးဘွားများ၏ ကြိုးပမ်းမှု ကြောင့် ကျွန်တော်တို့အားလုံးက လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံကြီးတွင် နေထိုင်ခွင့်ရရှိနေခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးသည် ပြည်တွင်းရန် သာမက ပြည်ပရန်ကိုပါ ရင်ဆိုင်နေရသည့်အချိန်ဖြစ်သည်။ ပြည်ပရန်ဟုဆိုရလောက် အောင်ဘယ်နိုင်ငံက မြန်မာနိုင်ငံကိုလာ တိုက်နေလို့လဲဟု မေးစရာရှိသည်။ ဒီကနေ့ခေတ်မှာ အင်အားကြီးနိုင်ငံများက သူတို့ပျက်စီးစေ လိုသောနိုင်ငံကို သူတို့စစ်သည် တစ်ဦးတစ်ယောက်မျှသေဆုံးစေခြင်းမရှိဘဲ လုပ်ဆောင်လာနိုင်နေပြီ ဖြစ်သည်။ သူတို့ အသုံးပြုသောနည်းလမ်းမှာ ပြည်တွင်းစစ်ဖြစ်ပွားအောင် မီးမွှေးပေးခြင်းဖြစ်သည်။

တကယ်တမ်းတွင် ကျွန်တော်တို့မြန်မာနိုင်ငံ၌ အချင်းချင်းစည်းလုံး ညီညွတ်မှုပျက်ပြားအောင်လုပ်ဆောင်နေသူများမှာ ပြည်ပနိုင်ငံများသာ ဖြစ်သည်။ ပြည်ပနိုင်ငံများ၏ကျူးကျော်မှုကိုတွန်းလှန်တိုက်ခိုက်နိုင်စေရန် မြန်မာနိုင်ငံတွင် အင်အား တောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ် တည်ရှိပြီးဖြစ်သည်။ မြန်မာ့တပ်မတော်ဆိုသည်မှာ မျိုးချစ်စိတ်ကို အခြေခံပြီးဖွဲ့စည်းထားသည့် အခြေခိုင်ဆုံးသောအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

ထိုသို့သောတပ်မတော်တွင် တာဝန်ထမ်းဆောင်လိုလျှင် မျိုးချစ်စိတ် တစ်ခုတည်းနှင့်မပြီး။ သတ်မှတ်အရည်အချင်း များနှင့်လည်း ပြည့်စုံရဦးမည်ဖြစ်သည်။ ဝင်ရောက်တာဝန်ထမ်းဆောင်ခွင့်ရသူများမှာလည်း အရင်လိုမဆိုစလောက်သော လစာနှင့်စရိတ်မဟုတ်ဘဲ လူတန်းစေ့နေနိုင်သည့် လစာနှင့်စရိတ်ကိုရရှိနေပြီဖြစ်သည်။ အကယ်၍ တာဝန်ထမ်းဆောင်ရင်း တစ်စုံတစ်ခုဖြစ်သွားသည်ရှိသော် ခံစားခွင့်ကလည်း အပြည့်အဝရရှိသေး သည်။

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အချိန်ကာလ သို့ရောက်လာပြီဟု အထက်တွင်ပြောခဲ့ပြီးဖြစ်သည်။ ထိုသို့သော အချိန်မျိုးတွင် မြန်မာနိုင်ငံကိုကာကွယ်ရန်မှာ တပ်မတော်တစ်ရပ်တည်း တွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ အရွယ်ရောက်ပြီးသူတိုင်းတွင်ပါ တာဝန်ရှိလာပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံ တော်တော်များများဆိုလျှင် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်က အရေးကြုံလာလျှင်နိုင်ငံသားတိုင်း နိုင်ငံကို ကာကွယ်နိုင် စေဖို့ဖြစ်သည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း စစ်မှုမထမ်းမနေရစနစ်ကို ဥပဒေဖြင့် ပြဋ္ဌာန်းထားတာရှိသည်။ ထိုဥပဒေတို ပြည်သူ့စစ်မှုထမ်း ဥပဒေဟုခေါ်သည်။ ထိုဥပဒေကို ၂ဝ၁ဝ ပြည့်နှစ်ကတည်းက ဥပဒေအမှတ် ၂၇/၂ဝ၁ဝ ဖြင့်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ အာဏာမတည်သေးသည်သာရှိသည်။ အခုတော့ ထိုဥပဒေအာဏာတည်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီ လ ၁ဝ ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ဒီလိုမျိုးဥပဒေအသက်သွင်းလိုက်ခြင်းကို ကျွန်တော်ကတော့ကြိုဆို သည်။ ကျွန်တော့်လိုမျိုးပဲ မျိုးချစ်စိတ် ရှိသူအပေါင်းကလည်း ကြိုဆိုကြ မည်သာဖြစ်သည်။ သို့သော် မျိုးချစ်စိတ်နည်းပါးသူ၊ မျိုးချစ်စိတ်မရှိသူ များကတော့ ထိုဥပဒေကို ဆန့်ကျင်ကန့်ကွက်မည်မှာ ဧကန်ပင်ဖြစ်သည်။ ထိုသို့ကန့်ကွက်သူများမှာ နိုင်ငံတော်သီချင်းကိုပင်ရမည်မထင်ပေ။ သူတို့အနေဖြင့် ဘာကြောင့်ကန့်ကွက်သည်ကို ကျွန်တော်မသိ။ သေချာသည် ကတော့ သူတို့မှာမျိုးချစ်စိတ်မရှိတာပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် နိုင်ငံအများစုက စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးကြ သည်ကို သူတို့မသိ၍လားသို့မဟုတ် ကိုယ့်နိုင်ငံကို တိုင်းတစ်ပါးလက်ထဲ ထိုးအပ်ချင်၍ လားဆိုသည်ကို သူတို့ကိုယ်တိုင်ပင်အသိဆုံးဖြစ်မည်။ ကျွန်တော်တို့မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကိုကြည့်လျှင်ပင် စစ်မှုမထမ်းမနေရစနစ်ကို မသတ်မှတ် ထားသည့်နိုင်ငံမရှိသည်ကိုတွေ့ရမည် ဖြစ်သည်။

ဥပမာ လာအိုနိုင်ငံဆိုလျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ သူများအနေဖြင့် အနည်းဆုံးတစ်နှစ်ခွဲ စစ်မှုထမ်းရသည်။ ထိုင်းနိုင်ငံဆို လျှင်လည်း အသက် ၂၁ နှစ်အထက်ရှိသူများ မဖြစ်မနေစစ်မှုထမ်းရသည်။ ကာလကတော့ သူတို့၏ကျွမ်းကျင်မှုအပေါ် မူတည်သည်။ ယနေ့ခေတ် လူငယ်များအကြိုက် အနုပညာရှင် များစွာထွန်းကားသော တောင်ကိုရီးယား နိုင်ငံဆိုလျှင်လည်း စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးသည်ကို အားလုံးအသိပင် ဖြစ်သည်။ သူတို့ဆီမှာ ဆိုလျှင် နာမည်ကျော်သူများပင် ကင်းလွတ်ခွင့် မရအောင် စည်းကမ်းတင်းကျပ်ပြီးစစ်မှုထမ်းရသည်ကိုတွေ့ရသည်။

တကယ်တမ်းတော့ တပ်မတော်တွင် စစ်မှုထမ်းခွင့်ရခြင်းမှာ ဂုဏ်ယူ ဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ် သည်။ ကျွန်တော်တို့၏ဘိုးဘွားများက ကျွန်တော်တို့ကို လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင် ပြည်ထောင်စု နိုင်ငံတော်ကြီးကို အမွေပေးခဲ့သည်။ ကျွန်တော်တို့ကလည်း ကိုယ့်သားစဉ် မြေးဆက်ကို ပြည်ထောင်စု အမွေကြီး လက်ဆင့်ကမ်းပေးနိုင်မှသာ တာဝန်ကျေပွန်မည်ဖြစ်သည်။

နောက်တစ်ခုက အရွယ်ရောက်ပြီးသူများအားလုံး စစ်မှုထမ်းမည်ဆိုလျှင် နောင်တစ်ချိန်တွင်နိုင်ငံတော်က အရေးကြုံလာသည့်အခါ ကိုယ့်ပြည် ကိုယ့်မြေ ကိုယ့်အမျိုးအဆွေကို တိုင်းတစ်ပါးတို့၏ ရန်မှကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် စစ်ပညာဟူသည် လူတိုင်းတတ်ထားသင့်သော ပညာရပ်တစ်ခုဖြစ်သည်မှာ အမှန်ပင် ဖြစ်လာသည်။

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး စောင့်ရှောက်နေသည့်အဖွဲ့အစည်းဖြစ်သည်။ သို့သော် ဒို့တာဝန်အရေးသုံးပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော အမျိုးသား ရေးတာဝန်သည် တပ်မတော်တစ်ခုတည်းက သာမက နိုင်ငံသားတိုင်းကပါ စောင့်ရှောက်သင့်သည်မဟုတ်ပါလား။

ကျွန်တော်တို့ သီဆိုနေကျနိုင်ငံတော်သီချင်းတွင် “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ” ဆိုသည့်အချက်ပါသည်။ ထို့အတူပင် ဒို့တာဝန်အရေးသုံးပါးတွင် ပြည်ထောင်စုမပြိုကွဲရေးဆိုသည့်အချက်က ရှေ့ဆုံးကပါသည်။ ပြည်ထောင်စုပြိုကွဲသွားလျှင် ကျန်တာအားလုံးလည်း ပြိုကွဲသွားနိုင်သည်။ ထို့ကြောင့် ပြည်ထောင်စုမပြိုကွဲအောင် အရွယ် ရောက်ပြီးသူ နိုင်ငံသားတိုင်းက တပ်မတော်နှင့်လက်တွဲကာ တို့တိုင်းပြည် တို့လူမျိုး တို့အချုပ်အခြာအာဏာကို တို့ကိုယ်တိုင်ကာကွယ်ရမည်ဖြစ်ကြောင်း ရေးသား­လိုက်ရပါသည်။

အောင်ငြိမ်းချမ်း