ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ကြုံဆုံခဲ့ရသည့်အမှတ်တရများနှင့် ဆင့်ပွားအတွေးစများ

 

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ကြုံဆုံခဲ့ရသည့်အမှတ်တရများနှင့် ဆင့်ပွားအတွေးစများ

အချိန်ကား ၂၀၀၉ ခုနှစ်။ နေရာကား ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ရှိ အေဗရာဇော့တလမ်း အဆောင်အမှတ် (၂၂)။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ရသည့် ပထမနှစ်ကျောင်းသား ဘဝမှာပဲ အတွေ့အကြုံသစ်ကို ရရှိခဲ့ခြင်း ဖြစ်၏။ ပထမနှစ်၊ နှစ်ဝက်ကာလအချိန်တွင် ရုရှားစကား အထိုက်အလျောက် ပြောဆိုလာနိုင်သည့်အတွက် မြေညီထပ်အဆောင်ဝင်ပေါက်တွင် လုံခြုံရေး တာဝန်ယူကြသည့် ယူနီဖောင်းဝတ်စစ်သားနှစ်ဦးနှင့် စကားပြောဖြစ်သည်။

"ငါ့အသက်က ၁၉ နှစ်၊ ငါတို့က ခဏတာစစ်မှုထမ်းတာ၊ ပြီးရင် ကျောင်းပြန်တက်မှာ” ၁၉ နှစ်သာရှိသေး သည့် ရုရှားစစ်သားက ကိုယ့်ထက်ထွားနေသဖြင့် ကိုယ့်ထက်ပင်ကြီးနေသည်ဟု ထင်မိခဲ့သည်။ တကယ်တော့ ကိုယ်တွေထက်ပင် ၃ နှစ်ခန့်ငယ်နေပါသေးသည်။သူပြောသည့် ခဏတာစစ်မှုထမ်းခြင်းအဓိပ္ပာယ်အား ချက်ချင်းဆိုသလို သဘောပေါက် လိုက်ပါသည်။ “စစ်မှုမထမ်းမနေရ”ကို ဆိုလိုခြင်းပါပေ။ အဆိုပါ စစ်မှုထမ်းရသည့် စစ်သားလေးများသည် အဆောင်တွင် ၆ လလောက် လုံခြုံရေးတာဝန်ထမ်းဆောင်ပြီးနောက် တခြားတစ်နေရာ သို့ ပြောင်းသွားကြပါသည်။ ထို့နောက် လူသစ်တွေရောက်လာကြသည်။ ရံဖန်ရံခါ သူတို့တွန်မန်ဒါဟုခေါ် သည့် ဗိုလ်မှူးတစ်ဦးရောက်လာပြီး သူတို့ကို လာရောက်ကြည့်ရှုသည်။ ကျွန်တော်တို့အဆောင်တွင်သာမက မော်စကို မြို့ပေါ်ရှိ အဆောင်အတော်များများတွင် ယခုကဲ့သို့ စစ်သားလေးများကို လုံခြုံရေးတာဝန်ချထားကြောင်း တွေ့ခဲ့ရခြင်းဖြစ်သည်။ မိမိတို့ဆီ ရောက်ရှိလာသော နိုင်ငံတော်၏တာဝန်အတွက် ကြည်ဖြူစွာတာဝန်ထမ်း ဆောင်လျက်ရှိသော အဆိုပါရုရှားစစ်သားများကိုမြင်တွေ့ရသည့်အခိုက် ကျွန်တော့်ခေါင်းထဲ လက်ခနဲ ဖြစ်သွားခဲ့ရသည်။ ကိုရီးယားနိုင်ငံတွင်လည်း စစ်မှုမထမ်းမနေရ ထမ်းဆောင်ရသည်ကို ပြင်ဦးလွင်တွင် စစ်တက္ကသိုလ်တက်သောအခါမှ စတင်သိရှိခဲ့ရပါသည်။ ကိုရီးယား ဇာတ်လမ်းတွဲများမှ အောင်မြင်လာသောမင်းသား အချို့ စစ်မှုထမ်းရ သည့်အကြောင်းကို စာနယ်ဇင်းများတွင် ဖတ်ရသည့်အခါ “သူများနိုင်ငံတွေမှာ ဒီလိုပါလား”ဟု အသိဝင်ခဲ့သည်။ သူတို့သည်လည်း အသက်ကန့်သတ်ချက် ကာလတစ်ခုအတွင်းသာ စစ်မှုမထမ်း မနေရ ဥပဒေကိုလိုက်နာရခြင်းဖြစ်၏။ အသက်ကျော်လွန်ခြင်း သို့တည်းမဟုတ် ကန့်သတ်ချက်တစ်ခုခုနှင့်ငြိစွန်းနေ လျှင် ထမ်းဆောင်ချင်ပါသည်ဟု ဆိုသည့်တိုင် တပ်မတော်က လက်ခံလိမ့်မည် မဟုတ်ပေ။ သို့သော် အောင်မြင်ကျော်ကြားသည့် ကိုရီးယားအနုပညာရှင် မင်းသားအချို့နှင့် အားကစားသမားတို့သည် စစ်မှုထမ်းခြင်းကို တစ်နည်း တစ်ဖုံဖြင့် ရှောင်လွှဲလိုကြသည့် သတင်းများကို တွေ့မြင်ခဲ့ရပါသေးသည်။

ပြင်ဦးလွင်တွင် ဗိုလ်လောင်းတက်နေချိန်၌ တပ်မတော်နေ့ အထိမ်းအမှတ်ဇာတ်ဝင်ခန်းအချို့အား စစ်တက္ကသိုလ်တွင် လာရောက် ရိုက်ကူးသည်။ ထိုဇာတ်ကားရိုက်နေစဉ် အဆိုတော်မင်းသားတစ်ဦး ညည်းညူ သည့် အခက်အခဲတစ်ခုအား ပြန်လည်မျှဝေချင်သည်။

“ဖိနပ်စီးရ၊ ကြိုးထိုးရတာတင် တော်တော်ပင်ပန်းတယ်ဗျာ”

ကျွန်တော်တို့နေ့စဉ်စီးနေရသည့် ပုံစံ-၁ ဖိနပ်အမည်းအား မအောက်၊ သန်းပေါ် ဝတ်ဆင်ရသည်မှာ အဆိုတော်မင်းသားအတွက် အတော်ခက်ခဲခဲ့ ပုံရပါသည်။ တပ်မတော်သားဘဝ၏ ပင်ပန်းကြမ်းတမ်းမှုများအား လက်တွေ့ မဟုတ်သည့်တိုင် တစ်စိတ်တစ်ပိုင်း ထမ်းဆောင်ဖူးသူတိုင်း သိရှိသွား စမြဲသာဖြစ်ပါသည်။ တလောက စာပေမိတ်ဆွေတစ်ဦးနှင့်ဆုံစဉ် သူကပြော သွားသည်။ “ဆရာရေ တော်တော်စိတ်ပျက်ဖို့ ကောင်းတာပဲရှင်၊ အလုပ်အကိုင်ရရှိရေးစာမေးပွဲဖြေဖို့အတွက်ဆိုပြီး ဒို့တာဝန်အရေးသုံးပါးကို ကျက်နေကြ တယ် ဆရာ၊ ဘယ်လိုလုပ်ကြမလဲ” “ဘုရား၊ ဘုရား”

ဒို့တာဝန်အရေးသုံးပါးဆိုတာ စာမေးပွဲအောင်ဖို့အတွက်ပဲ ကျက်မှတ်ရ သည့်အရာဖြစ်သတဲ့လားဟု ကျွန်တော်ဝမ်းပန်းတနည်းရေရွတ်မိပါတော့၏။ အဆိုပါစာမေးပွဲဖြေဆိုကြမည့် လူငယ်များသည် အနည်းဆုံး ဘွဲ့ရပြီးသူ များဖြစ်ကြ၏။ စာမေးပွဲအောင်လျှင် ဒို့တာဝန်အရေးသုံးပါးသည် ဦးနှောက်ထဲ မှ အလိုလို ပျောက်ကွယ်သွားမှာသေချာပါသည်။ သူတို့လေးတွေ တဖြည်းဖြည်းကြီးလာလျှင် မည်သို့လုပ်ကြချေမည်နည်း။ အခုတော့ ကျွန်တော်စိတ်ချမ်းသာရပါပြီ။ ကျေနပ်ပီတိဖြစ်ရပါသည်။ မိမိတစ်ဦး တည်းသာမက အငြိမ်းစား တပ်မတော်သားကြီးများရော တိုင်းပြည် ကာကွယ်ရေးတာဝန်ကို လေးလေးနက်နက်သဘောထားကြသည့် ပြည်သူများ ကပါ ဖြစ်စေချင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား နိုင်ငံတော်က ပြဋ္ဌာန်းလိုက်ပေပြီ။

တပ်မတော်သားတို့၏ ဘဝများအား အထက်တွင်တင်ပြခဲ့သည့် အဆိုတော်မင်းသားကဲ့သို့ ခဏတာ ခိုဝင်ကြည့်ဖူးသူများသာ သိကြပါ လိမ့်မည်။ ကိုယ်ချင်းစာစိတ်ဟုဆိုလျှင်လည်းမမှား။ နှုတ်ဖြင့်ရှင်းပြရခြင်း ထက် လက်တွေ့ခံစားတွေ့ကြုံရသည်က ပိုမိုလေးနက်၏။ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေသော ကွက်လပ်တစ်ခုဟု ကျွန်တော်တစ်ဦးတည်း အမြင်ဖြင့် ခံစားမိသည်။ သတင်းထုတ်ပြန်ပြီးနောက် လူမှုကွန်ရက်တွင် အငြိမ်းစားတပ်မတော်သားကြီးများသာမက အရပ်သားပြည်သူများဆီမှ အားရဝမ်းသာသည့် အသိအမှတ်ပြုမှုများကို တွေ့မြင်ခဲ့ရသည်။ ကမ္ဘာတွင် စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းထားသည့် နိုင်ငံ ၁၈ နိုင်ငံရှိကြောင်း မှတ်သားခဲ့ရပါသည်။ ဩစတြေးလျ၊ ဂျာမနီ၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူကီယဲ အစရှိသည့် နိုင်ငံကြီးများပါဝင်သည်ကို တွေ့ရပေသည်။ စင်ကာပူနှင့် မလေးရှားတို့အပြင် ဒေသတွင်းမှ လာအိုနိုင်ငံသည်လည်း ပါဝင်လျက်ရှိ၏။ စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းထားသည့် အထက်ပါနိုင်ငံများကို လေ့လာကြည့်လျှင် လာအိုနှင့် အနည်းစုသော နိုင်ငံများမှအပ စက်မှုထိပ်သီး နိုင်ငံများဖြစ်ကြသည်ကို သတိပြုမိကြပေမည်။ ကမ္ဘာ့အဆင့်စစ်ရေး အင်အား တောင့်တင်းမှုရှိ သည်ကိုလည်း ထူးခြားစွာ မြင်တွေ့ကြရမည်ဖြစ်သည်။ မြန်မာစကားပုံတွင် “အူမတောင့်မှ သီလစောင့်သည်”ဟု ဆို၏။ မှန်ပါသည်။ နိုင်ငံတစ်ခုတွင်လည်း ကာကွယ်ရေး အင်အားတောင့်တင်းမှသာ ကျန်သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို စိတ်ဖြောင့်ဖြောင့် ဆောင်ရွက်နိုင်မည်ဖြစ်၏။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဟူသော တေးသီချင်း စာသားသည် လွန်စွာလေးနက်ကျယ်ပြန့်၏။ ပြည်သူအားလုံးပါဝင်သော ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ကျွန်တော်တို့နိုင်ငံတော်အတွက် ဖြစ်ကိုဖြစ်သင့်ဖြစ်ထိုက်သောအရာပင်ဖြစ်၏။ အဘယ်ကြောင့် ဖြစ်သင့်ဖြစ် ထိုက်သော ဥပဒေဟုဆိုရပါက တပ်မတော်မုန်းတီးရေး ရိုက်သွင်းပေး ခဲ့ကြသည့် ပြည်တွင်း သစ္စာဖောက်များ၊ ပြည်ပမီဒီယာများ၏ မဟုတ်မမှန်ဝါဒဖြန့်မှုများအောက်တွင် အမှားကြာ အမှန်ဖြစ်ဆိုသကဲ့သို့ မျိုးဆက်သစ်လူငယ်လူရွယ်များ ရေလိုက်လွဲခဲ့ကြသည်။ လွဲနေကြဆဲဖြစ် သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ပေါ်ထွက် လာခဲ့ပြီဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ပေါက်ခဲ့ခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိမည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်။ မိမိတို့နိုင်ငံ၏ ကာကွယ်ရေး အင်အားနှင့် ပြည်သူလူထုကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အသိစွမ်းရည်များ တိုးပွားလာခြင်း၊ ထိုကဲ့သို့ တိုးပွားခြင်းဖြင့် ပြိုင်ဘက် ရန်သူများ၏ ရန်ပြုလိုစိတ်၊ စစ်မက်ဖြစ်ပွားလိုစိတ်များ ပျောက်ကွယ်သွား ခြင်းတို့ကို ဖြစ်ပေါ်စေမည်ဖြစ်၏။ စစ်ပွဲမဖြစ်ဘဲ ဟန့်တားနိုင်ခြင်းသည် မဟာဗျူဟာတစ်ရပ်ပင်ဖြစ် ပေသည်။ နိုင်ငံတော်လုံခြုံရေးအတွက် ကြိုတင်စီမံမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ပြည်သူများ အနေဖြင့် လည်း စစ်မှုထမ်းစနစ်နှင့်အကျုံးဝင်လာသည့်အတွက် အပြန်အလှန် နားလည်မှုများရရှိကာ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကောင်းများကိုပါ တိုးပွားစေမည်ဖြစ်ပါသည်။ ယခုထက်မက နယ်ပယ်စုံမှ တိုင်းရင်းသား ပြည်သူများ ဝင်ရောက်တာဝန်ထမ်းဆောင်ကြမည်ဖြစ်သောကြောင့် စစ်သိပ္ပံနှင့်နည်းပညာများလည်း ပိုမိုဖွံ့ဖြိုးလာမည်မှာ မလွဲဧကန်ပင် ဖြစ်ချေသည်။ အနည်းဆုံးအနေဖြင့် တပ်မတော်တွင်ကာလတစ်ခု တာဝန်ထမ်းဆောင်ရမည်ဖြစ်သောကြောင့် တစ်ချိန်က လွဲမှားစွာယုံကြည် လက်ခံထားကြသော ဒို့တာဝန် အရေးသုံးပါးသည် တပ်မတော်သားတို့နှင့်သာ သက်ဆိုင်သည်ဟူသော အမြင်ကိုချေဖျက်နိုင်လိမ့်မည်ဟု ယူဆမိပါသည်။ ဒို့တာဝန်အရေးသုံးပါး၏ ကျယ်ပြန့်လေးနက် အနှစ်သာရရှိမှုကို လေးလေးနက်နက်ဆင်ခြင် သုံးသပ်နိုင်ခြင်းအားဖြင့် နိုင်ငံတော်ကိုစစ်မှန်သော အသိတရား ခံယူချက်များဖြင့် ကာကွယ်လာနိုင်ကြမည်ဖြစ်သောကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ခြင်းအပေါ် ကြုံတွေ့ကြားသိခဲ့ရသော ဖြစ်စဉ်များအား ဆင့်ပွားအတွေးခံစားလျက် လှိုက်လှဲစွာဝမ်းသာ ဂုဏ်ယူမိပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ တစ်ဆက်တည်းအနေဖြင့် ပြည်တွင်းမှာသာရှိသော ပြည့်အင်အားတို့ကို ထိရောက်စွာအသုံးချကာ ဘက်စုံ စွမ်းရည်ပြည့်ဝသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ပါစေကြောင်းလည်း နှလုံးသားထဲကဆန္ဒမွန်ဖြင့် ဆုတောင်းလိုက်ရပါသည်။ ။

နွေကံ့ကော်(မြို့လှ)